ဒေါက်တာတင့်ဆွေ

March 17, 2017

Cereal မနက်စာ

  ငယ်ငယ်က မနက်စာဆို ထမင်းကြမ်း စားတယ်။ တမင်းကြမ်းကြော်မှာ နနွင်းမှုန့်သာ ပါတဲ့အခါပါ၊ ကြက်သွန်နီ ပါတဲ့အခါပါ။ မဆလာ ထည့်တဲ့အခါထည့်။ ကြက်ဥကတော့ ရွာပြန်တဲ့အခါသာ ပါတယ်။ အသား မပါ။ အသီးအရွက် မပါ။ သောက်စရာက ရေနွေးကြမ်းသာ။ ဆရာဝန်ဖြစ်တော့ မနက်စာရဲ့ အာဟာရတန်ဖိုး တွက်တတ်လာတယ်။ အင်နာဂျီ ခေါ် အားရမယ်။ သွားနိုင်လာနိုင်၊ ပြေးနိုင် ဆော့နိုင်တယ်။ လိုတာတွေက ရှိသေးတယ်။ ဘရိတ်ဖတ်စ် ပြည်ပထွက်ရတော့ ဘရိတ်ဖတ်စ် စားရတယ်။ သူများတိုင်းပြည်အမျိုးမျိုးမှာ ဘရိတ်ဖတ်စ်အမျိုးစုံနဲ့ ကြုံရတယ်။ ဟိုတယ်တွေမှာဆိုတော့ ဘရိတ်ဖတ်စ်တွေက ဘယ်နိုင်ငံ ရောက်ရောက် ခပ်ဆင်ဆင်တွေချည်းပဲ။ ဖော်မြူလာလို လုပ်ထားတယ်။ အသီးဖျော်ရည် တခုခု၊ အများဆုံးကတော့ လိမ္မော်ရည်။ ကြက်ဥ ပါတယ်။ ပေါင်မုန့်က အမျိုးမျိုး။ ပေါင်မုန့်ကို အရင်က အရောင်ရော အတွေ့အထိပါ နုနေတာကိုသာ ကောင်းတယ် ထင်တယ်။ ခုခေတ်မှာ ပေါင်မုန့်ညိုသာ ခေတ်စားလာတယ်။ ဆန်တို့၊ ဂျုံတို့ကို ဖွေးသွားအောင် လုပ်မထားမှသာ အာဟာရတန်ဖိုး အပြည့်ရမယ်။ စားပြီးရင် ကော်ဖီလား၊ လက်ဖက်ရည်လား မေးမယ်။ အဲဒါမှာလည်း သကြားဖြူက ခေတ်မစားတော့ပါ။ သကြားညိုတာလည်း လူတိုင်းအတွက် မဟုတ်ပါ။ သကြားအစားထိုး အမျိုးမျိုး ရှိလာတယ်။ အချိုဓာတ် လျှော့စားရမယ့်သူတွေအတွက်ပါ။ အမေရိကန်ဘရိတ်ဖတ်စ်ကတော့ ပုံစံနဲ့။ ပေါင်မုန့်နဲ့ ကြက်ဥ မကျက်တကျက်ကြော်။ ဝက်အူတောင့်။ ဝက်ပေါင်ခြောက် ခေါ် ဘေကွန် ပါတယ်။ အဲဒါက ငန်တယ်။ ပေါင်မုန့်ကို ထောပတ်သုတ်မယ်။ သူတို့ ဘရိတ်ဖတ်စ်က ကိုလက်စထော များလို့ နှလုံးရောဂါနဲ့ သွေးကြောကျဉ်းသူတွေနဲ့ မသင့်တာကို ပြောလာရတယ်။ ရောဂတ် ခေါ် ဒိန်ချဉ်စားဖို့ အားပေးတယ်။ နွားထွက်အစားအစာကို ပရိုဘိုင်အောတစ် ဖြစ်အောင် လုပ်ထားတာ။ အစာလမ်းအတွက် ကောင်းတယ်။ ဆီရီရယ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘရိတ်ဖတ်စ်ထဲမှာ ဆီရီရယ်ကို အသားပေးလာပါတယ်။ မပါမဖြစ် ဖြစ်လာတယ်။ နွားနို့နဲ့ ဖျော်သောက်ရတယ်။ ကျောင်းတွေမှာလည်း ကျွေးတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကိုလည်း