ဒေါက်တာသိန်းလွင်

May 17, 2017

တိုင်းရင်းသားလူမျိုးတွေ ဖြစ်စေချင်တဲ့ ပညာရေးမျိုးဖြစ်အောင် ဆောင်ရွက်မယ် - ဒေါက်တာသိန်းလွင်

လက်ရှိအစိုးရဟာ ပညာရေးနဲ့ပတ်သက်တဲ့ အခန်းကဏ္ဍတွေကို ဘယ်လောက်ထိအောင် ပြောင်းလဲမှုတွေ လုပ်ပေးနိုင်ခဲ့ပြီလဲ၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းအကြောင်းတွေနဲ့ ပတ်သက်ပြီး ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) မှ ဒေါက်တာသိန်းလွင်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - အစိုးရက အစ တက်လာတုန်းကတော့ အပြောင်းအလဲတွေ လုပ်ပေးမယ်လို့ ပြောလာတယ်။ အဲဒီတော့ ဒီအစိုးရသစ်လက်ထက်မှာ သူတို့ ကြွေးကြော်ခဲ့တဲ့အတိုင်း ပညာရေးရဲ့ အခန်းကဏ္ဍမှာ ဘယ်လောက်အထိ ပြောင်းလဲမှုတွေ လုပ်ပေးနိုင်ခဲ့ပြီလို့ ဆရာ တွေ့မြင်ထားရပါသလဲ။ ဖြေ - ဒီအစိုးရသစ် ၁ နှစ်ကာလအတွင်းမှာ ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်လို့ ပြည်သူလူထုလိုလားတဲ့ ပညာရေးမျိုးဖြစ်တာ မတွေ့သေးဘူး။ နိုင်ငံတကာက ဒီနေ့သွားနေတဲ့ ပညာရေးလမ်းကြောင်းနဲ့လည်း ကိုက်ညီတာ မတွေ့သေးဘူး။ ပြည်သူလူထု လိုလားချက်လို့ ပြောမယ်ဆိုရင် ကျောင်းသားတွေ ဖြစ်စေချင်တဲ့ ပညာရေးမျိုး၊ ဆရာတွေ ဖြစ်စေချင်တဲ့ ပညာရေးမျိုး၊ အထူးသဖြင့် ကျနော်တို့နိုင်ငံမှာ စုပေါင်းနေထိုင်တဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ ပညာရေးမျိုးကို အစိုးရသစ်က မဆောင်ရွက်နိုင်သေးဘူး။ နိုင်ငံတကာသွားတဲ့ ပညာရေးလမ်းကြောင်းဆိုရင်လည်း အားလုံးပါဝင်တဲ့၊ လူတိုင်းအကျုံးဝင်တဲ့ ပညာရေးဖြစ်ဖို့ ရည်မှန်းတယ်။ မြန်မာနိုင်ငံ ပညာရေးက လူတိုင်းအကျုံးဝင်တဲ့ ပညာရေးမျိုး မဖြစ်သေးဘဲနဲ့ ပညာရေးမှာ ခွဲခြားမှုတွေရှိနေတာ တွေ့တယ်။ နိုင်ငံတကာပညာရေးမှာ ကလေးအားလုံးက ပညာရေးကို တူညီတဲ့ အခွင့်အရေးရှိဖို့ ဆောင်ရွက်နေတယ်။ ကျနော်တို့နိုင်ငံမှာ ကလေးအားလုံးက တူညီတဲ့အခွင့်အရေးရှိအောင် ဆောင်ရွက်ပေးနိုင်တဲ့ အနေအထား မရှိသေးဘူး။ နောက် အရည်အသွေးရှိတဲ့ ပညာရေးက နိုင်ငံတကာက ဦးစားပေးတယ်။ ကျနော်တို့နိုင်ငံက ပညာရေးက ဒီနေ့အထိ အရည်အသွေးရှိတဲ့ ပညာရေးကို မရောက်သေးဘူး။ နိုင်ငံတကာက ရာသက်ပန် သင်ယူမှုကို ဦးစားပေးထားတယ်။ ကလေးအရွယ်ကစပြီးတော့ ရာသက်ပန် သင်ယူနိုင်တဲ့ နည်းပညာတွေ၊ သင်ယူနိုင်တဲ့ နည်းလမ်းတွေ၊ သင်ယူနိုင်တဲ့ အခွင့်အရေးတွေ ဖန်တီးပေးတယ်။ ကျနော်တို့နိုင်ငံ ပညာရေးက ရာသက်ပန် သင်ယူနိုင်တဲ့ အခွင့်အလမ်း ဖန်တီးပေးတာ မတွေ့သေးဘူး။ မေး - အစိုးရအပြောင်းအလဲ ပြောတယ်ဆိုတော့ ကျနော်တို့ အခုလက်ရှိ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းဟာ အရင်အစိုးရလက်ထက် ၂၀၁၄၊ ၂၀၁၅ တုန်းက အမျိုးသားပညာရေးဥပဒေကို အခြေခံပြီးတော့ ရေးဆွဲလာတယ်၊ ပြောင်းလဲလာတယ်လို့ ကျနော်တို့ ကြားသိထားရပါတယ်။ ဒီအပေါ်မှာရော ဒေါက်တာသိန်းလွင်အနေနဲ့ ဘယ်လိုမြင်ပါလဲခင်ဗျ။ ဖြေ - အခုအစိုးရက ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းက အသစ်မဟုတ်ဘူး။ အရင်အစိုးရလက်ထက်က လုပ်ခဲ့တဲ့အပေါ်မှာ အခြေခံထားတယ်။ ဒီစာအုပ်မှာလည်း ရေးထားတယ်။ အရင် ဦးသိန်းစိန်အစိုးရ လုပ်ခဲ့တဲ့ ပညာရေးလေ့လာမှုတွေ၊ ဒီအပေါ်မှာ အခြေခံထားတယ်။ ၂၀၀၈ အခြေခံဥပဒေကို အခြေခံထားတယ်။ ၂၀၁၄ အမျိုးသားပညာရေးဥပဒေနဲ့ ၂၀၁၅ ပြင်ဆင်တဲ့ဥပဒေ ဒါကို အခြေခံထားတာ။ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ၊ ပညာရေးဥပဒေတွေ အားလုံးက နဂိုအစိုးရလက်ထက်ကပဲ။ နဂိုအစိုးရလက်ထက်က သွားတဲ့အတိုင်းဆိုတော့ အခုအစိုးရလက်ထက်မှာ အသစ်မပါဘူး။ နဂိုအစိုးရလက်ထက်ကအတိုင်းပဲ ဖြစ်တယ်။ နောက် အကောင်အထည်ဖော်တဲ့ ပုဂ္ဂိုလ်များကလည်း ဝန်ကြီးကအစ ပညာရေးဌာနတခုလုံးက နဂိုအစိုးရလက်ထက်က ဆောင်ရွက်ခဲ့တဲ့သူတွေ။ အစိုးရအသစ်လက်ထက်မှာ ပညာရေး ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်မယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ပညာရေးဌာနမှာ ကျနော် မတွေ့ဘူး။ ဒါကြောင့် ပညာရေးဌာန အပြောင်းအလဲက နဂိုအစိုးရလက်ထက်ကအတိုင်းပဲ။ ဘာမှ သိသာထင်ရှားတဲ့ ပြောင်းလဲမှုမရှိဘူးလို့ ကျနော်က ပြောတာပါ။ မေး - အဲဒါဆိုရင် ဆရာဖြေတဲ့အထဲမှာ အရင်လူတွေပဲ ပါတယ်ဆိုတော့ ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက လေးပွင့်ဆိုင် တွေ့ဆုံပွဲမှာ လက်မှတ်ထိုးကြတဲ့ လူကြီးတွေ ရှိပါတယ်။ အဲဒီကတိကဝတ်တွေကရော ဒီအခန်းကဏ္ဍ၊ အစိုးရသစ်လက်ထက်မှာ ပါလာတာ ရှိပါသလားဆရာ။ ဖြေ - အစိုးရသစ်လက်ထက်မှာရော၊ ပညာရေးမဟာဗျူဟာစီမံကိန်း ၅ နှစ်မှာရော လေးပွင့်ဆိုင် ဆွေးနွေးပွဲတုန်းက သဘောတူညီခဲ့တဲ့၊ ကတိကဝတ်ပြုခဲ့တဲ့အချက်တွေ ဘာမှ မပါခဲ့ဘူး။ ဥပမာပြောရရင် လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ သဘောတူခဲ့တာက ပညာရေးစီမံကိန်း ရေးဆွဲတဲ့အခါ၊ ပညာရေးမူဝါဒ ရေးဆွဲတဲ့အခါ၊ ဥပဒေတွေ ရေးဆွဲတဲ့အခါမှာ သက်ဆိုင်ရာ ပြည်သူလူထုနဲ့ ကျောင်းသားတွေ၊ ဆရာတွေနဲ့ တိုင်ပင်ပြီးမှ ရေးဆွဲမယ်ဆိုတဲ့အချက် အခုထိ မရသေးဘူး။ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကိုယ်၌က ကျောင်းသားတွေ၊ ဆရာတွေ မသိဘဲနဲ့၊ လူထုအဖွဲ့အစည်းတွေ မသိဘဲနဲ့ ပညာရေးဝန်ကြီးဌာနက ရေးလိုက်တာဖြစ်တယ်။ ဒါကြောင့် ပထမအချက်ကိုက ပြည်သူလူထုရဲ့ ပါဝင်မှုမရှိဘူးဆိုတာ တွေ့တယ်။ နောက် တလျှောက်လုံးချုပ်ကိုင်ခဲ့တာ ဗဟိုချုပ်ကိုင်မှု လျှော့ချလိုက်ဖို့။ အခု အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းတခုလုံးက ဗဟိုချုပ်ကိုင်တဲ့ အောက်မှာ ရေးဆွဲထားတာ။ အကောင်အထည်ဖော်မယ့် ကဏ္ဍအားလုံးကလည်း ဗဟိုချုပ်ကိုင်တာ။ ပညာရေးဝန်ကြီးဌာနကပဲ ချုပ်ကိုင်ပြီးတော့ အရာရာကို သင်ရိုးညွှန်းတမ်း ရေးဆွဲတာ၊ စစ်ဆေးတာ၊ ဆရာတွေခန့်ထားတာ အားလုံးက ဗဟိုချုပ်ကိုင်ထားတဲ့စနစ် ဖြစ်နေတယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုက ဘာမှထူးခြားတာ မတွေ့ဘူး။ ဒီမိုကရေစီဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတောင် မတွေ့ဘဲနဲ့ ဗဟိုချုပ်ကိုင်တဲ့ ပညာရေးစနစ်ကိုပဲ ဆက်လက်ကိုင်စွဲနေတယ်ဆိုတာ တွေ့ပါတယ်။ မေး - အဲဒါဆိုရင် ဗဟိုချုပ်ကိုင်မှုတွေ အရမ်းများနေတဲ့ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးသွားနေတဲ့ ငြိမ်းချမ်းရေး ၂၁ ပင်လုံကို သွားနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံစနစ်ကို ထူထောင်မယ်ဆိုတဲ့ နေရာမှာရော လက်ရှိ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းက ဘယ်လောက်ထိအောင် ပံ့ပိုးမှုတွေ လုပ်ပေးနိုင်မယ်လို့ ဆရာမြင်ထားပါသလဲ။ ဒီစီမံကိန်းကြီးက လုပ်ရော လုပ်ပေးနိုင်ပါ့မလား။ ဖြေ - အခု အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းက ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေပြီးတော့ ဖက်ဒရယ်နိုင်ငံ ထူထောင်ဖို့ကို ပံ့ပိုးပေးတာ မတွေ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေးရည်မှန်းချက်ရှိတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ကျနော်တို့နိုင်ငံမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ဖက်ဒရယ်နိုင်ငံ ထူထောင်ဖို့ ရည်မှန်းချက် ရှိတယ်။ ဒါပေမယ့် အဲဒီရည်မှန်းချက်ရှိနေတဲ့ အချိန်မှာပဲ ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းက ဖက်ဒရယ်နိုင်ငံ ထူထောင်မယ့် ရည်မှန်းချက် လုံးဝ မပါဘူး။ ဘယ်အချက်တွေကို ထောက်ပြချင်သလဲဆိုတော့ ဗဟိုချုပ်ကိုင်မှုက အဓိကကျတယ်။ ဖက်ဒရယ်နိုင်ငံ ထူထောင်မယ်ဆိုရင် သက်ဆိုင်ရာလူမျိုးတွေမှာ၊ သက်ဆိုင်ရာဒေသတွေမှာ ပညာရေးက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိဖို့လိုတယ်။ အခု ပညာရေးစီမံကိန်းက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဦးစားပေးတာ မဟုတ်ဘူး။ ဗဟိုချုပ်ကိုင်မှုနဲ့ ရေးထားတဲ့အတွက် ဖက်ဒရယ်ကိုဦးတည်တဲ့ စီမံခန့်ခွဲမှုမျိုး မဟုတ်ဘူး။ သင်ရိုးညွှန်းတမ်းဆိုရင် ဖက်ဒရယ်နိုင်ငံ ထူထောင်မယ်ဆိုရင် သက်ဆိုင်ရာ ပြည်နယ်တွေမှာ၊ သက်ဆိုင်ရာဒေသတွေမှာ ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းတွေ ရှိဖို့လိုတယ်။ ဒေသရဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေ၊ ဒေသရဲ့ သမိုင်းတွေ၊ ဒေသရဲ့ ပညာဉာဏ်တွေ၊ ဒေသသုံး ဘာသာစကားတွေကို ဦးတည်တဲ့ သင်ရိုးညွှန်းတမ်းမျိုး ဖြစ်သင့်တယ်။ အခု အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းက ဖော်ပြလိုက်တဲ့ သင်ရိုးညွှန်းတမ်းကို ဗဟိုကပဲ ရေးမယ်။ ဖတ်စာကိုလည်း ဗဟိုကပဲ ရေးမယ်။ တပြည်လုံးမှာ ဒီအတိုင်းပဲ သင်ရမယ်ဆိုတော့ ဒါ မဖြစ်ဘူး။ နဂိုကတည်းက မြန်မာနိုင်ငံ ပညာရေးက ဗဟိုကနေ ရေးဆွဲပြီးတော့ ပြဋ္ဌာန်းလိုက်တဲ့ သင်ရိုးညွှန်းတမ်းက ပြည်နယ်တွေ၊ တိုင်းရင်းသားဒေသနဲ့ မကိုက်ညီဘူးဆိုတာ ကျနော်တို့ တွေ့ခဲ့ပြီးပြီ။ အခုလက်ရှိ အစိုးရမှာလည်း ဒီပုံစံအတိုင်းပဲ ပြန်လုပ်တယ်။ ဗဟိုကနေ ရေးဆွဲတဲ့ သင်ရိုးညွှန်းတမ်း၊ ဗဟိုကနေရေးတဲ့ ဖတ်စာအုပ်ကိုပဲ ပြည်နယ်တွေမှာ သင်ခိုင်းတော့ ပြည်နယ်တွေမှာ ဒါ ကိုက်ညီမှုမရှိဘူး။ မရှိတဲ့အတွက် ဒါဟာ ဖက်ဒရယ်ကို ရည်ရွယ်တာမဟုတ်ဘူး။ ဖက်ဒရယ်ဆိုတဲ့ စိတ်ကူးတောင် မပါဘူး။ ကလေးတွေရဲ့ မိခင်ဘာသာစကား၊ ဖက်ဒရယ်နိုင်ငံ ထူထောင်တော့မယ်၊ ကျနော်တို့နိုင်ငံမှာ နေထိုင်တဲ့ တိုင်းရင်းသားလူမျိုးတွေ၊ သူတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အသိအမှတ်ပြုတော့မယ်ဆိုရင် သူတို့ရဲ့ ဘာသာစကားတွေ အသိအမှတ်ပြုဖို့လိုတယ်။ ကလေးတွေရဲ့ မိခင်ဘာသာစကားက ကျောင်းသုံးဘာသာစကား ဖြစ်သင့်တယ်။ ကျနော်တို့ တလျှောက်လုံး အကြံပေးလာတာ။ ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းများစွာ နေထိုင်တယ်။ ဘာသာစကား မျိုးကွဲတွေရှိတယ်။ အဲဒီတော့ ဘာသာစကား သုံးမျိုးစနစ်ကို ကျနော်တို့ တလျှောက်လုံး တိုက်တွန်းလာတယ်။ တိုင်းရင်းသား လူမျိုးတွေကလည်း တောင်းဆိုတယ်။ ကလေးရဲ့ မိခင်ဘာသာစကားကို အခြေပြုတဲ့ ဘာသာစကား သုံးမျိုးစနစ်ကို ဖြစ်စေချင်တယ်။ တိုင်းရင်းသားလူမျိုးတွေက ဒါကို လိုလားတယ်။ အခု အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းက မိခင်ဘာသာစကားကို အခြေပြုတဲ့ ဘာသာစကား သင်ကြားရေးမျိုး မဟုတ်ဘူး။ ဗမာဘာသာစကားကိုပဲ မဏ္ဍိုင်ပြုတဲ့ ပညာရေးအမျိုးအစား ဖြစ်နေတယ်။ ဒါ တိုင်းရင်းသားတွေလိုလားချက် မဟုတ်ဘူး။ ဖက်ဒရယ်ကို ဦးတည်တာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးကိုလည်း ဦးတည်မှုမရှိဘူး။ ဘာသာစကားမှာ အဲဒါတွေ တွေ့တယ်။ ဆရာခန့်ထားမှုနဲ့ ပတ်သက်ရင်လည်း ဆရာတွေကို ဗဟိုကပဲ ခန့်တာပဲ၊ ဗဟိုကပဲ ချုပ်ကိုင်မယ်၊ ဗဟိုကပဲ နေရာဒေသတွေကို ရွှေ့ပြောင်းမယ်ဆိုရင် တိုင်းရင်းသားဒေသက သူတို့နဲ့ကိုက်ညီတဲ့ သူတို့ဘာသာစကား နားလည်တဲ့၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ နားလည်တဲ့ ဆရာတွေ ရမှာမဟုတ်ဘူး။ အခုဆိုရင် အဲဒီအခက်အခဲ အများကြီး တွေ့နေရတယ်။ ပညာရေးဌာနက ဆရာတွေ ပို့လိုက်တယ်။ ပြည်နယ်တွေကို ပို့လိုက်တယ်။ ဒေသစကားလည်း နားမလည်၊ ဒေသယဉ်ကျေးမှုလည်း နားမလည်။ အခက်အခဲ တွေ့တယ်။ ဆရာမှာလည်း အခက်အခဲ တွေ့တယ်။ ကျောင်းသားလည်း အခက်အခဲ တွေ့တယ်။ အဲဒီအတွက် ဆရာခန့်ထားမှုကလည်း ဒေသအလိုက် ရွေးချယ်ခန့်ထားပိုင်ခွင့် ရှိသင့်တယ်။ အခု မဟာဗျူဟာစီမံကိန်းက အဲဒီအခွင့်အရေး မပါဘူး။ အဲဒီအတွက် တိုင်းရင်းသားတွေ လိုလားတဲ့အချက် မပါဘူး။ ငြိမ်းချမ်းရေးကို