ဒေါက်တာဖေမြင့်

May 22, 2019

တပ်မတော်သတင်းမှန်ကန်ပြီး ပြန်ကြားရေးသတင်း မမှန်ဟု ဝန်ကြီး ဒေါက်တာဖေမြင့် ဝန်ခံ

ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ဆွေးနွေးနေစဉ် ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှု ပြတ်တောက်သွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက် မှန်ကန်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ မေလ ၂၁ ရက်က နေပြည်တော်မှာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ နိုင်ငံတော်အစိုးရရဲ့ တတိယ တနှစ်တာကာလ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးရဲ့ မေးမြန်းချက်အပေါ် ဖြေကြားခဲ့တာပါ။ ဝန်ကြီး ဒေါက်တာဖေမြင့်က “အဲ့နေ့က ဖိုင်ဘာဆက်ကြောင်း ပြတ်တောက်တယ်ဆိုပြီး ပြောဆိုခဲ့တယ်ပေါ့နော်။ အဲ့တော့ တပ်မတော်ဘက်ကနေလည်း သတင်းပြန်ပြီး ထုတ်ပြန်တယ်။ အဲ့တော့ သူတို့ထုတ်ပြန်တာ မှန်ပါတယ်။ ကျနော်တို့ဘက်ကနေ စောစောကထွက်တဲ့သတင်း မမှန်ပါဘူး။ မမှန်ကန်တဲ့ အချက်အလက်ပေါ် အခြေခံပြီးတော့ မမှန်မကန် သတင်းဖြစ်ရတာလဲ ဆိုပြီးတော့ သက်ဆိုင်တဲ့သူတွေကို အရေးယူတာဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဇန်နဝါရီ ၂၉ ရက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ အရေးကြီးအဆိုကို တပ်မတော်သားဘက်က ဆွေးနွေးနေစဉ်မှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားလိုင်း ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြတ်တောက်ခဲ့တဲ့အပေါ် လွှတ်တော်ရဲ့ ဖိုက်ဘာလိုင်း ကျတဲ့ခဲ့တဲ့အတွက် ဂြိုဟ်တုကနေ ပြောင်းလဲထုတ်လွှင့်ခဲ့ရတယ်ဆိုပြီး ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ တပ်မတော်ဘက်ကတော့ အဲဒီနေ့မှာ ဖိုက်ဘာလိုင်း အသုံးပြုမှု လုံးဝမရှိခဲ့တာကြောင့် ဖိုက်ဘာလိုင်းနဲ့ မသက်ဆိုင်ဘူးလို့ သတင်းထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကို အရေးယူထားတယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောဆိုပြီး ဘယ်သူတွေကို အရေးယူထားတယ် ဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။ “အရေးယူမှုတွေလုပ်နေတာ တစိတ်တပိုင်း ပြီးနေပါပြီ။ နောက်ဆက်တွဲကိစ္စတွေ အတွက်ကြောင့် ဆက်လက်ပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။ အဲဒါလေးတွေ ဒီနေရာမှာ ပြောလို့ရတာက သက်ဆိုင်တဲ့ တာဝန်ရှိတဲ့နေရာက အရာရှိတချို့လည်း ပါဝင်တာ ဖြစ်တဲ့အတွက်ကြောင့် ဒီလိုပုဂ္ဂိုလ်တွေကို အရေးယူ ဆောင်ရွက်ရလို့ရှိရင် ဖုံးထားလို့မရပါဘူး။ အသိပေးရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ရှိရင် ကျနော် ပွင့်လင်းမြင်သာ ထုတ်ဖော်ပြောဆိုသွားမှာပါ” လို့ ပြောပါတယ်။ တပ်မတော်သား ကိုယ်စားလှယ် လွှတ်တော်မှာ ဆွေးနွေးနေချိန် တိုက်ရိုက်ထုတ်လွှင့်မှုဟာ ၅ မိနစ်ခန့် ပြတ်တောက်ခဲ့ပြီး ပြတ်တောက်ချိန်အတွင်းမှာပဲ ရုပ်သံလိုင်းမှာ တေးသီချင်းတွေကို ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
3 years Ago

