ဒေါက်တာမျိုးညွန့်

November 22, 2018

စွမ်းဆောင်ရည်မကောင်းသည့် ဝန်ကြီးများကို အစားထိုးရန် အစီအစဉ်မရှိသေး

အစိုးရအဖွဲ့ထဲက ဝန်ကြီးတွေကို လူစားထိုး လဲလှယ်လိုက်ရင် နောက်လူတွေအနေနဲ့ လုပ်ငန်းအသားကျဖို့ ခက်ခဲသလို လူစားထိုးလဲလှယ်ဖို့လည်း အစီအစဉ် မရှိသေးဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဒီဗွီဘီကို ပြောပါတယ်။ အစိုးရအဖွဲ့ ဝန်ကြီးတချို့ လူစားထိုးလဲလှယ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို တချို့ဝန်ကြီးတွေဟာ စွမ်းဆောင်ရည် မကောင်းဘူးလို့ ပြည်သူအကြား ဝေဖန်မှုတွေ ရှိနေတဲ့အပေါ် တုံ့ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စွမ်းဆောင်ရည်အားနည်းတဲ့ ဝန်ကြီးတွေနဲ့ လူထုဝေဖန်ခံနေရတဲ့ ဝန်ကြီးချုပ်တချို့ကို အစိုးရက အပြောင်းအလဲလုပ်မယ် ဆိုတာဟာ ကောလာဟလ သတင်းသာဖြစ်ပြီး အရေးယူလောက်တဲ့ တိုင်ကြားမှုမျိုး မရှိသေးဘူးလို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ ပြည်နယ်နဲ့ တိုင်းအစိုးရ အဖွဲ့တွေထဲက ဝန်ကြီးတွေရဲ့ စွမ်းဆောင်ရည်အားနည်းတာ၊ အစိုးရက ပွင့်လင်းမြင်သာမှု မရှိတာနဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေမှာလည်း ခြေမပေါ်တဲ့ ဝန်ကြီးတွေ ရှိတာကြောင့် ရွေးကောက်ပွဲမတိုင်ခင် အမြန်ဆုံး ပြောင်းလဲသင့်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။ မန္တလေးနည်းပညာကုမ္ပဏီ ဒါရိုက်တာ ဦးဇော်နိုင်က “လက်ရှိအစိုးရအနေနဲ့ တပ်မတော်ရဲ့ပါဝင်မှု အခန်းကဏ္ဍကို လျော့ချနိုင်ဖို့ဆိုရင် အစိုးရအဖွဲ့ဝင်တွေ အားလုံးဟာ အင်အားရှိဖို့လိုသလို ကျွမ်းကျင်မှုရှိဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။ အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ ပြောင်းလဲမှုမရှိဘူးဆိုရင် ပြည်သူက အားမရတာ ဖြစ်နိုင်တဲ့အတွက် အရွေ့တခုဖြစ်လာဖို့ လွှတ်တော်နဲ့အစိုးရ ညီညွတ်ဖို့လိုမယ်လို့ ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့ “အန်အယ်လ်ဒီအစိုးရအနေနဲ့ ဝန်ကြီးတွေကို လဲတာ၊ မလဲတာထက် လက်ရှိဖြစ်နေတဲ့ ပြည်သူတွေရဲ့ အခြေအနေမှန်ကို ပါတီအနေနဲ့ အမှန်အတိုင်း သိဖို့လိုတယ်” လို့ သုံးသပ်ပြောပါတယ်။ အန်အယ်လ်ဒီအစိုးရအနေနဲ့ သက်တမ်းသုံးနှစ်အတွင်း စီမံဘဏ္ဍာ ပြည်ထောင်စုဝန်ကြီးနဲ့ လယ်ဆည်ဒုဝန်ကြီးတွေ အစားထိုး ခန့်အပ်ခဲ့တာရှိသလို မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်တွေလည်း ပြောင်းလဲခန့်အပ်ခဲ့တာ ရှိပါတယ်။
2 years Ago

August 24, 2018

ကြားဖြတ်ရွေးကောက်ပွဲများကို မဲဆန္ဒရှင်များက စိတ်ဝင်စားမှုနည်းနေဟု အန်အယ်လ်ဒီ ပြော

မဲဆန္ဒရှင်တွေက ကြားဖြတ်ရွေးကောက်ပွဲတွေကို စိတ်ဝင်စားမှု နည်းနေသလို မဲလာမပေးသူ အများစုဟာလည်း အန်အယ်လ်ဒီ ထောက်ခံသူတွေ ဖြစ်နေတာ တွေ့ရတယ်လို့ ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာချက်အရ ဒီအချက်ကို တွေ့ရတာလို့ ဒေါက်တာမျိုးညွန့်က ဒီဗွီဘီနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားတာပါ။ “မဲဆန္ဒရှင်များက ကြားဖြတ်ရွေးကောက်ပွဲတွေမှာ စိတ်ဝင်စားမှုနည်းတယ်။ မဲလာပေးသူ နည်းတယ်ဆိုတာ တွေ့ပါတယ်။ အထူးသဖြင့် အဲ့ဒီ မဲလာမပေးသူတွေဟာ အဖွဲ့ချုပ်ကို ထောက်ခံတဲ့သူတွေဘက်က အများဆုံး ဖြစ်နေပါတယ်။ ကိုယ့်ရဲ့ပြိုင်ဘက်တွေက မဲပိုရတာ မဟုတ်ဘဲနဲ့ ကိုယ့်ကို မဲပေးမယ့်သူတွေ မဲရုံမလာတဲ့အတွက် ကျနော်တို့ မဲလျော့ပြီး ရခဲ့တာကြောင့်လို့ သုံးသပ်ပါတယ်။” သမ္မတဦးဝင်းမြင့်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် အောင်နိုင်မှုရအောင် သေချာရွေးချယ် ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကို စက်တင်ဘာ ၃ ရက်ကစပြီး မဲဆွယ်စည်းရုံးရေး ဆင်းခွင့်ပေးတော့မှာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီအစိုးရလက်ထက် ဒုတိယအကြိမ် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၃ ခုအတွက် ပါတီ ၂၄ ခုက ကိုယ်စားလှယ် ၆၉ ဦး ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ လစ်လပ်နေရာ ၁၉ နေရာမှာ အန်အယ်လ်ဒီက ၉ ဦး၊ တိုင်းရင်းသားပါတီတွေက ၈ ဦးနဲ့ ကြံ့ခိုင်ရေးပါတီက ၂ ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။
3 years Ago
Up