စားစေတယ်။ ဆီရီရယ်အမည်က Ceres ခေါ် ရိုမန် စိုက်ပျိုးရေးနတ်သမီးကနေ လာတယ်။ ဆီရီရယ်ဆိုတာ လူတွေ စားသုံးနိုင်တဲ့ ကောက်နှံတွေကို ခေါ်တယ်။ Caryopsis ဖြစ်တယ်။ ရုက္ခဗေဒလို အင်ဒိုစပမ်၊ ဂျမ်နဲ့ ဘရန်တွေပါတဲ့ အစေ့အဆံ ဖြစ်ပါတယ်။ အနှံတခုလုံးနဲ့ လုပ်ထားမှသာ ဆီရီရယ် ခေါ်တယ်။ ဗီတာမင်တွေ + ဓာတ်ဆားတွေ + ကာဗွန်ဟိုက်ဒရိတ် ခေါ် ကစီဓာတ် + အဆီနဲ့ဆီ + ပရိုတင်းဓာတ်တွေ အစုံပါတယ်။ ကောင်းတယ်။ ဆန်၊ ဂျုံ၊ ပြောင်းဖူး၊ အနှံစားပြောင်း၊ လူး၊ ဘာလီ၊ ဆပ်တွေကို စားကြတယ်။ ဆီရီရယ်မှာ အဲဒါ တမျိုးမျိုးကနေ လုပ်ထားတယ်။ ကျနော်တို့ အစဉ်အလာ စားသုံးတာတွေက ဖြူဖွေးနေအောင် ချွတ်ထားလို့ အင်ဒိုစပမ်သာ ကျန်တယ်။ အပြင်က ဂျမ်နဲ့ ဘရန် ခေါ် ဖွဲနု မကျန်တော့လို့ အာဟာရအစုံ မရတော့ပါ။ သွားနိုင် လာနိုင်၊ ပြေးလွှားနိုင်ရုံသာ ရမယ်။ ဗီတာမင်တွေ မစုံတော့။ ခုခံအားနဲ့ အနာကျက်ဖို့ အားနည်းမယ်။ မနက်စာ အရေးပါ မနက်စာလွတ်သူတွေ ရှိတယ်။ သူများနိုင်ငံတွေမှာ လုပ်တဲ့ ၂ဝ၁၁ ခုနှစ် သုတေသန တခုမှာ အသက် ၃၅ နှစ်ကနေ ၅၄ နှစ်ရှိသူတွေထဲက ယောက်ျား ၁၈% နဲ့ မိန်းမ ၁၃% တို့ မနက်စာ မစားကြပါ။ ဆီးချိုရှိလို့ မနက်စာ မစားဘဲနေတာ မကောင်းဘူးလို့ သုတေသန တခုက ဆိုပါတယ်။ နှလုံးရောဂါရှိလို့ မနက်စာ မစားဘဲ မနေသင့်ပါ။ ကိုယ်အလေးချိန် ချချင်တာနဲ့လည်း မစားဘဲနေတာ ပိုမကောင်းပါ။ လေ့လာဆန်းစစ်မှုတခုကို လူပေါင်း ၂၇ဝဝဝ ယောက်ကိုလုပ်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာ စားခြင်းကနေ နှလုံးကို ကာကွယ်ရာကျတယ်လို့ သိလာရတယ်။ လူ ၃ သောင်းကို လေ့လာတော့ ဆီးချိုအမျိုးအစား (၂) ဖြစ်စေမှာ အခွင့်အလမ်းနည်းတာ တွေ့ရတယ်။ မနက်စာ စားသူတွေက မစားသူတွေထက် လှုပ်ရှားသွားလာတာ ပိုလုပ်နိုင်ကြတယ်။ မှတ်ဉာဏ်နဲ့ စိတ်ကူးစိတ်သန်းလည်း ပိုကြတယ်။ ကိုယ်အလေးချိန် ပိုမတိုးစေပါ။ မနက်စာကိုတော့ ကျန်းမာရေးနဲ့ ညီပါစေ။ လိုတာထက်လည်း မပိုပါစေနဲ့။ တနေ့မှာ ကယ်လိုရီ ၂ဝဝဝ လိုသူ တယောက်အတွက် ဘရိတ်ဖတ်စ် ဆီရီရယ်၏ အာဟာရတန်ဖိုးကို ဆီရီရယ် ၈၁ ဂရမ် တခွက်ကို အခြေခံပြီး တွက်ချက်ပြပါမယ်။ ကလိုရီ = ၃ဝ၇ (၁၅ ဒသမ ၄%) အဆီစုစုပေါင်း = ၅ ဂရမ် (၇%) ပြည့်ဝဆီ = ဝ့၉ ဂရမ် (၄%) ပေါ်လီမပြည့်ဝဆီ = ၁ ဒသမ ၉ ဂရမ် မိုနိုမပြည့်ဝဆီ = ၁ ဒသမ ၆ ဂရမ် ဆိုဒီယမ်ဆား = ၅ ဂ၇မ် ပိုတက်ဆီယမ် = ၂၉၃ မီလီဂရမ် (၈%) ကာဗွန်ဟိုက်ဒရိတ် = ၅၅ ဂရမ် (၁၈%) ဖိုက်ဘာ = ၈ ဂရမ် (၃၂%) သကြား = ဝ ဒသမ ၈ ဂရမ် ပရိုတင်း = ၁၁ ဂရမ် (၂၂%) ကယ်လ်စီယမ် = ၄% သံဓါတ် = ၁၈% ဗီတာမင် ဘီ-၆ = ၅% မက်ဂနီဆီယမ် = ၂၈% ဗီတာမင် အေ၊ ဗီတာမင်စီ၊ ဗီတာမင်ဒီ၊ ဗီတာမင်ဘီ-၁၂၊ ကိုလက်စထရော မရ။ အဲဒါတွေ လိုသူတွေက တနည်းနည်းနဲ့ ဖြည့်ရမယ်။ ရာခိုင်နှုန်းတွေက တနေ့တာ လိုအပ်ချက်မှာ ရနိုင်တာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဆီရီရယ် စားတဲ့အကျင့် ပျိုးထောင်သင့်ကြပါတယ်။ အရည်အသွေးမီတဲ့ ဆီရီရယ်ကို ပြည်တွင်းမှာပါ ထုတ်လုပ်နိုင်တဲ့အဆင့်ထိ ရောက်စေချင်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ ကြီးမားတဲ့အားနည်းချက်က စည်းစနစ်နဲ့ အရည်အသွေးကို မလိုက်နိုင်ကြသေးတာ ဖြစ်တယ်။ အဲတော့ သူများပဲ အားကိုးနေရတုန်းပဲ။ ဈေးကွက်ထဲမှာ နို့ရော၊ နှံစားသီးနှံတွေကောပါ ဆိုတဲ့ Bear Brand စီရီရယ်ကို တွေ့ရလို့ ဒီစာရေးဖြစ်တာပါ။ ကျန်းမာသန်စွမ်းတဲ့ မျိုးဆက်တွေကို တိုင်းပြည်က အားထားချင်နေတယ်။ ဘုန်းတော်ကြီးတွေမှာ ဆွမ်းဒကာ မရှိတဲ့အခါ အာရုံဆွမ်းအဖြစ် ဆွမ်းနဲ့ ပဲပြုတ်သာ ဘုဉ်းပေးကြရတယ်။ ဘုန်းကြီးကျောင်းတွေ လှူစရာမှာ ဆီရီရယ် ပါသင့်တယ်။ အရပ်သားတွေက ထမင်းကြမ်းခဲနဲ့ စစ်သားတွေက ကုလားပဲစိမ်းသာ စားကြရတဲ့ ခေတ်ကို ကျော်ဖြတ်ကြရအောင်။ ဒေါက်တာတင့်ဆွေ
4 years Ago

March 10, 2017

Myanmar Crown မြန်မာ့သရဖူ

  တို့တာဝန်အရေးသုံးပါးအောက်မှာ လောက်ကိုင် တိုက်ပွဲဖြစ်လာတော့ အသုံးများလာတဲ့ ဝေါဟာရ အချုပ်အခြာအာဏာ Sovereignty ကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ထားပါတယ်။ (က) Supreme power or authority အမြင့်ဆုံးပါဝါ သို့မဟုတ် အာဏာရှိခြင်း။ ဆင်တူယိုးမှား ဝေါဟာရတွေကတော့ Jurisdiction,  စီရင်ပိုင်ခွင့်နယ်မြေ၊ Rule အုပ်စိုးမှု၊ Supremacy