ထောင်သားဟောင်းများ လူ့အဖွဲ့အစည်းအတွင်း နေသားတကျ ရှိစေရေး အိုဘားမား စီစဉ်

A d v e r t i s e m e n t With Us

November 3, 2015

ထောင်သားဟောင်းများ လူ့အဖွဲ့အစည်းအတွင်း နေသားတကျ ရှိစေရေး အိုဘားမား စီစဉ်

အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက သူ့သမ္မတသက်တမ်း နောက်ဆုံးနှစ်မှာ ထိပ်တန်းဦးစားပေးအနေနဲ့ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုကို ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့ပြီးပြီလို့ နိုဝင်ဘာ ၂ ရက်နေ့က ကြေညာပါတယ်။ ထောင်သားဟောင်းတွေကို လူ့အဖွဲ့အစည်းအတွင်း ပြန်ပြီး နေသားတကျ ရှိစေဖို့ ကူညီမယ့် လုပ်ဆောင်ချက်တွေကို ကြေညာလိုက်တာပါ။ လူတွေကိုဖမ်းပြီး ထောင်ထဲပြန်ထည့်ဖို့ မဟုတ်ဘူး၊ အကျိုးပြုနိုင်စွမ်းရှိတဲ့ နိုင်ငံသားတွေ ဖြစ်လာနိုင်မယ့် အခြေခံကောင်းတခု လူတွေကို ပေးဖို့ဖြစ်တယ်လို့ အိုဘားမားက နယူးဂျာစီပြည်နယ် နီဝ့ါခ်မြို့မှာ ပြောပါတယ်။ ထောင်သားဟောင်းတွေ ရာဇဝတ်မှုတွေကနေ ဝေးဝေးနေနိုင်ရေး ကူညီမယ့် လုပ်ဆောင်ချက် အတော်များများကိုလည်း ဖွင့်ချပြောဆိုပါတယ်။ အဲဒါတွေထဲမှာ ထောင်သားဟောင်းတွေအတွက် ၃ နှစ်အတွင်း ပြည်ထောင်စု ပညာသင်ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၈ သန်းလည်း ပါပါတယ်။ ဒါ့အပြင် အများပြည်သူနဲ့ ပြည်ထောင်စုက ပံ့ပိုးတဲ့ အိမ်ယာစခန်းတွေ လျှောက်ထားရယူဖို့ အရည်အချင်း ပြည့်မီမှုကို ဆုံးဖြတ်ရာမှာ အဖမ်းခံဖူးတဲ့ မှတ်တမ်းတွေကို သုံးတဲ့အပေါ် လမ်းညွှန်ချက် အသစ်ကိုလည်း ချမှတ်ခဲ့ပါတယ်။ အတိတ်မှာ အမှားလုပ်ဖူးတာကြောင့် လူတွေကို မပစ်ပယ်လိုက်နိုင်ဘူးလို့ အိုဘားမားက ပြောပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ နှစ်စဉ် ပြည်နယ်နဲ့ ပြည်ထောင်စု ထောင်တွေကနေ လွှတ်လိုက်တဲ့ လူ ၆ သိန်းကျော်ကို ကူညီလိမ့်မယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ အိုဘားမားဟာ အာဏာလက်ရှိဘဝမှာ ပြည်ထောင်စုအဆင့် ထောင်တွေကို သွားရောက်လည်ပတ်တဲ့ ပထမဆုံး သမ္မတ ဖြစ်လာပါတယ်။ အကြမ်းမဖက်တဲ့ မူးယစ် ရာဇဝတ်မှုတွေအတွက် ထောင်ဒဏ်အကြာကြီး ကျခံနေရတဲ့ လူအရေအတွက်ကို လျှော့ချဖို့ အောက်လွှတ်တော်က ပြစ်ဒဏ်စီရင်ရေး ပြုပြင်ပြောင်းလဲမှုကို အတည်ပြုပေးဖို့ အိုဘားမားက တောင်းဆိုခဲ့ပါတယ်။ ကမ္ဘာ့လူဦးရေ ၅ ရာခိုင်နှုန်းရှိတဲ့ အမေရိကန်နိုင်ငံမှာ ထောင်သားတွေက ကမ္ဘာ့ထောင်သားဦးရေရဲ့ ၂၅ ရာခိုင်နှုန်း ရှိနေတယ်လို့ အမေရိကန် အရပ်ဘက် လွတ်လပ်ရေးသမဂ္ဂက ဆိုပါတယ်။
5 years Ago
Up