ထောင်များတွင်

December 15, 2016

ထောင်များတွင် အကျဉ်းသား ၃၀၀၀၀ ကျော် ပိုလျှံနေ၊ ရဲဘက်စခန်းများ ဖျက်သိမ်းရန်မရှိသေး

မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားအရေအတွက်ဟာ ၀င်ဆန့်တာထက် ၃၀၀၀၀ ကျော် ပိုနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။ ဒီဇင်ဘာ ၁၄ ရက် ပြည်သူ့လွှတ်တော်မှာ တွံတေးအမတ် ဦးမြင့်လွင်ရဲ့ ရဲဘက်စခန်းတွေ ဖျက်သိမ်းဖို့ အစီအစဉ် ရှိ မရှိ မေးခွန်းကိုဖြေရင်း ပြည်ထဲရေး ဒု-ဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။ “လက်ရှိ အကျဉ်းဦးစီးဌာနအောက်မှာ အကျဉ်းထောင် ၄၆ ခု ရှိပါတယ်၊ အကျဉ်းသားဝင်ဆန့်မှုဟာ ၄၄၄၁၁ ဦးဖြစ်ပြီး လက်ရှိ အကျဉ်းသားနဲ့ အချုပ်သားဦးရေဟာ ၇၄၈၉၃ ဦးရှိသည့်အတွက် အကျဉ်းထောင်ဝင်ဆန့်မှုထက် လူပေါင်း ၃၀၀၀၀ ကျော် ပိုနေတာ တွေ့ရှိရပါတယ်။” အကျဉ်းထောင်ဝင်ဆန့်မှုထက် လူပိုနေခြင်း၊ အကျဉ်းထောင်လက်စွဲဥပဒေတို့အရ ပိုလျှံနေတဲ့ အကျဉ်းသားတွေကို တနေရာရာပို့ပြီး ချုပ်နှောင်နိုင်ခြင်းနဲ့ အကျဉ်းသားတွေကို အသက်မွေးမှု ပညာရပ်တွေ သင်ကြားပေးနိုင်ခြင်းတို့ကြောင့် ရဲဘက်စခန်းတွေ ဖျက်သိမ်းဖို့ မဖြစ်နိုင်သေးဘူးလို့လည်း ပြည်ထဲရေးဒု-ဝန်ကြီးက ပြောသွားပါတယ်။ ၁၉၆၂ ခုနှစ်ကစပြီး အလုပ်စခန်းတွေဆိုပြီး ဖွင့်လှစ်ကာ အကျဉ်းသားတွေကို ချုပ်နှောင်ထားရာက ရဲဘက်စခန်းလို့ တရားမဝင် ခေါ်ခဲ့ကြတာဖြစ်ကြောင်းလည်း ဒု-ဝန်ကြီးက လွှတ်တော်ထဲ ပြောခဲ့ပါတယ်။ မေးခွန်းမေးတဲ့ တွံတေးအမတ် ဦးမြင့်လွင်ကတော့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေချိန်မှာ အကျဉ်းသားတွေရဲ့ လုပ်အားနဲ့ နိုင်ငံမတည်ဆောက်သင့်တဲ့အတွက် ရဲဘက်စခန်းတွေ ဖျက်သိမ်းဖို့ အစီအစဉ် ရှိ မရှိ မေးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကလည်း မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတွေ သတ်မှတ်ထားတာထက်ပိုပြီး ထိန်းသိမ်းနေရတဲ့အတွက် အဆောင်တွေ တိုးချဲ့ဆောက်လုပ်ဖို့နဲ့ ထောင်ဝန်ထမ်းတွေ တိုးချဲ့ခန့်အပ်ဖို့ အကြံပြု တိုက်တွန်းထားပါတယ်။
5 years Ago
Up