အထွတ်အထိပ်ဖြစ်မှု၊ Dominion ဒိုမီနီယန်၊ Power ပါဝါ၊ Ascendancy ဆက်ခံပိုင်ခွင့်၊ Hegemony တဖက်သားအပေါ် လွှမ်းမိုးမှု၊ Domination စိုးမိုးမှု၊ Authority သြဇာအာဏာ၊ Control ထိန်းချုပ်မှု၊ Influence လွှမ်းမိုးမှုတွေ ဖြစ်ပါတယ်။ (ခ) The authority of a state to govern itself or another state တိုင်းပြည်တခုကို အုပ်ချုပ်ပိုင်ခွင့် သို့မဟုတ် တခြားတိုင်းပြည်ကို အုပ်ချုပ်ပိုင်ခွင့်။ ဆင်တူယိုးမှား ဝေါဟာရတွေကတော့ Autonomy ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ Independence လွတ်လပ်ရေး၊ Self-government ကိုယ်ပိုင်အစိုးရ၊ Self-rule ကိုယ့်အုပ်ချုပ်ရေး၊ Home rule ဟုမ်းရူးလ်၊ Self-determination ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်၊ Freedom လွတ်လပ်မှုတွေ ဖြစ်တယ်။ (ဂ) A self-governing state ကိုယ်ပိုင်အုပ်ချုပ်အာဏာလို့လည်း ဆိုပါတယ်။ အလွယ်ပြောရရင် ပြင်ပကနေ ဝင်ရောက်စွက်ဖက်ခွင့်မရှိတဲ့ မိမိတိုင်းပြည်ကို မိမိဘာသာ စီမံအုပ်ချုပ်ခွင့် ဖြစ်တယ်။ နိုင်ငံရေးသီအိုရီအရ တစုံတခုကနေ တခြားအရာတွေအပေါ်မှာ စီမံပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရှိတာ ဖြစ်တယ်။ ဝက်စ်ဖားလီယန် မော်ဒယ်လို့လည်း ခေါ်ပါတယ်။ Westphalian sovereignty ဆိုတာ နိုင်ငံတခုဟာ သေးသေး ကြီးကြီး ကိုယ့်တရားဝင်ပိုက်နက်ကို ကိုယ့်ဘာသာ၊ ပြည်တွင်းရေးမှာ ပြင်ပက စွက်ဖက်မှုမပါဘဲ အုပ်ချုပ်နိုင်ခြင်းမှာ နိုင်ငံတကာဥပဒေအရ အညီအမျှဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအယူအဆဟာ နှစ်သုံးဆယ် စစ်ပွဲကြီးအပြီး၊ ၁၆၄၈ မှာ သဘောတူခဲ့တဲ့ Peace of Westphalia အရ ဖြစ်တာပါ။ မြင့်မြတ်သော ရောမအင်ပါယာ၊ စပိန်၊ ပြင်သစ်၊ ဆွီဒင်နဲ့ ဒတ်ခ်ျသမ္မတနိုင်ငံတွေက လက်မှတ်ရေးထိုးခဲ့ကြတယ်။ ရောမခေတ်တုန်းက Imperium အာဏာကို လူတွေကနေ အင်ပါယာ(ဧကရာဇ်)ကို အပ်နှင်းထားတယ်။ အင်ပါယာကို ဘယ်ဥပဒေကမှ လွှမ်းမိုးလို့မရဘူး။ သူ့ပါးစပ်က ထွက်တာ ဥပဒေပဲ။ ဘာလုပ်လုပ် လုပ်နိုင်တယ်။ Absolute monarchy မြန်မာ သက်ဦးဆံပိုင်ဘုရင်တွေလိုမျိုး