ဒေါက်တာဖေမြင့်

A d v e r t i s e m e n t With Us

May 4, 2016

အများပြည်သူကိုမျက်နှာမူတဲ့ မီဒီယာဖြစ်အောင် ကြိုးစားနေပါတယ် - ဒေါက်တာဖေမြင့်

ပြန်ကြားရေးဝန်ကြီးဌာနမှာရှိတဲ့ မီဒီယာတွေဟာ အများပြည်သူကို မျက်နှာမူတဲ့ မီဒီယာတွေဖြစ်အောင် ကြိုးစားပြီး ဆောင်ရွက်နေသလို အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ ပြောဆိုထားတာနဲ့ မညီညွတ်သေးဘူးဆိုရင် အများပြည်သူက ဝေဖန်ထောက်ပြကြပါလို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောဆိုလိုက်ပါတယ်။ လက်ရှိ အစိုးရမီဒီယာကိစ္စ၊ ရုပ်သံလွှင့်မီဒီရာကိစ္စ၊ နိုင်ငံပိုင်သတင်းစာ၊ ပုဂ္ဂလိက သတင်းစာကဏ္ဍ၊ စတာတွေနဲ့ပတ်သက်ပြီး ဒေါက်တာဖေမြင့်ကို  ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ ကျနော်တို့ ဗမာပြည်မှာပေါ့နော် နှစ်ပေါင်းများစွာအတွင်း ပြန်ကြားရေးဝန်ကြီးဌာနက ဆရာဦးဆောင်တဲ့၊ အရပ်သားဦးဆောင်တဲ့ ဦးဆောင်မှု ကဏ္ဍအသစ်တခု ရောက်လာပြီပေါ့နော်။ အဲဒီလိုပဲ ဆရာကလည်း အရင်တုန်းက ပြောထားတယ်။ အရင် အစိုးရမီဒီယာတွေက အစိုးရဘက်ကပဲ လိုက်နေရာကနေ ပြည်သူဘက်ကိုလိုက်မယ်၊ ပြည်သူဘက်မျက်နှာမူမယ်လို့ ဆရာပြောထားတယ်။ အဲဒါ ဆရာ အဓိက ဘယ်လိုဆိုလိုတာလဲ၊ ဘာတွေလုပ်ဖို့ စီစဉ်ထားပြီး ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ ဆရာ လုပ်နေပါလဲ။ အဲဒါလေး ပြောပြပေးပါဦး။ “အရင်အစိုးရလုပ်တာတော့ တပိုင်းပေါ့နော်။ သူ့အကြောင်းတော့ ကျနော်မပြောတော့ပါဘူး။ ကျနော်တို့ အခုအစိုးရသစ်ရဲ့ မူဝါဒကိုက ပြည်သူကို မျက်နှာမူမယ့် မူဝါဒ သဘောထားပေါ့ဗျာ။ အဲတော့ အစိုးရ လုပ်တဲ့ကိုင်တဲ့ အရာအားလုံးဟာ ပြည်သူကို အာရုံပြုပြီး ပြည်သူရဲ့ လိုအင်ဆန္ဒ ဘယ်လိုရှိတယ်၊ ပြည်သူ့သဘောထား ဘယ်လိုဆိုတဲ့အပေါ် မူတည်ပြီး အလုပ်လုပ်ကြမှာဆိုတော့ ကျနော်တို့ ပြန်ကြားရေးအနေနဲ့လည်း အလုပ်လုပ်တဲ့အခါ ပြည်သူကို မျက်နှာမူတဲ့ အနေအထားနဲ့ အလုပ်လုပ်ဖို့ ရှိပါတယ်။ အဲဒါ ဘယ်လိုလဲဆိုတော့ ကျနော်တို့ သတင်းအချက်အလက်ပေးတယ်။ ပြန်ကြားရေးအလုပ်သည် အစဉ်အဆက်လုပ်ခဲ့တဲ့ အလုပ်က အများပြည်သူကို သတင်းအချက်အလက်တွေ ပေးတယ်။ အသိပညာပေးတယ်။ ဖျော်ဖြေမှုပေးတယ်။ ဒါတွေဟာ ပြန်ကြားရေးဌာနရဲ့ လုပ်ရိုးလုပ်စဉ် အလုပ်တွေပေါ့။ ကျနော်တို့လည်း ဒီအလုပ်မျိုးတွေကို လုပ်မှာပါပဲ။ လုပ်တဲ့အခါ ဘာရှိလဲဆိုတော့ သတင်းအချက်အလက်ပေးတယ် ဆိုတဲ့အခါမှာ အများပြည်သူကို အစိုးရဘက်ကနေ ပေးချင်တဲ့ အကြောင်းအရာတွေချည်းပဲ တဘက်သတ်ပေးတာမျိုး မဟုတ်ဘဲနဲ့ အများပြည်သူဘက်က အစိုးရကို ပြန်ပြောချင်တဲ့ သတင်းအချက်အလက်တွေ၊ အကြောင်းအရာတွေ ဒါလည်းပဲ ကျနော်တို့ ပြန်ပေးမယ်ဆိုတဲ့ သဘောပါတယ်။ ပြည်သူဘက်က ပြောဆိုချင်တဲ့ ဟာတွေကိုလည်း ကျနော်တို့ ဖော်ပြပေးမယ်။ "အဲဒီအခါ ပြည်သူဆိုတာမှာ အရပ်ရပ် ပြည်သူတွေရဲ့ သူ့အရပ်ဒေသအလျောက် ဖြစ်ပေါ်နေတဲ့ အကြောင်းကိစ္စတွေနဲ့ ပတ်သက်ပြီး လိုလားတာတွေ၊ လုပ်ကိုင်တာတွေနဲ့ ပတ်သက်ပြီး မကျေနပ်တာတွေ စသဖြင့်ပေါ့ ဒီလိုဟာမျိုးတွေ ပြောတာဆိုတာတွေလည်း ပါပါလိမ့်မယ်။ တချိန်တည်းမှာ တခြား ဘာပါမလဲဆိုရင် အစိုးရကဲ့သို့၊ ပါတီအဖွဲ့အစည်းများကဲ့သို့ မူဝါဒတွေ၊ သဘောထားတွေ၊ အတွေးအမြင်တွေ ရှိတယ်။ အများပြည်သူကြားထဲက အတွေးအမြင်ရှိတဲ့ ပုဂ္ဂိုလ်တွေပေါ့။ ဒီလိုပုဂ္ဂိုလ်တွေကနေပြီး တချို့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ အယူအဆနဲ့ သဘောထားအမြင်တွေ ပြောတယ်။ ဒါပေမယ့် အစိုးရနဲ့ တူချင်မှတူမယ်။ လုံးဝ ကွဲလွဲတာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ သို့သော် အဲဒါမျိုးကိုလည်း ကျနော်တို့ ဖော်ပြပေးမယ်။ ဒီလိုဖော်ပြပေးခြင်းအားဖြင့် အများပြည်သူသည် ဒီလို အယူအဆ အမျိုးမျိုးရှိတယ်။ တိုင်းပြည်နဲ့ပတ်သက်လို့ ဒီလိုလုပ်ကိုင်ဆောင်ရွက်ရမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီလိုလုပ်လို့လည်းရတယ်၊ ဟိုလိုလုပ်လို့လည်းရတယ်၊ ဒီလိုလုပ်နေတာတွေကတော့ ဘယ်လို အကျိုးအပြစ်ရှိတယ်၊ ဒီလိုလုပ်ရင်တော့ ဘယ်လိုအကျိုးအပြစ်ရှိတယ် ဆိုတာတွေ ပြောတာတွေကို အများပြည်သူက ပြည့်ပြည့်စုံစုံ နားထောင်ခွင့်ရမယ်လို့ မြင်တယ်။ ဒါ အများပြည်သူကို မျက်နှာမူတဲ့ အလုပ်သဘောပေါ့နော်။”
လောလောဆယ် နိုင်ငံပိုင်သတင်းစာတွေပေါ့။ မြန်မာ့အလင်းတို့၊ ကြေးမုံတို့ ပြောင်းလိုက်ကြတယ်။ တော်တော်လေးလည်း ပြောင်းလဲသွားသလို အရင်တုန်းက ပုဂ္ဂလိက သတင်းစာတွေက ရပ်တည်ရေးအတွက်က တမျိုး။ အခုကျတော့ တော်တော် ပေါ်ပြူလာ ဖြစ်လာတယ်။ လူကြိုက်လည်း တော်တော်များလာတယ်။ အဲဒီအပေါ်မှာ ပုဂ္ဂလိက သတင်းစာလေးတွေပေါ့၊ အထူးသဖြင့် ကော်မာရှယ်ရပ်တည်နိုင်ဖို့ လူအများကလည်း တော်တော်လေး ပြောဆိုလာကြတယ်။ နိုင်ငံပိုင်ကျတော့ အစောင်ရေလည်းများတယ်။ ရောက်တာလည်း များတယ်။ အဲဒီအပေါ်မှာ ပုဂ္ဂလိက သတင်းစာတွေအတွက် ရှင်သန်ခွင့်ပေါ့။ ကော်မာရှယ်နဲ့ ပတ်သက်တာကို ဘယ်လိုလုပ်ကိုင်ပေးဖို့ ဆရာ့အနေနဲ့ စီစဉ်ထားပါသလဲ။ ဘာတွေလုပ်ဆောင်ပေးမှာလဲ။ တချက်လောက် ရှင်းပြပေးပါဦးဆရာ။ “အဲဒါတွေနဲ့ပတ်သက်လို့ ကျနော်လုပ်တာကတော့ ပုဂ္ဂလိက မီဒီယာတွေနဲ့ စီးပွားရေးအရ သွားယှဉ်ပြိုင်တဲ့သဘောမျိုးတော့ မဟုတ်ဘူး။ အဲလိုရည်ရွယ်ချက် ကျနော့်မှာမရှိဘူး။ ကျနော်တို့လုပ်တာသည် ကျနော်တို့အလုပ် ကောင်းအောင်ကြိုးစားပြီး