September 6, 2018

ကြော်ငြာဝင်ငွေ လျော့နည်းသဖြင့် အစိုးရသတင်းစာများ ကျပ် ၁၁၅၇ သန်းကျော် အရှုံးပေါ်

အစိုးရသတင်းစာတွေမှာ ကြော်ငြာရတာနည်းလာတာ စက္ကူဈေးတွေ တက်လာတာတွေ ကြောင့် သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းမှာ ငွေကျပ်သန်း ၁၁၅၇ သန်းကျော် အရှုံးပေါ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးဒေါက်တာဖေမြင့် က ပြောပါတယ်။ စက်တင်ဘာ ၆ ရက်မနက်က ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၀န်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။ “၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ခန့်မှန်းတွက်ချက် တင်ပြရာမှာတော့ စာရင်းအရ ၀င်ငွေထက်ပိုတဲ့ အသုံးစရိတ်ဖြစ်ပေါ်တာ တွေ့ရှိရပါတယ်။ ဒီလိုဖြစ်ပေါ်ရခြင်း အကြောင်းရင်း တွေကတော့ ကုန်ကြမ်းပစ္စည်းများဝယ်ယူရာမှာ သုံးစွဲရတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း မြင့်တက် လာခြင်း၊ သတင်းစာရိုက်နှိပ်တဲ့ စက္ကူအပါအ၀င် ကုန်ကြမ်းဈေးနှုန်းများ တိုးမြင့်လာခြင်း ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာအရ အွန်လိုင်းမီဒီယာ အသုံးပြုမှုများလာပြီး ပုံနှိပ်မီဒီယာမှာ ကြော်ငြာထဲ့သွင်းမှု လျော့နည်းလာတဲ့အတွက် ယခင်နှစ်များကထက် ကြော်ငြာ ၀င်ငွေ လျော့နည်းလာခြင်းတို့ကြောင့် ဖြစ်ပါတယ်။” အရှုံးပေါ်နေတာ ကာမိအောင် သတင်းစာဈေးနှုန်းတိုးမြှင့်ရောင်းချမှာမဟုတ်ဘဲ   သတင်းစာတွေ ကျေးလက်ဒေသအထိ ရောက်ရှိအောင် စောင်ရေတိုးထုတ်မယ်၊ အသုံးစရိတ်တွေ စိစစ်မယ်၊ ကြော်ငြာဝင်ငွေတိုးအောင် လုပ်ဆောင်သွားမယ်လို့လည်း ၀န်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။ ကြော်ငြာဝင်ငွေတိုးအောင် လုပ်တဲ့နေရာမှာလည်း ပုဂ္ဂလိကသတင်းစာတွေရဲ့ ကြော်ငြာဈေးကွက်ကို ထည့်သွင်းစဉ်းစားရတယ်။ ၂၀၁၆ ခုနှစ်ကစပြီး အစိုးရသတင်းစာတွေက ၈ မျက်နှာ အချပ်ပို ကြော်ငြာတွေကို ဖြုတ်ချခဲ့တယ်လို့လည်း ၀န်ကြီးက လွှတ်တော်ထဲ ပြောသွားပါတယ်။ ၂၀၁၈-၂၀၁၉ ခုနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စား လှယ်တွေက ၀ိုင်းဝန်းဆွေးနွေးကြရာမှာ ကျောက်တန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက နိုင်ငံပိုင်သတင်းစာတွေ အရှုံးပေါ်နေရတဲ့အပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။ ပြန်ကြားရေးပြည်ထောင်စုဝန်ကြီးကတော့ အစိုးရပိုင်သတင်းစာတစောင်ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က တစောင်ကို ၁၁၅ ကျပ်လောက် ရှိပေမယ့် ရောင်းတော့ တစောင်ကို ၅၀ ကျပ်နဲ့ အရှုံးခံရောင်းနေတယ်လို့ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။ ပုဂ္ဂလိကသတင်းစာဂျာနယ်တွေ ကြော်ငြာမရလို့ အရှုံးပေါ်ပြီး တစောင်ပြီးတစောင် ရပ်နားနေရချိန်မှာ အစိုးရသတင်းစာလည်း ကြော်ငြာကရတဲ့ဝင်ငွေ လျော့နည်းလာလို့ အရှုံးပေါ်တယ်လို့ ထုတ်ပြောလာတာ ဖြစ်ပါတယ်။
3 years Ago
Up