ဖြစ်တယ်။ အလယ်ခေတ်မှာ အုပ်စိုးရသူတွေမှာ အင်ပါယာလောက် အာဏာမရှိကြဘူး။ သူတို့ရဲ့ အာဏာတချို့ကို မြေပိုင်ရှင် မှူးကြီးမတ်ကြီးတွေနဲ့ ခွဲယူထားတယ်။ ဓလေ့ထုံးတမ်းတွေကနေလည်း ချုပ်ထားခံရတယ်။ သာမန်လူတွေမှာ တဦးချင်းမှာ ရွေးချယ်ခွင့် အထိုက်အလျောက် ရလာကြတယ်။ ပြုပြင်ပြောင်းလဲရေးခေတ်ဆိုတာ ၁၆ ရာစုနောက်ပိုင်းမှာ ဖြစ်ထွန်းလာတယ်။ ပြည်တွင်းစစ်တွေကြောင့် ဗဟိုအာဏာ လိုအပ်ချက်ကြောင့် ဧကရာဇ် အုပ်စိုးရသူတွေမှာ အာဏာပိုရလာတယ်။ ခေတ်မီပုံစံဘက်ကို ယိမ်းလာနေပြီ။ ပွင့်လင်းလာတဲ့ခေတ်မှာ ဥပဒေအရအုပ်ချုပ်ခွင့် ဖြစ်လာပြီ။ ဆိုရှယ်ကွန်ထရက် ဆိုတာ ပေါ်လာပြီ။ ဟုဘ်စ်တို့၊ ရူးဆိုးတို့က နာမည်ကြီးကြတယ်။ ဒီဖက်တို (De facto) ဥပဒေနဲ့အညီ အုပ်ချုပ်ခြင်းနဲ့  ဒီဂျူရီ (De Jure) ဥပဒေအရ မဟုတ်ဘဲ အုပ်ချုပ်ခြင်းရယ်လို့ ခွဲခြားလာပြီ။ တိုင်းပြည်တခုရဲ အချုပ်အခြာအာဏာ ရှိတာကို လွတ်လပ်မှုရှိတယ်လို့ ဆိုလိုနိုင်ပေမယ့် အဲဒီအာဏာကို တရားဥပဒေအရသာ ခံပိုင်ခွင့် ရှိတယ်။ ပြည်တွင်းအချုပ်အခြာအာဏာ ဆိုတာ အုပ်ချုပ်သူနဲ့ အုပ်စံခံရသူတွေကြား ဆက်ဆံရေးကို ပြောတာ။ နောက်ပိုင်းမှာ အာဏာခွဲဝေမှု ဖြစ်လာတာမျိုး။ ဘုရင်၊ လူထု၊ လွှတ်တော်။ ပြင်ပအချုပ်အခြာအာဏာဆိုတာ တခြားနိုင်ငံတွေအပေါ်မှာ အုပ်စိုးခွင့် ဖြစ်တယ်။ နိုင်ငံတကာဥပဒေအရ အချုပ်အခြာအာဏာဟာ တိုင်းပြည်ပိုင်နက် ပထဝီ ရေ မြေထဲမှာ တိုင်းပြည်ရေးရာတွေကို အပြည့်အဝ ထိန်းချုပ်ခွင့်ရှိတယ်။ ပြည်ပနေ အစိုးရတွေ ဖြစ်ကြတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက နော်ဝေ၊ နယ်သာလင်၊ ချက်ကိုဆလိုဗက်ကီးယား အဝေးရောက်အစိုးရတွေဟာ အဲဒီအယူအဆကို ငြင်းဆန်ခဲ့ကြတယ်။ Federation (ဖက်ဒရေးရှင်း) ဆိုတာက တိုင်းပြည်ကြီးတခုထဲမှာ အငယ်စား တိုင်းပြည်တွေမှာ သီးခြားလွတ်လပ်မှုကိုယ်စီ ရှိကြတယ်။ နိုင်ငံမဟုတ်တဲ့ စတိတ်တွေလည်း ရှိတယ်။ လူမျိုးစု၊ ယဉ်ကျေးမှု၊ သမိုင်းတွေအရ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် တောင်းကြတယ်။ ရတာတွေလည်း ရကြတယ်။ ဥရောပမှာ ဘုရင်တွေနဲ့ ခရစ်ယာန်အာဏာပိုင်တွေဟာ The divine right of kings