ဒေသခံများ ဆန္ဒပြ

March 11, 2018

ဂျပန် နျူကလီးယားဓာတ်ပေါင်းဖို ယိုစမ့်မှု ဒေသခံများ ဆန္ဒပြ

ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယားဓာတ်ပေါင်းဖို ယိုစိမ့်မှုမှာ အစိုးရရဲ့ ဥပေက္ခာပြုမှုကို  ဒေသခံအယောက် ၁၀၀ ကျော်က လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြ ပါတယ်။ ၂၀၁၁ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို ယိုစိမ့်မှုဒဏ်ခံခဲ့ရ သူတွေအတွက်  ဂျပန်အစိုးရနဲ့ တိုကျိုလျှပ်စစ် ဓာတ်အား ကုမ္ပဏီ(TEPCO)က တာဝန်ယူ ပေးဖို့ ဆန္ဒပြသူအများစုက တောင်းဆိုခဲ့ကြတာပါ။ ဆန္ဒပြသူတွေဟာ ဒေသန္တရတရားရုံးရှေ့မှာ မတ်လ ၉ ရက်နေ့က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ “ငါတို့အလုပ်ပြန်ပေး၊ ငါ့တို့နေရာပြန်ပေး” စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်မြောက်ပြီး ဆန္ဒပြခဲ့ကြတာပါ။ ဒေသခံတရားရုံးက အခုဖြစ်ရပ်အတွက် အစိုးရနဲ့ ကုမ္ပဏီက တာဝန်ယူဖို့နဲ့ ဒေါ်လာ ၄ ဒသမ ၅၈၉ သန်း  လျှော်ကြေးပေးဖို့ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ဂျပန်အစိုးရက တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်ခံဖို့ ငြင်းပယ်ခဲ့ပါတယ်။ “အစိုးရနဲ့ ကုမ္ပဏီက သူတို့ရဲ့ ရပ်တည်ချက်ကိုပြောင်းလဲဖို့ ငြင်းပယ်နေကြပါတယ်။ သူတို့က သူတို့မှာ တာဝန် မရှိဘူးလို့ထင်နေပါတယ်။ ကျနော်တို့က အစိုးရမှာ တာဝန်ရှိတယ် လို့ ယူဆပါတယ်။ ဒီလိုမဖြစ်ရအောင် အစိုးရမှာ တားဆီးနိုင်ပါတယ်။ မတော်တဆမှု မဖြစ်အောင် ကာကွယ်ရမယ့်တာဝန် အစိုးရမှာ ရှိတာကြောင့် ခုလိုဆန္ဒပြတာ” လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ဖှုခုရှီးမား နျူကလီးယား ယိုစိမ့်မှုဒဏ်ကို ခံခဲ့ရသူ အယောက် တသောင်းလောက်ကလည်း သူတို့ရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ တရားရုံးမှာ ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။
4 years Ago

