‘ဒေါင်းတို့မျိုးဆက်’

May 17, 2019

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၂ဦးကို ထပ်မံတရားစွဲပြီး အင်းစိန်ထောင် ပို့ဆောင်

တပ်မတော်က ထပ်မံတရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် မစုရတနာမြင့်နဲ့ ကိုချစ်ယုံ(ခေါ်) ကိုငြိမ်းချမ်းစိုးတို့ နှစ်ဦးကို ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ဒီမနက် ရုံးထုတ်စစ်ဆေးပြီး  အာမခံမပေးဘဲ အင်းစိန်အကျဉ်းထောင်ကို ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ ဒီမနက်ရုံးချိန်းမှာတော့ မူလက မရမ်းကုန်းမြို့နယ်မှာ တရားစွဲဆိုခံထားရပြီး အင်းစိန်ထောင်ထဲ ကနေ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားလူငယ် ၅ ဦး ရောက်မလာဘဲ  ထပ်မံ တရားစွဲဆိုခဲ့တဲ့ ၂ ဦးကိုတော့ အင်းစိန်ထောင်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။ ရုံးထုတ်စစ်ဆေးရာမှာ အင်းစိတ်ထောင်မှာ ဖမ်းဆီးတရားစွဲခံနေရတဲ့ ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင် ၇ ဦးကတော့ စုံလင်ခြင်းမရှိတာကြောင့် ဆက်လက်မစစ်ဆေးတော့ဘဲ လာမယ့်ရုံးချိန်းကို မေ ၂၀ ရက်ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုဇော်လင်းထွဋ် (ခေါ်) ဖိုးသား၊ ကိုပိုင်ဖြိုးမင်း၊ မကေခိုင်ထွန်းတို့ ၅ ဦးကို အင်းစိန်ထောင်မှာ ဖမ်းဆီးထားရာက မစုရတနာမြင့်နဲ့ ကိုချစ်ယုံတို့ကိုလည်း ထပ်မံဖမ်းဆီးလိုက်ပြီး ကျောင်းသားလူငယ် စုစုပေါင်း ၇ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)အပြင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ပါ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက တရားစွဲဆိုထားတာပါ။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအတွင်း လှည့်လည်ဖျော်ဖြေရာမှာ တပ်မတော်ကို အကြည်ညိုပျက်စေတဲ့ စာသားတွေပါဝင်တယ်ဆိုပြီး  တပ်မတော်က တရားစွဲဆိုလိုက်တာပါ။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုတွေ အပေါ်တပ်မတော်က တရားစွဲဆိုနေတာကို ကန့်ကွက်ဆန့်ကျင်တဲ့ အပြာရောင်ရှပ် အင်္ကျီဝတ်ဆင်လှုပ်ရှားမှုကို ဗိုလ်တထောင်တရားရုံးရှေ့မှာ အရပ်ဘက်အဖွဲ့ အစည်းတွေက ဒီကနေ့ စတင်လိုက် ပါတယ်။ ဓာတ်ပုံ-Peacock Generation
2 years Ago

April 19, 2019

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များ မအူပင်တွင် ထပ်မံအမှုဖွင့်ခံရဟုဆို

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေ လတ်တလော တိမ်းရှောင်နေရပြီး မအူပင်မှာပါ ထပ်မံ အမှုဖွင့်ခံရတဲ့ သတင်းထွက်နေတယ်လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေက ပြောပါတယ်။ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ခေါင်းဆောင်တွေကို သင်္ကြန်ကာလမှာ ဖျော်ဖြေခဲ့တဲ့ သံချပ်စာသားတွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်က ၆၆ (ဃ)၊ ၅၀၅ (က) တို့နဲ့ အမှုဖွင့်ထားတာပါ။ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ က “ရန်ကုန်တိုင်းစစ်ဌာနချုပ်က ၅၀၅ (က) နဲ့ စွဲထားတယ်လို့တော့ ကြားထားတယ်။ ကျနော်တို့ဆီကို ခုထိတရားဝင် အကြောင်းကြားတာတော့ မရှိသေးဘူး။ ဒါပေမယ့် ၅၀၅ ရဲ့ သဘောအရတော့ တရားရုံးကို ဦးတိုက်လျှောက်ပြီးပြီ။ ဖမ်းခွင့်ဝရမ်း ချပေးပြီဆိုတာနဲ့ ကြိုက်တဲ့နေရာ ဖမ်းလို့ရပြီခင်ဗျ။ ဖမ်းပြီးတော့မှ အမှုတည်ဆောက်၊ ရုံးတင်၊ အင်းစိန်ပို့ပြီး ရုံးထုတ်ရမှာ ခင်ဗျ။ တရားစွဲထားလား မဆွဲထားလားက ဖမ်းမှ ကျနော်တို့က သိရတော့မှာ။ လောလောဆယ်တော့ ကျနော်တို့ အဖွဲ့ဝင်တွေကို မနေ့ကထိ SB၊ စအဖ က တောက်လျှောက် အလိုက်ခံနေရတဲ့ သဘောရှိနေတော့ ခဏတော့ တိမ်းရှောင်နေရတဲ့ သဘောပါ။ လောလောဆယ် ဘယ်သူမှတော့ အဖမ်းမခံရသေးပါဘူး” လို့ ပြောပါတယ်။ ဒါ့အပြင် ဒေါင်းတို့မျိုးဆက် သံချပ်ခေါင်းဆောင်တွေကို မအူပင်မှာလည်း အမှုဖွင့်ခံထားရကြောင်းကြားရတယ်လို့ ကိုပိုင်ဖြိုးမင်း(ခ)ဒီရေ က ပြောပါတယ်။ “ကျနော်မိတ်ဆွေတွေက သတင်းပေးတာပါ။ ကျနော်တို့ ဧရာဝတီဘက်ကိုလည်း သွားခဲ့တော့ မအူပင်မှာလည်း အမှုဖွင့်ခံတယ်လို့ ကြားတယ်။ ဘာနဲ့ဆွဲထားမှန်း မသိသေးဘူး။ သေချာတာတော့ တရားလိုက စစ်တပ်ကပဲ ဖြစ်မှာပါ” လို့  ဆိုပါတယ်။ နိုင်​ငံ​တော်​အကြည်​ညိုပျ​က်​​စေမှုနဲ့ ဖမ်းဝရမ်းထုတ်​ခံထားရ​တဲ့ ​ဒေါင်းတို့မျိုးဆက်​ သံချပ်​အဖွဲ့မှ မ​ကေခိုင်​ထွန်း​ဟာ​ ဒီနေ့​မွန်းတည့်​ ၁၂ နာရီလောက်က ဟယ်လ်ပင်လမ်းရှိ ကလေး​ဆေးရုံမှာ ​ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
2 years Ago
More News
Up