ဘုရားသခင်က ပေးတော်မူထားတဲ့ အုပ်ချုပ်ခွင့်အာဏာကို အကြီးအကျယ် ပုံဖော်ထားခဲ့တယ်။ အင်္ဂလန်ဘုရင် ပထမဂျိမ်းစ် (၁၆ဝ၃-၁၆၂၅) လက်ထက်ကနေ စခဲ့တယ်။ ၁၆၈၈-၈၉ Glorious Revolution တော်လှန်ရေးကြောင့် မှေးမှိန်သွားတော့တယ်။ ပြင်သစ် လူဝီ-၁၄ ဘုရင်ဟာလည်း အဲဒီ ဘုရားသခင် ပေးတော်မူတယ် ဆိုတာနဲ့ အတော်ကြီး အမြတ်အစွန်း ရခဲ့တယ်။ အမေရိကန် တော်လှန်ရေး (၁၇၇၅-၈၃)၊ ပြင်သစ်တော်လှန်ရေး (၁၇၈၉) နဲ့ နပိုလီယန် စစ်ပွဲတွေကြောင့် အဲဒီအာဏာ အတုအယောင်တွေ လုံးပါးပါးသွားတော့တယ်။ ခေတ်ပြောင်းလာနဲ့အမျှ အာဏာကို တဦးတည်း လက်ထဲမှာ ထားတာ၊ ဆွေစဉ်မျိုးဆက် ဆက်ခံတာ၊ ထိပ်ဆုံးက ဒိတ်ဒိတ်ကြဲတွေချည်းသာ ခွဲယူထားကြတာတွေကနေ တဖြည်းဖြည်းနဲ့ တရားဥပဒေနဲ့ ကန့်သတ်တာ၊ အဲဒါကိုလည်း လိုအပ်ချက်တွေအရ ထပ်ပြီး ခွဲဝေပေးရတာတွေ ဖြစ်ဖြစ်လာနေတယ်။ တရားဥပဒေ ဆိုတာမှာလည်း အာဏာကို ငမ်းငမ်းတက်သူတွေက ဖွဲ့စည်းပုံကအစ အလိုကျ မရ ရအောင် ရေးတာမျိုးက ၂၁ ရာစုထဲမှာပါ ရှိနေသေးတယ်။ မြန်မာနိုင်ငံက ၂ဝဝ၈ အခြေခံဥပဒေမှာ ၁၉၆၂ ကနေ စလာခဲ့တဲ့ စစ်တပ်က ပေးတဲ့ အုပ်ချုပ်ခွင့်အာဏာပုံစံသာ အခုထိ ဆက်ရှိနေသေးတယ်။ ဆက်ခံပိုင်ခွင့်ကိုလည်း ပုဒ်မ ၅၉(စ)နဲ့ ပိတ်ပင်ထားတယ်။ ထာဝရဘုရား ပေးထားတယ် ဆိုတာတောင် ပျက်သုဉ်းသွားခဲ့ပါပြီ။ ဘာသာရေး အဆုံးအ မတည်တယ်ဆိုရင် (အရာဟူသမျှသည် အတ္တ မဟုတ်၊ ငါမဟုတ်၊ အနှစ်အသားမရှိ၊ မိမိအလိုအတိုင်း မဖြစ်) ဆိုတဲ့ အနတ္တတရား (အစိုးမရတရား) အထက်မှာ အဲဒီလိုအစိုးရမျိုး မရှိသင့်ပါ။ Dominions (ဒိုမီနီယန်) ဆိုတာကို မြန်မာနိုင်ငံက မစိမ်းပါ။ ဗြိတိသျှ ကိုလိုနီလက်ထက်မှာ လွတ်လပ်ရေးမပေးခင်က ဒိုမီနီယန်အဆင့် ပေးဖို့ ကြိုးပမ်းခဲ့သေးတယ်။ တစိတ်တပိုင်း လွတ်လပ်ရေးသဘော ဖြစ်တယ်။ လက်ခံခဲ့တဲ့ နိုင်ငံတွေက ကနေဒါ၊ သြစတေးလျ၊ ပါကစ္စတန်၊ အိန္ဒိယ၊ စီးလုံ(သီရိလင်္ကာ)၊ နယူးဇီလန်၊ တောင်အာဖရိကနဲ့ အိုင်းရစ် ဖရီးစတိတ်တွေ ဖြစ်ကြတယ်။ အဲဒီနိုင်ငံတွေအားလုံးဟာ British Crown ဗြိတိသျှသရဖူအောက်မှာသာ ရှိကြတယ်။ ကနေ့ မြန်မာပြည်ဟာ ၂ဝဝ၈ သရဖူအောက်မှာသာ ရှိတယ်။ ဒေါက်တာတင့်ဆွေ
4 years Ago
More News
Up