ဒေသတွင်းဖွံ့ဖြိုးရေး၊ ကောင်းမွန်သော စီမံအုပ်ချုပ်မှုနှင့် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဝင်းယူနတီဟိုတယ်မှာ သံလွင် နိုင်ငံသားစွမ်းရည်မြှင့်တင်ရေးအဖွဲ့နှင့် Triangle Women’s Support Group တို့ ပူးပေါင်းပြီး ကျင်းပနေပါတယ်။
ဒီအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ တိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီဥက္ကဌတွေ၊ မုံရွာစီးပွားရေးတက္ကသိုလ် တာဝန်ရှိသူတွေ၊ ဒေသတွင်း ကဏ္ဍအသီးသီးကိုလုပ်ကိုင်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ တက်ရောက်ဆွေးနွေးနေကြတာပါ။
ဇန်နဝါရီ ၆ နဲ့ ၇ ရက် ၂ ရက်တာ ကျင်းပနေတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဒေသတွင်းဖွံ့ဖြိုးရေးနဲ့သက်ဆိုင်တဲ့ စာတမ်းတွေဖတ်ကြားတာ၊ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချရာမှာ ပါဝင်တဲ့ ကဏ္ဍအကြောင်းအရာ၊ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု၊ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ၊ တရားဥပဒေစိုးမိုးရေး၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခမ်းကဏ္ဍ စတာတွေကို အဓိကထား တင်ပြမေးမြန်းဆွေးနွေးကြမှာဖြစ်ပါတယ်။
အခုလို အလုပ်ရုံဆွေးနွေးပွဲတွေကို အခြားတိုင်းနှင့်ပြည်နယ်တွေမှာလည်း ပြုလုပ်ခဲ့ပြီး တစ်နှစ်ကို အနည်းဆုံး ၆ ကြိမ်လောက်လုပ်တယ်လို့သိရပါတယ်။ အခုလိုဆွေးနွေးပွဲက ရရှိလာတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ လွှတ်တော်၊ အစိုးရအဖွဲ့တွေကို ပေးပို့သွားမယ်လို့ဆိုပါတယ်။
ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ တိုင်းပြည်တစ်ခုမှာ အရပ်ဘက်အဖွဲ့အစည်းတွေ တောင့်တင်းခိုင်မာလာလေလေ ဒီမိုကရေစီစနစ်က အမြစ်တွယ်လေဖြစ်ပြီး ဒေသတွင်းဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် ဒေသတွင်း ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုစနစ် မရှိမဖြစ်လိုအပ်သလို ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုစနစ်အတွက် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကလည်း အင်မတန်မှ အရေးကြီးတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာ ဝန်ကြီးက အဖွင့်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါသေးတယ်။
သတင်းနှင့်ဓာတ်ပုံ - အောင်ကိုလတ်
3 years Ago