ဒေလီအစိုးရကျောင်းများကို

January 18, 2018

ဒေလီအစိုးရကျောင်းများကို မိဘများ ကင်မရာမှ စောင့်ကြည့်ခွင့်ရတော့မည်

အိန္ဒိယနိုင်ငံမြို့တော် ဒေလီက ကျောင်းသားမိဘတွေ တယ်လီဖုန်း အေပီပီတွေကို အသုံးပြုပြီး အစိုးရကျောင်းတွေရဲ့ အတန်းထဲမှာရှိတဲ့ သူတို့သားသမီးတွေကို မကြာခင် စောင့်ကြည့်နိုင်တော့မယ်လို့ သိရပါတယ်။ ၃ လအတွင်းမှာ အစိုးရကျောင်းအားလုံးကို စောင့်ကြည့်ကင်မရာတွေ တပ်ဆင်တော့မယ်လို့ ဒေလီမြို့ရဲ့ဝန်ကြီးချုပ် အာဗင်ကီဂျရီဝယ်လ်က ပြောလိုက်ပြီး ဒီအပြောင်းအလဲကနေ ကျောင်းတွေ ပွင့်လင်းမြင်သာဖို့နဲ့ တာဝန်ခံမှုရှိလာဖို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလတုန်းက ကျောင်းသားလေးတယောက် လည်ပင်းပြတ်ရှဒဏ်ရာနဲ့ ကျောင်းအိမ်သာထဲမှာ တွေ့ခဲ့လို့ ဒီအစီအစဉ်က ကလေးတွေရဲ့ လုံခြုံရေးအတွက်လည်း ဖြစ်တယ်လို့ သိရပါတယ်။ ကလေး ဒီလို ဓားနဲ့တိုက်ခိုက်ခံရတာက ဒေလီမြို့နဲ့ ၃၂ ကီလိုမီတာအကွာ (၂၀ မိုင်) ဂူရူဂရမ်မြို့ ရိုင်ရန်အင်တာနေရှင်နယ် ကျောင်းမှာ ဖြစ်ပြီး အဲ့လိုဖြစ်ပြီး ရက်အနည်းငယ်အကြာမှာတော့ အသက် ၅ နှစ်အရွယ် မိန်းကလေး တဦးလည်း ကျောင်းမှာ အဓမ္မပြုကျင့်ခံခဲ့ရပါတယ်။ ဒီအစီစဉ်ကို အချို့မိဘတွေက လက်ခံကြိုဆိုချိန်မှာ အချို့တွေကတော့ မိုက်မဲတဲ့လုပ်ရပ်၊ စောင့်ကြည့်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ လက္ခဏာတခုပဲလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။ “ကျောင်းတွေမှာ ဒီလို စောင့်ကြည့်ကင်မရာ တပ်ဆင်တာက ကလေးတွေကို ရာဇဝတ်မှုတွေကနေ တားဆီးကာကွယ်ဖို့သာမက ကလေးတွေရဲ့ ကိုယ့်ကျင့်တရား ရွေးချယ်မှုနဲ့ အပြုအမှုတွေကိုပါ ထိန်းချုပ်နိုင်မယ်” လို့ ဝေဖန်သူတဦးကတော့ တွီတာပေါ်မှာ ရေးထားကြောင်း ဘီဘီစီသတင်းမှာ ဇန်နဝါရီလ ၁၇ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up