ဦးမတည်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ထူထောင်ထားတဲ့ ဖက်ဒရယ်ကိုလည်း ဦးမတည်ဘူး။ မေး - ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းခွင့် ရရှိဖို့နဲ့ ပတ်သက်လို့ရော၊ အခုအစိုးရသစ်မှာ ရေးဆွဲထားတဲ့ plan ထဲမှာ ထည့်ထားတဲ့ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းထဲမှာ ရာခိုင်နှုန်း ဘယ်လောက်ထိအောင် ပါတာ တွေ့ရပါလဲ။ ပါဝင်မှု ရှိ၊ မရှိ သိချင်ပါတယ်။ ဖြေ - ပညာရေးဝန်ကြီးဌာနရဲ့ ပညာရေးမဟာဗျူဟာစီမံကိန်းမှာ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နဲ့ပတ်သက်လို့ တစိုးတစိမှ မပါဘူး။ ကျောင်းသားတွေ တလျှောက်လုံး တောင်းဆိုခဲ့တဲ့ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် တောင်းဆိုခဲ့တယ်။ အရင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမှာတော့ တက္ကသိုလ်ပဋိညာဉ်များနဲ့အညီ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်ရှိမည် ဆိုတဲ့ စာကြောင်းပါတယ်။ ဒါပေမယ့် အခုအပိုဒ်တောင်မှ စီမံကိန်းထဲမှာ မပါတော့ဘူး။ စီမံကိန်းမှာ ဘာပါလဲဆိုတော့ ၅ နှစ်အတွင်းမှာ တက္ကသိုလ်များရဲ့ ပဋိညာဉ် ရေးဆွဲမည် ဆိုတာ ပါတယ်။ ပဋိညာဉ်လည်း အခုထိ မရှိသေးဘူး။ ၅ နှစ်အတွင်း ရေးဆွဲမယ်ဆိုတော့ ပဋိညာဉ် ပြင်ဆင်တဲ့ ဥပဒေအရဆိုရင် တက္ကသိုလ်ပဋိညာဉ်အရ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်ပေးမယ်ဆိုတော့ ပဋိညာဉ်မရှိတဲ့အတွက် တရားဝင်ဖွဲ့စည်းခွင့် မရှိသေးဘူး။ ကျောင်းသားတွေ တောင်းဆိုတဲ့အချက်က အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းမှာ ပါဝင်တာ မရှိဘူး။ ဒါပေမယ့် ရန်ကုန်တိုင်း အစိုးရကတော့ ပြီးခဲ့တဲ့လပိုင်းမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်ဆောက်မယ်ဆိုပြီးတော့ ပြောဆိုဆောင်ရွက်တာ တွေ့တယ်။ အဲဒီအချက်က ကျောင်းသားတွေ လိုလားချက်နဲ့ လွဲနေတယ်လို့ ကျနော်မြင်တယ်။ ကျောင်းသားတွေက ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် လိုလားတယ်။ သူတို့ တက္ကသိုလ်ကိုလည်း လွတ်လပ်စွာ ဖွဲ့စည်းချင်တယ်။ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းပြီးတော့မှ ကျောင်းသားတွေ၊ ကျောင်းသားသမဂ္ဂတွေရဲ့ သဘောဆန္ဒနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဆောက်သင့်တယ်။ အဲဒီအပြင်ကို ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂက သမိုင်းအစဉ်အလာကြီးတဲ့ သမဂ္ဂဖြစ်တယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးသမိုင်းတလျှောက်မှာ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သမိုင်းတလျှောက်မှာ ကျောင်းသားသမဂ္ဂရဲ့ အခန်းကဏ္ဍက ကြီးမားခဲ့တယ်။ ကျောင်းသားတွေ အသက်စွန့်လွှတ်ခဲ့ရတယ်။ ကျောင်းသားတွေ ဘဝစွန့်လွှန်ခဲ့ရတယ်။ ထောင်ကျခံရတယ်။ ကျောင်းထုတ်ခံရတယ်။ အမျိုးမျိုး ဘဝတွေ ပေးဆပ်ပြီးတော့ ကြိုးပမ်းခဲ့တဲ့ ကျောင်းသားသမဂ္ဂကိစ္စ၊ ကျောင်းသားသမိုင်း၊ ဒီသမိုင်းက လေးနက်တယ်။ လေးနက်တဲ့သမိုင်းကို အလွယ်တကူ မဆောင်ရွက်သင့်ဘူး။ ရန်ကုန်တိုင်းအစိုးရက ကျောင်းသားသမိုင်းမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်များနဲ့ တိုင်ပင်မှု မရှိခဲ့ဘဲနဲ့၊ ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်မှုမရှိဘဲနဲ့ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ကို ဥပဒေအရ ပြဋ္ဌာန်းခြင်း မရှိသေးဘဲနဲ့ ကျောင်းသားသမဂ္ဂကို အလျင်စလို ဆောက်တဲ့ကိစ္စကတော့ မှားတယ်လို့ ကျနော် မြင်တယ်။ အဲဒါကြောင့်လည်း အခု ကျောင်းသားသမဂ္ဂ၊ ကျောင်းသားသမိုင်းမှာပါတဲ့ ပုဂ္ဂိုလ်တွေက ကန့်ကွက်တယ်၊ လက်ရှိ ကျောင်းသားသမဂ္ဂတွေကလည်း ကန့်ကွက်တဲ့အတွက်ကြောင့် ဒီအဆောက်အအုံက ဆောက်လို့မရသေးဘဲ ရပ်တန့်သွားတယ်။ အရင်ဆုံး လိုအပ်တာက ကျောင်းသားတွေ လွတ်လပ်စွာ သမဂ္ဂဖွဲ့စည်းခွင့်ကို ဥပဒေနဲ့ အမြန်ဆုံး ပြဋ္ဌာန်းပေးသင့်တယ်။ မေး - ဆရာတို့ NNER အဖွဲ့ကရော ပညာရေးနဲ့ပတ်သက်လို့ ရှေ့ဆက်ပြီးတော့ ဘယ်လိုမျိုး ဆက်လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါလဲ။ ဖြေ - ကျနော်တို့ NNER ရဲ့ မူလရည်မှန်းချက်ကိုက ပြည်သူလူထုလိုလားတဲ့ ပညာရေးမူဝါဒမျိုး ဖြစ်ဖို့၊ ပြည်သူလူထုလိုလားတဲ့ ပညာရေးစနစ်မျိုး ဖြစ်ဖို့ အစကတည်းက အကောင်အထည်ဖော်ခဲ့တာ။ ဒါကြောင့် NNER က ဒေသအနှံ့ကို သွားခဲ့ပြီးတော့ ဒေသခံကျောင်းသားနဲ့ ဆရာတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးတော့ သူတို့ရဲ့ သဘောဆန္ဒကို မေးမြန်းခဲ့တယ်။ အထူးသဖြင့်တော့ ကျနော်တို့နိုင်ငံမှာ စုပေါင်းနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးတွေ၊ သူတို့ရဲ့ ဖြစ်စေချင်တဲ့ ပညာရေးမျိုးဖြစ်အောင် ကျနော်တို့ NNER က ဆောင်ရွက်မယ်။ အခုဆိုရင် တိုင်းရင်းသားလူမျိုးတွေ ဖြစ်စေချင်တာ၊ ဖက်ဒရယ်နိုင်ငံ ထူထောင်မယ်၊ ဖက်ဒရယ်နိုင်ငံနဲ့ ကိုက်ညီတဲ့ ပညာရေးစနစ် ဖြစ်စေချင်တယ်။ အဲဒီအတွက် ကျနော်တို့ NNER ကတော့ ဖက်ဒရယ်ပညာရေးစနစ်ကို အထောက်အကူပြုတဲ့ စီမံခန့်ခွဲမှုတွေ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ၊ သင်ရိုးညွှန်းတမ်းတွေ၊ မိခင်ဘာသာစကား အခြေပြုတဲ့ ပညာရေးစနစ်တွေ ဖြစ်ဖို့အတွက် ကျနော်တို့ NNER က တိုက်တွန်းနှိုးဆော်တယ်။ လက်တွေ့မှာလည်း ဆောင်ရွက်နေတဲ့ ပညာရေးလုပ်ငန်းတွေကို NNER က အားပေးကူညီမယ်။ အခု အစိုးရနဲ့ လွှတ်တော်ကိုလည်း တိုင်းရင်းသားတွေ လိုလားတဲ့ ပညာရေးအမျိုးအစားဖြစ်ဖို့၊ ပြုပြင်ပြောင်းလဲဖို့အတွက် ကျနော်တို့ တိုက်တွန်းသွားမယ်။ ဒါ ဆက်လုပ်ဖို့ရှိတယ်။ အဲဒီအတွက် လာမယ့်မေလဆန်းမှာ NNER က တတိယအကြိမ်မြောက် ညီလာခံခေါ်ဖို့ရှိတယ်။ အဲဒီညီလာခံမှာ NNER ကနေပြီးတော့ လွန်ခဲ့တဲ့ ၄ နှစ်က ရေးဆွဲခဲ့တဲ့ ပညာရေးမူဝါဒ အကြံပေးချက်ကို ကျနော်တို့ ပြန်လည်ပြီးတော့ ပြင်ဆင်ဖို့ရှိတယ်။ အဲဒါက ဒေသဆိုင်ရာ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ပြင်ဖို့လိုတယ်။ ဖက်ဒရယ်နိုင်ငံရေးစနစ်နဲ့ ကိုက်ညီမယ့် ပညာရေးဖြစ်အောင် ပြင်ဖို့လိုတယ်။ နောက်တခုက နိုင်ငံတကာမှာ သွားနေတဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေးကို ဦးတည်တဲ့ ပညာရေးစနစ်နဲ့ ကိုက်ညီတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့လိုတယ်။ ကျနော်တို့ရဲ့ညီလာခံမှာ အဲဒီပြုပြင်ပြောင်းလဲမှု လုပ်မယ်။ နောက် အစိုးရပြင်ပမှာ ဆောင်ရွက်နေတဲ့ ပညာရေးလုပ်ငန်းတွေ၊ ဌာနေတိုင်းရင်းသားတွေ ထူထောင်ထားတဲ့ ပညာရေးလုပ်ငန်းတွေ ရှိတယ်။ ဒေသခံတွေ ထူထောင်ထားတဲ့ ပညာရေးလုပ်ငန်းတွေ ရှိတယ်။ အဲဒါတွေကို NNER ကနေ အားပေးမြှင့်တင်တဲ့လုပ်ငန်းတွေ ဆက်ပြီးလုပ်သွားမှာပါ။ အဲဒါကို ညီလာခံမှာ ကျနော်တို့ ဆွေးနွေးပြီးတော့ ရှေ့လုပ်ငန်းစဉ်အဖြစ်နဲ့ ချမှတ် ဆောင်ရွက်သွားမှာပါ။
4 years Ago
Up