ဒေါက်တာထွန်းလွင်

A d v e r t i s e m e n t With Us

October 25, 2016

အရှေ့လေပွေလှိုင်းကြောင့် မုန်တိုင်းတလုံးဖြစ်နိုင်ဟု ဒေါက်တာ ဦးထွန်းလွင်ခန့်မှန်း

အရှေ့လေပွေလှိုင်းတခုကြောင့် ခုရက်ပိုင်းအတွင်း ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်း တစ်လုံးဖြစ်လာနိုင်တယ်လို့ မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၃ နာရီ ၃၇ မိနစ်အချိန် ခန့်မှန်းထုတ်ပြန်လိုက်ပါတယ်။ ထိုင်းပင်လယ်ကွေ့မှာ အစပျိုးခဲ့တဲ့ လေထုမတည်ငြိမ်မှုတခုဟာ လှိုင်းတခုအနေဖြင့် အနောက်မြောက်ဖက်သို့ စတင်ရွေ့လျှားလာပြီး အောက်တိုဘာ ၂၇ ရက်မှ ၂၉ ရက်အတွင်း မြန်မာနိုင်ငံကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေက တဆင့် ရခိုင်ပြည်နယ်ကိုဖြတ်သန်းပြီးနောက် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း အတွင်းသို့ သက်ဆင်းသွားသောအခါ ပြန်လည်အားပျိုးလာပြီး မုန်တိုင်းငယ်တစ်ခုဖြစ်လာ နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံ မိုးနှောင်းနဲ့ မိုးလွန်ကာလမှာ တောင်တရုတ်ပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့ဘက်မှ လေပွေလှိုင်းတွေ မြန်မာပြည်ဘက်ကို မကြာမကြာလာတတ်တယ်လို့လည်း အရှေ့ လေပွေလှိုင်းတွေနဲ့ ပတ်သက်ပြီး ဒေါက်တာ ဦးထွန်းလွင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရှင်းပြထားပါတယ်။ မိုးဇလဌာနရဲ့ ဒီကနေ့ မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ချက်မှာတော့ ယနေ့မြန်မာစံတော်ချိန် (၁၃း၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော မုန်တိုင်းငယ်ဟာ အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ၊ ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” (KYANT) အဖြစ်သို့ ရောက်ရှိသွားပြီလို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်း မရှိလို့ အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့လည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။
4 years Ago

March 21, 2016

သင်္ကြန်ကာလအတွင်း ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးအဆင့်ရှိနိုင်ဟု ဒေါက်တာထွန်းလွင် သတိပေး

သင်္ကြန်ကာလအတွင်း ခရမ်းလွန်ရောင်ခြည်က အမြင့်ဆုံးအဆင့်မှာ ရှိနေမှာဖြစ်လို့ သတိထား လည်ပတ်ကြဖို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ အယ်နီညိုရာသီဥတုရဲ့ ဆိုးရွားမှုတွေကို ကြုံတွေ့နေရသလို သင်္ကြန်ကာလအတွင်းမှာလည်း ခရမ်းလွန်ရောင်ခြည်က အမြင့်ဆုံးအဆင့်မှာ ရှိနေနိုင်တဲ့အတွက်  အပူချိန်ကြောင့် ကြုံတွေ့နိုင်တာတွေကို ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။ “သတိထားရမှာကတော့ ခရမ်းလွန်ရောင်ခြည် လွန်ကဲတဲ့ အနေအထားမှာ၊ နေပူထဲမှာ အကြာကြီး အကာအကွယ်မဲ့ သွားမယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာ တွေ့ရတတ်တယ်။ ကျန်းမာရေးပြဿနာက အနည်းအများအလိုက်၊ အဆင့်လိုက် ပြောမယ်ဆိုရင် ပထမဦးဆုံး တွေ့တတ်တာကတော့ အသားအရေကို နေလောင်တာပဲ။ အဲ့ဒီက သိပ်ဆိုးသွားရင်တော့ အရေပြားကင်ဆာ ဖြစ်ပါတယ်။ နောက်တဆင့်ကတော့ မျက်စိပေါ်မှာ ခရမ်းလွန်ရောင်ခြည် ကျရောက်ရင် ခရမ်းလွန်ရောင်ခြည်က လျှပ်စစ်သံလိုက်လှိုင်း ဖြစ်တဲ့အတွက် မျက်စိကို ထိခိုက်ပါတယ်။” သင်္ကြန်ကာလအတွင်းမှာ ကြုံတွေ့ရနိုင်တဲ့ ရာသီဥတုအခြေအနေ ခန့်မှန်းချက်အရတော့ ကချင်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ မိုးအနည်းငယ်ရွာနိုင်ပြီး ကျန်တဲ့နေရာတွေကတော့ ပူနိုင်တဲ့အကြောင်း ဒေါက်တာထွန်းလွင်က ပြောပါတယ်။ ဒီနှစ်မှာ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးဖြစ်နိုင်တဲ့ ဒေသတွေကတော့ ကယားပြည်နယ်၊ ရှမ်းအရှေ့နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ ဖြစ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒေါက်တာထွန်းလွင်က “သင်္ကြန်ကာလအတွင်းမှာတော့ မြန်မာနိုင်ငံ မြောက်ပိုင်းကတော့ မိုးရွာဖို့ ရှိတာပေါ့။ ကချင်နဲ့ စစ်ကိုင်းအထက်ပေါ့။ ကျန်တဲ့ဒေသကတော့ မိုးရွာဖို့ အလွန်ချန့်စ် နည်းပါတယ်။ ဒါပေမယ့် ညနေပိုင်းလောက်မှာတော့ မိုးတိမ်တောင် ဖြစ်တာမျိုး တရက်လောက်တော့ ကြုံနိုင်တာပေါ့။ ဒါပေမယ့် အန္တရာယ်ပိုင်းကတော့ သိပ်မရှိနိုင်ပါဘူး။ အပူချိန်ကတော့ ၄၀ ပတ်ဝန်းကျင်တော့ရှိမှာပဲ ရန်ကုန်မှာ။ အလယ်ပိုင်းဒေသတွေကတော့ ၄၀ ကျော်သွားမှာပေါ့။ ၄၃၊ ၄၄ လောက်တော့ ခန့်မှန်းထားတယ်။ ပူတယ်၊ အပူကိုတော့ ဂရုစိုက်ရလိမ့်မယ်” လို့ ဆက်ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီရဲ့ စီစဉ်မှုနဲ့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က အယ်နီညိုနဲ့ မြန်မာ့သင်္ကြန်အကြောင်းကို မတ်လ ၂၀ ရက်နေ့က တော်ဝင်နှင်းဆီခန်းမမှာ ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။
5 years Ago
More News
Up