ဒေသခံများကို သင်တန်းပို့ချ

July 21, 2017

မြိတ်ခရိုင်တွင် သစ်တောထိန်းသိမ်းရေ ဒေသခံများကို သင်တန်းပို့ချ

မြိတ်ခရိုင်အတွင်းရှိ ဒေသခံတွေအနေနဲ့ သစ်တောအစုအဖွဲ့ပိုင် စီမံခန့်ခွဲမှုတွေ ပြုလုပ်တတ်စေဖို့ သစ်တောဦးစီးဌာနက ဇူလိုင်လ ၂၀ ရက်နေ့က သင်တန်း စတင်ပို့ချခဲ့တယ်လို့ သိရပါတယ်။ မြိတ်ခရိုင် သစ်တောဦးစီးဌာနက ဦးစီးပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခြင်းနှင့် လူမှုစီးပွားတိုးတက်မှု သင်တန်းအမှတ်စဉ် (၁) ကို ဇူလိုင်လ ၂၀ မှ ၂၄ ရက်အထိ သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ မြို့နယ် သစ်တောဦးစီးမှူး ဦးသိန်းထွန်းက ပြောကြားခဲ့ပါတယ်။ မြိတ်မြို့၊ ထန်းလေးပင်ကျောင်းမှာ ပြုလုပ်တဲ့ အဆိုပါသင်တန်းကို မြိတ်၊ တနင်္သာရီ၊ ပုလောနဲ့ ကျွန်းစုမြို့နယ်အတွင်းက သင်တန်းသား ၅၀ ဦး တက်ရောက်နေတယ်လို့ သိရပါတယ်။ “သစ်တောတွေကို တည်ထောင်ထိန်းသိမ်းရာမှာ ဒေသခံပြည်သူတွေကိုယ်တိုင် သိရှိနားလည်ဖို့ နည်းဥပဒေတွေ၊ ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေကို သိရှိနားလည်စေချင်လို့ ဒီသင်တန်းကို ပို့ချခြင်း ဖြစ်ပါတယ်။ မြိတ်ခရိုင်အတွင်းမှာရှိတဲ့ သင်တန်းသားတွေကို ခေါ်ယူပြီး သင်ကြားပေးတာပါ။ သစ်တောထိန်းသိမ်းခြင်းနဲ့ ပတ်သက်ပြီး ဒေသခံတွေ သိရှိနားလည်သွားမယ်။ သူတို့တတွေ ဘာတွေ ဆက်လုပ်ရမလဲဆိုတာ သိရှိသွားပါလိမ့်မယ်” လို့ မြိတ်မြို့နယ်သစ်တောဦးစီးမှူး ဦးသိန်းထွန်းက ပြောပါတယ်။ အဲဒီသင်တန်းဟာ မြိတ်ခရိုင်အတွင်းမှာ ပထမဆုံးပို့ချတဲ့ သင်တန်းဖြစ်ပြီး မြို့နယ်တွေအလိုက် သစ်တောဧကတွေ သတ်မှတ်ထားပြီး လက်ရှိ ထိန်းသိမ်းမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ “ကျနော်တို့ သင်တန်း လာတက်ရတာက ကျွန်းစုမြို့နယ်အတွင်းမှာရှိတဲ့ ဒီရေတောတွေ၊ သစ်တောတွေကို အတတ်နိုင်ဆုံး ထိန်းသိမ်းချင်ပါတယ်။ သစ်တောဦးစီးဌာန၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ ဒေသခံတွေ ဟန်ချက်ညီညီ သစ်တောတွေကို ထိန်းသိမ်းသွားနိုင်ဖို့လည်း ရည်ရွယ်ပါတယ်။ ရေရှည်မှာ ဒေသခံတွေအနေနဲ့ အစုအပိုင် သစ်တောကို နှစ် ၃၀ ထိန်းသိမ်းခွင့်ရတယ် ဆိုတော့ ကိုယ်တိုင် ထိန်းသိမ်း၊ ထုတ်ယူပုံကို သေချာ လေ့လာတတ်မြောက်သွားမယ့် သင်တန်းတခုပါ”လို့ ကျွန်းစုမြို့နယ်က သင်တန်းလာရောက်တက်သူ ဦးမျိုးဦးက ပြောပါတယ်။ လက်ရှိ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာရှိတဲ့ နတ်တလင်းတောင်နဲ့ ဗိုလ်တောင်မှာ ဧက ၁၅၀ ကို ဒေသခံတွေအနေနဲ့ အစုအဖွဲ့ပိုင် ထိန်းသိမ်းခွင့်ရထားပြီး တောထွင်ကြီး ကျေးရွာမှာလည်း ဧက ၃၀၀ ထပ်မံထိန်းသိမ်းခွင့်ရရှိဖို့ တင်ပြထားတယ်လို့လည်း မြို့နယ်သစ်တောဦးစီးဌာနက သိရှိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
6 years Ago
Up