ထောင်ဖောက်မှု

January 15, 2016

ဘရာဇီးနိုင်ငံသမိုင်းတွင် အကြီးဆုံးထောင်ဖောက်မှု ဖြစ်ပွား (ရုပ်သံ)

ဘရာဇီးနိုင်ငံမြောက်ပိုင်း နာတယ်လ်မြို့က ထောင်ကနေ အကျဉ်းသားစုစုပေါင်း ၄၆ ယောက် ထွက်ပြေး လွတ်မြောက်သွားမှုဟာ ဘရာဇီးသမိုင်းမှာ အကြီးဆုံး ထောင်ဖောက်မှု ဖြစ်လာခဲ့ပါတယ်။ ထောင်သားအများစုဟာ ခိုးမှုစွဲချက်နဲ့ ထိန်းသိမ်းခံထားရတာပါ။ ၁၃၁ ပေ ရှည်တဲ့ မြေအောက်ဥမင်က တဆင့် ထွက်ပြေးလွတ်မြောက်တာလို့ ရိုင်မန်ဒို နိုနာတိုထောင်ရဲ့ ညွှန်ကြားရေးမှူးတွေက ပြောပါတယ်။ ထောင်သားအတော်များများဟာ ဇန်န၀ါရီ ၁၂ ရက်နေ့ မနက် ၃ နာရီ လောက်မှာ အငှားယာဉ်တွေ ဒါမှမဟုတ် ခြေကျင် လွတ်မြောက်သွားတာကို မြင်လိုက်သူတွေ ရှိတယ်လို့ တပ်ထိန်းရဲတွေက ဆိုပါတယ်။ တချို့ကသူတို့ ဘယ်သူဘယ်ဝါဆိုတာ သတိမထားမိအောင် ထောင်ဝတ်စုံတွေကို လမ်းတလျှောက် လွှင့်ပစ်သွားခဲ့ကြပါတယ်။ လွတ်မြောက်ထောင်ပြေး ၇ ယောက်ကို မနက်ပိုင်းမှာ ပြန်ဖမ်းမိပေမယ့် တခြားလူတွေ ဘယ်ရောက်ကုန်တယ်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။ ထောင်က ထောင်သား ၂၁၆ ယောက် ထိန်းသိမ်းနိုင်စွမ်း ရှိပေမယ့် လောလောဆယ်မှာ ဝန်ထမ်း ၁၂ ယောက်သာ ရှိတဲ့ထောင်မှာ ထောင်သား အယောက် ၄၃၀ ရှိနေပါတယ်။ ဒီလောက် လူတွေ ကြပ်ညပ်နေတာဟာ ပိုကြီးတဲ့ မတော်တဆမှုကိုတောင် ဖြစ်စေနိုင်တယ်လို့ အရပ်ဘက် တရားသူကြီး ဟင်နရစ် ဘယ်လ်တာဇာက ပြောပါတယ်။ ထောင်ဖောက်မှု မှတ်တမ်းကို ကြည့်မှ ဖြစ်မယ် အခြေအနေက ပိုဆိုးလာနေတယ်လို့ သူက ပြောပါတယ်။ အာဏာပိုင်တွေက ထောင်တွေကို ထိန်းချုပ်မှု မရှိဘူး အစိုးရက ထောင်တွေ ပိုဆောက်ဖို့ လုံးဝ စိတ်ဝင်စားမှုမပြဘူးလို့ သူက ဆက်ပြောပါတယ်။ အဲဒီထောင်မှာ မနှစ်က ထောင်ဖောက်မှု  ၃ကြိမ် ဖြစ်ခဲ့ပါတယ်။
7 years Ago
Up