လုပ်ထားတာ။ ကျနော့်အလုပ်ဆိုတာ စောစောကပြောတဲ့ ပြည်သူကိုမျက်နှာမူတဲ့ သတင်းဖြန့်ချိရေး ဖြစ်ဖို့ပေါ့နော်။ ပြန်ကြားရေးဖြစ်ဖို့။ အစိုးရပိုင်းက လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဟာတွေကိုလည်း အများပြည်သူကို အစီရင်ခံဖို့ လိုတာပေါ့နော်။ အများပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရပေါ့ဗျာ။ အများပြည်သူ ရွေးကောက်တယ်။ ပြည်သူ့ကိုယ်စားလှယ်တွေကမှ ခန့်အပ်တဲ့ အစိုးရဆိုတော့ကာ သူ အများပြည်သူအတွက် ဆောင်ရွက်ပါတယ်ဆိုတာ အသိပေးဖို့ကလည်း တာဝန်တရပ်ဖြစ်တယ်။ တချိန်တည်းမှာ စောစောကပြောတဲ့ အများပြည်သူရဲ့ အသံတွေ၊ သူတို့ရဲ့အထင်အမြင်တွေ၊ သဘောထားတွေ၊ လိုလားချက်တွေ ဖော်ပြပေးဖို့ကလည်း ကျနော်တို့တာဝန်ဖြစ်တယ်။ ဒီတာဝန်နှစ်ခုကို ကျေပြွန်ဆောင်ဆိုပြီးတော့ ကျနော်တို့ နဂိုမူလက လုပ်နေတာတွေထက် ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ ပြင်ပက သဘောထား၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ တိုင်းပြည်အရေးကိစ္စတွေနဲ့ ပတ်သက်လို့ အတွေးအမြင်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ရေးသားနေတဲ့ ပုဂ္ဂိုလ်တွေ ကျနော်တို့ တတ်နိုင်သလောက် ဖိတ်ခေါ်တယ်။ ဖိတ်ခေါ်ပြီး ကျနော်တို့ မီဒီယာတွေထဲမှာ ဖော်ပြပေးတာပဲဗျ။ ဖော်ပြတဲ့အခါမှာ အတိုင်းအတာအလျောက် ပိုပြီးတော့ လူတွေစိတ်ဝင်စားမှုရှိလာတယ်။ ရှိလာတာသည် ကျနော်တို့ကတော့ ကိုယ့်တာဝန်ကို ကိုယ် ကျေပြွန်အောင် ဆောင်ရွက်တဲ့သဘောပါပဲ။ ဘာကြောင့်လဲဆိုတော့ အများပြည်သူကို အသိပေးရမယ်။ အသိပေးတဲ့အခါမှာ ပြည့်စုံစွာပေးရမယ်။ ဒါတွေပေးနိုင်ဖို့ ကျနော်တို့ ကြိုးစားတာပေါ့။ ဒီဟာကို မထမ်းဆောင်လို့ရှိရင်လည်း ကျနော်တို့က တာဝန်မကျေဘူးဖြစ်မှာပေါ့။ အစိုးရတရပ်အနေနဲ့ ကိုယ်လုပ်ကိုင်ဆောင်ရွက်တာကို အများပြည်သူကို ပြောဖို့ သေချာပေါက်လိုတယ်။ လိုတဲ့အလုပ်ကို ကျနော်တို့က လုပ်ကိုင်ဆောင်ရွက်ပေးရတယ်။ ဒါသည် တာဝန်ထမ်းဆောင်မှုသာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။” နောက်တခုကလည်း အခုရက်ပိုင်းတွင်းမှာ အရင်အစိုးရနဲ့ပေါင်းပြီး ပုဂ္ဂလိက ရုပ်သံလွှင့်တချို့ပေါ့နော်။ အဲတော့ နိုင်ငံတော်အခွန်အခတွေ နစ်နာတယ်ဆိုပြီး တချို့ရေးတဲ့ဟာတွေ ၀န်ကြီးအသစ်ဖြစ်လာတဲ့ အရပ်သားဝန်ကြီးဖြစ်လာတဲ့ ဆရာဖေမြင့်မှာလည်း တာဝန်ရှိတယ်။ ဆရာ့အနေနဲ့ အဲဒါတွေကို ဘယ်လိုကိုင်တွယ်ဖို့ လုပ်ကိုင်နေပါသလဲ။ ဘာတွေလုပ်ဆောင်နေပါသလဲ၊ အဲဒါလေး ရှင်းပြပေးပါဦး။ “အခွန်အခတို့ဘာတို့ စသဖြင့် အပိုင်းတွေကတော့ အခြားသက်ဆိုင်တဲ့ ဌာနတွေနဲ့ ပိုသက်ဆိုင်မယ်လို့ ထင်ပါတယ်။ အဲတော့ ဘာရှိလဲဆိုတော့ စောစောက ပြောဆိုနေတဲ့ထဲမှာ ရုပ်သံမီဒီယာပေါ့နော်။ ရုပ်သံမီဒီယာမှာ လုပ်ပိုင်ခွင့် တချို့ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ရရှိနေတယ်။ အထူးအခွင့်အရေးသဘောမျိုး ရရှိနေတယ်၊ ရရှိခဲ့ကြတယ် ဆိုတဲ့အကြောင်း ပြောဆိုတာရှိတယ်။ နောက်ထပ် ရုပ်သံလုပ်ငန်းနယ်ကို ၀င်လာချင်တဲ့ တခြားပုဂ္ဂိုလ်တွေ၊ အခြားအဖွဲ့အစည်းတွေ၊ လုပ်ငန်းသမားတွေလည်း အများကြီးရှိနေတယ်လို့လည်း ပြောသံဆိုသံ ကြားရတယ်။ ကြားရတဲ့အခါကျတော့ ဟုတ်ပြီ ဒီမှာ စောစောက မမျှမတဖြစ်နေခဲ့တယ်ဆိုရင် ဘယ်လိုမမျှတမှုရှိနေလဲ၊ အားလုံးလည်း ပါဝင်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်ချင်တယ်ဆိုရင် ဘယ်လိုနည်းလမ်းနဲ့ ပါဝင်ဆောင်ရွက်လို့ရမလဲ။ ဒီဟာကို အဆင်ပြေအောင် ဆိုပြီးတော့ ကျနော် တိုင်ပင်ဆွေးနွေးနေတာ ရှိပါတယ်။ အဲတော့ ဒီအကြောင်းအရာသည် နည်းပညာပိုင်းလည်းပါတယ်။ စီးပွားရေးပိုင်းဆိုင်ရာတွေလည်း ပါတယ်။ ကျနော်တို့ မီဒီယာပိုင်းဆိုင်ရာလည်း ပါတယ်ဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် မီဒီယာနဲ့ ပတ်သက်တဲ့အပိုင်းမှာ ကျနော်တို့ အသင့်အတင့် နားလည်သလို ရှိသော်လည်း စီးပွားရေးပိုင်းတို့၊ နည်းပညာပိုင်းတို့ကျတော့ နည်းနည်းပိုပြီးတော့ ပြည့်ပြည့်စုံစုံသိအောင် လေ့လာဖို့လည်း လိုပါတယ်။ "အဲလိုလေ့လာတဲ့အခါမှာ ကိုယ်တိုင်လည်း လေ့လာမယ်။ တချိန်တည်းမှာ ဒီအလုပ်ထဲကို ၀င်ချင်တဲ့ပုဂ္ဂိုလ်တွေ၊ ရှိနေတဲ့ပုဂ္ဂိုလ်တွေ၊ ပြန်ကြားရေးပိုင်းက ပူးတွဲပြီး ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အားလုံးပါဝင်ပြီးတော့ ဒီအကြောင်းအရာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတဲ့ဝိုင်းမျိုးပေါ့၊ ဒါကလည်းပဲ ဒီဆွေးနွေးပွဲက ပွင့်လင်းစွာ ဆွေးနွေးတယ်ဆိုတဲ့အခါမှာ တချို့ကိစ္စတွေ သိပ်ပြီးတော့ ပြန့်ပွားသွားတော့လည်း မလိုတဲ့ ပြဿနာတွေ ပိုပြီးတော့ ကြီးမားလာရင်လည်း ဒါကလည်းပဲ ပြဿနာ ဖြေရှင်းရာမရောက် ပိုပြီးတော့ ပြဿနာကို ကြီးထွားအောင် လုပ်ရာရောက်မယ်။ ဆိုတော့ ဘယ်လိုပုံသဏ္ဌာန်နဲ့ တွေ့ဆုံဆွေးနွေးတဲ့ဝိုင်းကို လုပ်ရင်ကောင်းမလဲ။ ဒါကိုတော့ တိုင်ပင်နေတာရှိတယ်။ ပထမအဆင့် ဆွေးနွေးဝိုင်းကို မေလထဲလောက်မှာ ဖြစ်အောင်လုပ်မယ်လို့ ကျနော့်ဌာနက ပုဂ္ဂိုလ်များနဲ့ ပြောဆိုထားတာ ရှိပါတယ်။ ပထမအဆင့် တိုက်ရိုက်သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲတခု လုပ်မယ်။ ပြီးရင် နောက်ထပ် ပိုကျယ်ပြန့်ပြီး ပွင့်လင်းတဲ့ အများနားထောင်နိုင် ဆွေးနွေးနိုင်တဲ့ ဆွေးနွေးပွဲမျိုးလည်း တခုလုပ်မယ်လို့ စဉ်းစားထားတယ်။ အဲဒီကနေပြီးတော့မှ ကျနော်တို့ ရုပ်သံမီဒီယာနဲ့ ပတ်သက်လို့ ကျနော်တို့တိုင်းပြည် အနေအထားအရ လုပ်သင့်လုပ်ထိုက်တဲ့ ပြုပြင်ပြောင်းလဲမှုပေါ့ ဒါကိုဆက်ပြီးလုပ်မယ်လို့ စိတ်ကူးထားတယ်။” အဲဒါက ဆရာ ကျနော်တို့ Broadcast Media Law Draft ထွက်တယ်။ ဒါပေမယ့် Broadcast Council မဖွဲ့နိုင်သေးဘူး။ အဲဒီကြားထဲမှာ လက်တွေ့ကျပြီး လုပ်နိုင်မယ့်ဟာကို စလုပ်မယ့် ပထမခြေလှမ်းပေါ့နော်။ ဒီ မေလထဲမှာ။ “ဟုတ်ကဲ့ ဒါကလည်းပဲ ပြောဆိုနေတာက ရုပ်သံဥပဒေရှိတယ်၊ ရုပ်သံဥပဒေကနေ နည်းဥပဒေထွက်မယ်။ ရုပ်သံကောင်စီကိုဖွဲ့မယ်။ ဖွဲ့ပြီးတော့မှ ဒီလိုကြီးကြပ်ဆောင်ရွက်မယ်ဆိုတဲ့ လုပ်ငန်းစဉ်ကလည်း ဒီ ဥပဒေကိစ္စတွေရဲ့ သဘာဝအတိုင်း ဒါက ရှည်ကြာဖို့ရှိတယ်။ ရှည်ကြာဖို့ရှိတော့ ဒါကို လုပ်ကိုင်နေတဲ့ တချိန်တည်းမှာ တပြိုင်နက်တည်းမှာ ဒီကြားထဲက မမျှတမှု ဆိုပါတော့လေ။ လောလောဆယ် လိုလားနေတဲ့ ကိစ္စတွေပေါ့။ အဲဒါတွေကိုလည်း တဘက်တလမ်းကနေပြီးတော့ ဆောင်ရွက်နိုင်အောင်။ ဒါကတော့ ဆွေးနွေးပွဲမှာ ရေရှည်လုပ်ရမယ့် အလုပ်နဲ့ လတ်တလော ဖြေရှင်းရမယ့် ကိစ္စနှစ်ခုလုံးကို ညှိနှိုင်းဆွေးနွေးပြီးတော့ အဖြေရှာရလိမ့်မယ် ထင်ပါတယ်။" မေလ ၃ ရက်နေ့ကလည်း ကမ္ဘာ့နိုင်ငံတွေရဲ့ လွတ်လပ်ခွင့်ကို စောင့်ကြည့်လေ့လာနေတဲ့ Freedom House ကတော့ မြန်မာပြည်နဲ့ ပတ်သက်လို့ နည်းနည်း ပြန်လျော့သွားတယ်။ အထူးသဖြင့်တော့ ၀က်ဆိုက်မှာ ဖမ်းလိုက်စီးလိုက်တဲ့ ကိစ္စတွေပေါ့။ အဲတော့ ဆရာ ၀န်ကြီးအနေနဲ့ဖြစ်လာတော့ ဗမာပြည်ရဲ့ လွတ်လပ်စွာပြောဆိုခွင့် အညွှန်းကိန်းတွေ ပြန်တက်လာအောင် ပြန်ကြားရေးဝန်ကြီးတယောက်အနေနဲ့ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိပါသလဲ။ နောက်ပြီးတော့လည်း ဒီနှစ်အတွက်ကတော့ ‘သတင်းရရှိခွင့်သည် သင့်ရဲ့အခွင့်အရေးဖြစ်တယ်” ဆိုတဲ့ ကြွေးကြော်သံနဲ့ တကမ္ဘာလုံးကလည်း အခမ်းအနားတွေ လုပ်နေပါတယ်။ အဲဒီအပေါ်မှာကော တကယ်တမ်း ဗမာမီဒီယာလောကတခုလုံး ပိုမိုပြီးတော့ ပွင့်လင်းပြီး တိုးတက်တဲ့ဟာ လုပ်ဖို့ ဘယ်လိုအစီအစဉ်တွေ ရှိပါသလဲ။ “ကျနော်တို့ မီဒီယာလွတ်လပ်ခွင့်က ခပ်စောစောနှစ်တွေပေါ့ ပြီးခဲ့တဲ့ ငါးနှစ်ရဲ့ ဟိုဘက်ကဆိုရင် ကျနော်တို့က တော်တော်အခြေအနေဆိုးတယ်ပေါ့ဗျာ။ ကမ္ဘာ့စာရင်းတွေမှာဆို အောက်ဆုံးတန်း ၁၀ နိုင်ငံလောက် စာရင်းထဲမှာ ပါခဲ့တာပေါ့။ အခု ၂၀၁၂ လောက်မှာ ကျနော်တို့ ဆင်ဆာပေါ့၊ စာပေစိစစ်ရေး ရုပ်သိမ်းလိုက်ပြီးတဲ့နောက် စာနယ်ဇင်းထုတ်ဝေခွင့်တွေ အရင်တုန်းကလို သိပ်အကန့်အသတ်မထားတော့ဘဲနဲ့ အများကြီး ထုတ်ဝေခွင့်တွေ ပေးလိုက်တယ်။ သတင်းစာတွေပါ ထုတ်ဝေခွင့်တွေ ပေးပြီးတဲ့နောက် အညွှန်းကိန်းတွေကတော့ တက်လာတာပေါ့နော်။ တက်လာတော့ နယ်စည်းမခြားစာရင်းမှာ ဆိုရင်တော့ ၁၄၀ ကျော်နားလောက် ရောက်လာတာပေါ့။ ရောက်လာတော့ အဲဒီနားမှာတော့ ၁၄၅၊ ၁၄၄၊ ၁၄၃ စသဖြင့်ပေါ့ တက်တယ်လို့ ပြောရင်လည်း ၁ ဆင့်လောက် တက်တာဆိုတော့ အဲဒီနားလောက်မှာ ကျနော်တို့ တန့်နေတယ်လို့ ပြောလို့ရပါတယ်။ ဟိုးအောက်ဆုံးကနေပြီးတော့ ဒီနားလောက်ကို ၁၄၀ လောက်တက်လာပြီး ကျနော်တို့ ဒီနားလေးမှာ တန့်နေတယ်။ ဒါဟာ ဘာကြောင့် တန့်နေသလဲဆိုရင် စောစောကတော့ ကြိုတင်စိစစ်တာမရှိတဲ့ အနေအထားနဲ့ ထုတ်ဝေခွင့်တို့၊ ပုံနှိပ်ခွင့်တို့ကို လွတ်လွတ်လပ်လပ် ချပေးလိုက်တဲ့ အတွက်ကြောင့် အဲလိုတက်သွားတာပေါ့နော်။ ဒီထက် မတိုးတက်တဲ့အကြောင်းက ဘာလဲဆိုတော့ တကယ်လက်တွေ့ ကျင့်သုံးဆောင်ရွက်တဲ့အခါမှာ ရှိနေတဲ့ တည်ဆဲဥပဒေနဲ့ ငြိစွန်းနေတာတွေ ရှိတယ်။ "ကျနော်တို့ အစဉ်အဆက်ပေါ့ ကျနော်မြင်တာကတော့ သတင်းမီဒီယာသမား အပေါ်မှာ ထားရှိတဲ့ သဘောထားတွေပေါ့။ သတင်းမီဒီယာလုပ်ငန်းရဲ့ သဘာဝနဲ့ပတ်သက်ပြီး နားလည်မှု အပိုင်းတွေမှာလည်းပဲ သက်ဆိုင်တဲ့ နေရာအသီးသီးက ပုဂ္ဂိုလ်တွေ အနေနဲ့ အားနည်းနေသေးတယ်လို့ ထင်တယ်။ သတင်းမီဒီယာကို လက်ခံမှုမှာ အားနည်းနေသေးတယ်။ အဲဒီအကြောင်းအရာသည် သတင်းမီဒီယာသမားတွေ သတင်းယူရင်းကနေပြီးတော့ အရေးယူခံရတဲ့ကိစ္စတွေ၊ အခုလိုဖြစ်ရတယ်လို့ ကျနော်မြင်တယ်။ နောက်တခုကလည်း ကျနော်တို့ သတင်းမီဒီယာအပိုင်းမှာလည်းပဲ သတင်းမီဒီယာလုပ်ငန်းတွေသည် အခုအခါမှာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ စတင်ပြီး ဆောင်ရွက်လာရတာ ဖြစ်တယ်။ သတင်းမီဒီယာ အဖွဲ့အစည်းတွေကလည်း ပြီးခဲ့တဲ့နှစ်ပိုင်းတွေ ဖွဲ့လာတော့ သိပ်ပြီးတော့လည်း အသစ်တွေလို့တော့ ပြောလို့မရဘူး။ အတော်အတန်တော့ အတွေ့အကြုံတော့ ရှိလာပြီ။ သတင်းမီဒီယာကောင်စီဆိုရင်လည်း စောစောက စာနယ်ဇင်းကောင်စီ ယာယီ ၃ နှစ်လောက်ရှိသွားပြီဆိုတော့ အဖွဲ့အစည်းတွေလည်း အတွေ့အကြုံ အသင့်တင့်တော့ ရှိလာပြီ။ သို့သော် ဒီအဖွဲ့အစည်းတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှု နည်းနည်း ပိုအားကောင်းဖို့ လိုသေးတယ်လို့ ထင်တယ်။ ဒီအဖွဲ့အစည်းတွေသည် ကျနော်တို့ မီဒီယာတွေရဲ့ Professionalism ပေါ့၊ ဒါကို ပြည့်ပြည့်၀၀ ကိုယ့်မီဒီယာသမားတွေ ကျင့်သုံးနိုင်ဖို့၊ အရည်အသွေးပြည့်ဝပြီး Professional Conduct, Journalistic Ethic ကို သိနားလည်ပြီးတော့ အဲဒီအတိုင်း စနစ်တကျကျင့်သုံးတဲ့ အနေအထားမျိုးရှိဖို့ တချက်ရယ်၊ နောက်တခုက ကျနော်တို့ သတင်းမီဒီယာသမားတွေအတွက် ကြိုတင်ပြီးတော့ ပြဿနာတွေ ဖြစ်မယ်ဆိုရင် မဖြစ်အောင် တားဆီးကာကွယ်ပေးဖို့ ညှိနှိုင်းဆောင်ရွက်ဖို့၊ ဖြစ်ခဲ့ရင်လည်းပဲ မြန်မြန်ဆန်ဆန် ၀င်ရောက်ကူညီဆောင်ရွက်ဖို့ ဒီအလုပ်အပိုင်းတွေမှာတော့ ကျနော်တို့က သိပ်အသားမကျသေးဘူး။ ဒီအကြောင်းကြောင့်မို့လို့ ကျနော်တို့ ဒီအဆင့်ထက် ပိုပြီးတော့ မတက်နိုင်သေးဘူးလို့ ထင်တယ်။ ဒီအပြင် ဘာပါဦးမလဲဆိုတော့ ကျနော်တို့ တည်ဆဲဥပဒေတွေထဲက တချို့ဥပဒေတွေက ကျနော် ပြင်ဆင်ဖို့ လိုတာတွေလည်း ရှိတာပေါ့။ ဒါတွေကိုလည်းပဲ မီဒီယာသမားတွေ အပါအ၀င် ကျန်တဲ့ ဥပဒေသမား၊ စသဖြင့်ပေါ့ ပြည်သူ့ကိုယ်စားလှယ်တွေ သူတို့ပူးပေါင်းပြီးတော့ ဆက်ပြီးတော့ ဆောင်ရွက်ကြဖို့တော့ လိုသေးတယ်လို့ မြင်တယ်ဗျ။ အဲလိုလုပ်နိုင်ရင်တော့ ကျနော်တို့ ဒီထက်မက အဆင့်တက်လာနိုင်မှာပေါ့။" နောက်တခုက ပါလီမန်တို့၊ တိုင်းဒေသကြီး လွှတ်တော်တွေမှာ သတင်းရယူမှုတို့ အဲဒီမှာလည်း တချို့က အခက်အခဲလေးတွေ ရှိနေသေးတယ်။ ဆရာ့အနေနဲ့လည်း၊ ပြန်ကြားရေးဝန်ကြီးအနေနဲ့ သတင်းအရင်းအမြစ်တွေကို ရယူပိုင်ခွင့်ကို ဘယ်လိုမျိုး လုပ်ပေးဖို့ အစီအစဉ်ရှိပါသလဲ။ “သတင်းရရှိခွင့်ပေါ့နော်။ သတင်းရရှိခွင့်ဆိုတာ သတင်းသမားတွေ သတင်းရရှိခွင့်ရှိတယ်၊ အရပ်ထဲက အများပြည်သူ သတင်းရပိုင်ခွင့်လည်း ရှိပါတယ်။ ဒါတွေလည်းပဲ နောက်ပိုင်းကျတော့ ဥပဒေတွေနဲ့ တဖြည်းဖြည်းတော့ ဖြစ်လာမှာပေါ့နော်။ ရပိုင်ခွင့်တွေဟာ ဥပဒေနဲ့တကွ ဖြစ်လာဖို့က အားလုံးဝိုင်းဝန်းပြီး ဆောင်ရွက်ရမှာပေါ့။ မီဒီယာသမားတွေကိုယ်တိုင်နဲ့ ဒီသတင်းလွတ်လပ်ခွင့် လိုလားတဲ့ပုဂ္ဂိုလ်တွေ၊ ရပိုင်ခွင့် လိုလားတဲ့ပြည်သူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေပေါ့၊ ဒါတွေကလည်း ပူးပေါင်းပြီး ဆောင်ရွက်ရမှာပါ။ နောက်တခုကတော့ ဘာရှိသလဲဆိုတော့ သက်ဆိုင်ရာ သတင်းရရှိမှုပေါ့၊ သတင်းရဖို့အတွက်ကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ အထူးသဖြင့် အစိုးရအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာ အဆင့်ဆင့်တွေ၊ အဲဒါတွေနဲ့ပတ်သက်ပြီး အရင်တုန်းက ဆက်သွယ်ဆောင်ရွက်တဲ့အခါမှာ အခက်အခဲတွေ ရှိကြတာပေါ့။ အဲဒီအပိုင်းကလည်း အရင်တုန်းက အလေ့အကျင့်နည်းခဲ့တဲ့ဟာ ဖြစ်တဲ့အတွက်ကြောင့်မို့ ရုတ်တရက် သတင်းဖော်ထုတ်ပြောဆိုဖို့မှာ နှောင့်နှေးတာတွေရှိတယ်။ အစဉ်အဆက် အတွေ့အကြုံတွေအရ သူတို့ဘက်က ဒါကိုတော့ အဟန့်အတား ဖြစ်နေတာတွေ ရှိတယ်။ "ကျနော်တို့ကလည်း တဘက်က ပြန်ကြားရေးအနေနဲ့ ဘာလုပ်ပေးဖို့ ရည်ရွယ်ချက်ရှိသလဲဆိုရင်၊ ဘာလုပ်ပေးဖို့ စတင်နေတာ ရှိသလဲဆိုရင် ကျနော်တို့ ၀န်ကြီးဌာန အသီးသီးမှာ ပြီးခဲ့တဲ့နှစ်တွေကလည်း ပြောခဲ့ဆိုခဲ့ လုပ်ခဲ့ပါတယ်။ ပြောရေးဆိုခွင့်ရှိသူတွေ ထားရှိဖို့ဆိုတဲ့ဟာကို အခု ပြန်ပြီးတော့ တကြိမ် ထပ်ပြီးတော့လုပ်ပါတယ်။ ၀န်ကြီးဌာနအသီးသီးမှာ ပြောရေးဆိုခွင့်ရှိသူ ဘယ်သူဘယ်ဝါတွေပေါ့။ သူတို့မှာ လိုအပ်ရင် Team လေးတွေ ဘာတွေရှိမယ်။ သူတို့ကို ဆက်သွယ်မေးမြန်းရင် ဖြေကြားနိုင်ဖို့ ဆိုတဲ့ဟာကို တကယ်လက်တွေ့ ကျင့်သုံးဖြစ်အောင် လုပ်ဖို့ ကျနော်တို့ ပြောဆိုနေတာ ရှိပါတယ်။ ပြီးတဲ့နောက် ကျနော်တို့ အစိုးရသစ်ရဲ့ ရက် ၁၀၀ လှုပ်ရှားမှုပေါ့နော်။ အဲဒီအစီအစဉ်နဲ့ ပတ်သက်ရင်လည်း သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်အောင်ဆိုပြီး ပြန်ကြားရေးကလည်း ဖြန့်ချိဖို့ရှိတယ်။ တချိန်တည်းမှာ သတင်းထုတ်ပြန်ရေး အရာရှိတွေကလည်းပဲ တခြား ပုဂ္ဂလိက မီဒီယာတွေက ဆက်သွယ်လာရင် ဖြေကြားမယ်ဆိုတဲ့ ဒီသဘောထားမျိုး၊ ဒီအစီအစဉ်မျိုးလည်းရှိတယ်။ နောက်တခုက ကျနော်တို့ကနေပြီးတော့ ဆော်သြပြီးတော့ ဒီသတင်းထုတ်ပြန်ရေးအဖွဲ့တွေနဲ့ ဆက်စပ်ပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာနမှာပဲ အခါအားလျော်စွာ သတင်းစာရှင်းလင်းပွဲတွေ တခြားဝန်ကြီးဌာန နှစ်ခု၊ သုံးခု စသဖြင့် တက်ရောက်ပြီးတော့ တလတကြိမ်ဖြစ်ဖြစ်၊ နှစ်လတကြိမ်ဖြစ်ဖြစ်ပေါ့ သင့်တော်သလို ဆောင်ရွက်မယ်ဆိုတာကို ပြောဆိုထားတော့ ယေဘုယျအားဖြင့် လက်ခံထားမှုရှိတယ်။ အဲဒါကို ကျနော်တို့ တကယ်လက်တွေ့ ကျင့်သုံးဖို့က လာမယ့်လတွေမှာ စပြီးလုပ်ရမှာပေါ့။ အဲဒါဆိုရင်တော့ သတင်းရရှိခွင့်ပိုင်းမှာ တဘက်တလမ်းက တိုးတက်လာလိမ့်မယ်လို့ မြင်ပါတယ်။" နောက်ဆုံးအနေနဲ့ပေါ့။ ပြည်သူ့အသံအစစ်ကို ကြားချင်တဲ့ ဗမာပြည်သူတွေပေါ့။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဆရာ့အနေနဲ့၊ ပြန်ကြားရေးဝန်ကြီးတယောက် အနေနဲ့ သတင်းအမှန်ရလိုတဲ့ ဗမာပြည်သူတွေ၊ သတင်းသမားတွေကို ဘာများပြောလိုပါသလဲ။ “ဟုတ်ကဲ့ ကျနော်တို့ အများပြည်သူတွေအနေနဲ့ ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာနမှာရှိတဲ့ မီဒီယာများသည် အများပြည်သူကို မျက်နှာမူတဲ့ မီဒီယာများဖြစ်အောင် ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ ကျနော်တို့ ပြောဆိုထားတာနဲ့ မညီညွတ်သေးဘူးဆိုတာတွေရှိရင် အများပြည်သူက ဝေဖန်ထောက်ပြကြပါ။ ပြီးတော့ အများပြည်သူကလည်း မိမိတို့အသံ သဘောထားတွေ၊ ထင်မြင်ချက်တွေ၊ မိမိတို့ရဲ့ လိုအင်ဆန္ဒတွေကို ကျနော်တို့ မီဒီယာတွေကနေတဆင့် ဖော်ပြပေးကြပါ၊ ပေးပို့ပေးကြပါ။ အဲဒါဆိုရင် ကျနော်တို့ကလည်း ဖော်ပြပေးပါ့မယ်လို့ ပြောချင်ပါတယ်။”
5 years Ago
Up