November 6, 2017

မုန်းချောင်းအတွင်း သဲကျောက်ထုတ်လုပ်မှု ရပ်ဆိုင်းပေးရန် ဒေသခံများ ဆန္ဒပြ

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းချောင်းအတွင်း သဲကျောက်ထုတ်လုပ်နေမှု ရပ်ဆိုင်းပေးဖို့ ကျောက်ကြီးမြို့အတွင်း ဒေသခံ ၅၀ လောက် ဒီနေ့ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။ မုန်းချောင်အတွင်း သဲကျောက်ထုတ်လုပ်မှုကြောင့် ကမ်းပါးပြိုကျလာလို့ ဆန္ဒပြရတာဖြစ်ကြောင်း ဆန္ဒပြသူတဦးက ပြောပါတယ်။ "ကျနော်က မိရိုးဖလာ တောင်သူလုပ်စားလာသူပါ။ အခုသဲကျောက်ထုတ်လုပ်မှုကြောင့် ကျနော်တို့ မြေကြီးတွေလည်း ဆုံးရှုံးတယ်၊ နှစ်ရှည်ပင်တွေလည်း ဆုံးတယ်၊ ကမ်းပါတွေလည်း ပြိုတယ်။ သူတို့ကပြောတယ်၊ သဘာဝလည်း ပြိုနေတာပဲ၊ သဘာဝပြိုတာက ထိန်းသိမ်းလို့ ရတယ်။ သူတို့ကျတော့ လုပ်ကြံသလို ဖြစ်သွားတယ်။ သူတို့က ဘာပြောလဲဆိုတော့ နိုင်ငံတော်က ချပေးတာ ပြောတယ်။ နိုင်ငံတော်က ရေလယ်မှာ အနက်လေးပေလို့ ချပေးတယ်။ ဒါပေမယ့် သူတို့က အဲလိုလုပ်တာမဟုတ်ဘူး၊ အနက်ကို ဆယ့်ငါးပေးကနေ ပေနှစ်ဆယ် ကျော်အထိ ယူပစ်တယ်။ အကျယ်ကျတော့ ပေတစ်ရာကျော်သွားတယ်။ အဲဒါကို ကျနော်တို့က မုန်းအုပ်ချုပ်ရေးမှုးကိုမေးတော့ နိုင်ငံတော်ကချပေးတာတဲ့၊ ဒါပေမယ့် သူတို့က နိုင်ငံတော်က ချပေးတဲ့ ဥပဒေကို ဘေးချပြီး လုပ်ချင်သလို လုပ်ပစ်တာ။ ဒီသဲကျောက်ထုတ်လုပ်မှုကို ဆက်ပြီး လိုင်စဉ်နဲ့ချပေးနေမယ်ဆိုရင် ကျနော်တို့တောင်သူတွေဟာ တစ်နှစ်တစ်ဧက ပြိုလိုက် နှစ်ဧကပြိုလိုက်နဲ့ ကြာရင် ကျနော်တို့က လမ်းဘေးရောက်မှာ" လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ကိုကျော်စွာက ဒီဗွီဘီကို ပြောပါတယ်။ ဆန္ဒဖော်ထုတ်မှုနဲ့ ပတ်သက်ပြီး ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုအုပ်ချုပ်ရေးမှူး ဦးအေးလှိုင်က "လိုင်စင်လျှောက်ထားတဲ့သူက ၁၃ ဦး ရှိပါတယ်။ အခုတော့ လိုင်စင်ချပေးထားခြင်းမရှိသေးပါဘူး။ အခုဆန္ဒပြတဲ့သူတွေနဲ့ ညှိနှိုင်းဆွေးနွေးချက်အရပေါ့နော်သူ၊ တို့တင်ပြတဲ့ အချက်တွေကို သိရတဲ့အတွက် တချို့ပုဂ္ဂိုလ်တွေဟာ လိုင်စင်လျှောက်ထားဆဲ ကာလမှပဲ သဲကျောက်ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ အဲဒါကြောင့် သူတို့ကို ခေါ်ယူသတိပေးပြီး စစ်ဆေးမှုတွေ လုပ်သွာမှာပါ” လို့ ပြောပါတယ်။ ဆန္ဒပြသူတွေက  မုန်းချောင်းအတွင်းသဲကျောက်ထုတ်လုပ်မှု အလိုမရှိ၊ မုန်းချောင်းမပျက်စီးအောင် ထိန်းသိမ်းရေး၊မုန်းချောင်းအတွင်း သဲကျောက်ထုတ်လုပ်မှု ချက်ချင်းရပ် စတဲ့ ကြွေးကြော်သံနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦးနဲ့ မြို့နယ် တာဝန်ရှိသူတွေက ဆန္ဒဖော်ထုတ်သူတွေနဲ့ လာရောက်တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ အခုဆန္ဒဖော်ထုတ်မှုဟာ ကျောက်ကြီးမြို့နယ်မှာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း )
4 years Ago
Up