ဒေလီမြို့

March 12, 2019

ဒေလီတွင် H1N1 ဝက်တုပ်ကွေး ကူးစက်မှု တိုးလာ၊ ကူးစက်ခံရသူ ၂၈၀၀ ကျော်ရှိ

အိန္ဒိယနိုင်ငံရဲ့ မြို့တော် ဒေလီမှာ ပြီးခဲ့တဲ့ သီတင်းသုံးပတ်အတွင်း H1N1 ဝက်တုပ်ကွေး ကူးစက်မှု ၈၇၀ ကျော် ထပ်ပြီး မှတ်တမ်းတင်နိုင်ခဲ့လို့ ၂၀၁၉ ခုနှစ်အတွင်း ဝက်တုပ်ကွေး ကူးစက်ခံရသူဦးရေ ၂၈၃၅ ဦး ဖြစ်သွားပြီလို့ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးက မတ်လ ၁၁ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ မြို့တွင်းကူးစက်မှုတွေ တိုးလာနေလို့ ဒေလီအစိုးရက ကျန်းမာရေး အကြံပြုချက်ကို ဖေဖော်ဝါရီလမှာ ထုတ်ပြန်ခဲ့တယ်လို့ India Today သတင်းဌာနက ဖော်ပြပါတယ်။ H1N1 ဗိုင်းရပ်စ်ဟာ ရာသီပြောင်းတုပ်ကွေး အမျိုးအစားဝင်ဖြစ်ပြီး နှာချေ ချောင်းဆိုးရာ လေကတဆင့် ကူးစက်ပျံ့နှံ့နိုင်တယ်၊ လူချင်းထိတွေ့မှုက တဆင့်ရော ကူးစက်ခံထားတဲ့ ပစ္စည်းတွေကနေတဆင့် သွယ်ဝိုက်ပြီးရော ကူးစက်နိုင်တယ်လို့ အကြံပြုချက်က ဆိုပါတယ်။ ရောဂါကူးစက်ခံရရင် ပြသတဲ့ လက္ခဏာတွေထဲမှာ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ နှာစေး နှာခေါင်းပိတ်တာနဲ့ အသက်ရှူရခက်တာတွေ ပါပါတယ်။ တခြားလက္ခဏာတွေကတော့ ကိုယ်လက်ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ ချမ်းတုန်လာတာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ အော့အန်တာနဲ့ သွေးစွန်းတဲ့သလိပ်တွေ ထွက်တာလည်း ပါတယ်လို့ ကျန်းမာရေး အကြံပြုချက်က ဆိုထားပါတယ်။
3 years Ago
Up