ထောင်တွင်းပြုလုပ်မည်

April 21, 2018

အင်ဒိုနီးရှား လူမြင်ကွင်း ကြိမ်ဒဏ်အပြစ်ပေးမှု ထောင်တွင်းပြုလုပ်မည်

အင်ဒိုနီးရှားနိုင်ငံ ရှေးရိုးစွဲ အာချေးပြည်နယ်မှာ ရှရီယာဥပဒေကို ချိုးဖောက်လို့ ပြုလုပ်တဲ့ လူထုကြားထဲ ကြိမ်ဒဏ်အပြစ်ပေးတာကို နောက်ထပ်ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ မြို့တော်ဝန်က ဧပြီ ၁၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဒါက အင်ဒိုနီရှားနိုင်ငံရဲ့ အလယ်အလတ်ကျင့်သုံးတဲ့ ပုံရိပ်ကိုပျက်စေခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက အမျိုးသား၂ ဦး လိင်တူ ဆက်ဆံမှုကို ကြိမ်ဒဏ်ပေးတာနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ပြန်တုံ့ပြန်လိုက်တာလို့ ဆိုပါတယ်။ ဒေသဆိုင်ရာဥပဒေနဲ့ လူ့အခွင့်အရေးရုံးရဲ့ အကြီးအကဲဖြစ်သူ အိုင်အာဝန်ဒီယူဆွတ်ဖ်နဲ့ ယူစပါရူဒင်တို့က ကြိမ်ဒဏ်ပေးမှုကို အကျဉ်းထောင်တွေထဲနဲ့ အခြားအချုပ်ခန်းတွေထဲမှာသာ ပြုလုပ်ရမယ်လို့ အမိန့်ထုတ်လိုက်တာပါ။ အရွယ်ရောက်ပြီးသားတွေအနေနဲ့ ကြိမ်ဒဏ်အပြစ်ပေးမှုကို ကြည့်ရှုခွင့်ရပေမယ့် ရုပ်သံရိုက်ကူးခွင့်တော့ မရှိပါဘူး။ လူထုကြားထဲ အပြင်ဘက်မှာ ပြုလုပ်တဲ့ ကြိမ်ဒဏ်အပြစ်ပေးမှုကို ပုံမှန်ကြည့်ရှုအားပေးကြတဲ့ လူရာဂဏန်းထက် ကြည့်ရှုသူဦးရေ နည်းသွားလိမ့်မယ်လို့လည်း ဆိုပါတယ်။ ကြိမ်ဒဏ်အပြစ်ပေးတာကို အကျဉ်းထောင်အတွင်းမှာပဲ ပြုလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်က ကလေးတွေ မကြည့်အောင်နဲ့ ကင်မရာတွေ၊ ဖုန်းတွေနဲ့ ဓာတ်ပုံတွေ၊ ရုပ်သံတွေ ရိုက်ကူးလို့ မရအောင်လို့ ယူဆွတ်ဖ်က သဘောတူညီထုတ်ပြန်ချက်မှာ လတ်မှတ်ရေးထိုးပြီးနောက် ပြောခဲ့တာပါ။ အာချေးပြည်နယ်က မွတ်ဆလင်အများစုနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ရှရီဥပဒေကို ကျင့်သုံးတဲ့ တခုတည်းသော ခရိုင်ဖြစ်ပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကတော့ ထောင်တွင်းမှာ ကြိမ်ဒဏ်ပေးခြင်းကို အပေါ်ယံအဖြစ် ပယ်ချလိုက်ပြီး အာချေးပြည်နယ်အနေနဲ့ ကြိမ်ဒဏ်နဲ့ ကြိမ်ဒဏ်ပေးဖို့ ခွင့်ပြုတဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့ တောင်းဆိုလိုက်ကာ လူထုထဲမှာဖြစ်ဖြစ် ဒါမှမဟုတ် ထောင်တွင်းမှာဖြစ်ဖြစ် ကြိမ်ဒဏ်ပေးခြင်းက နှိပ်စက်မှုသာဖြစ်တယ်လို့ ဆိုပါတယ်။ အာချေးပြည်နယ်မှာ ၂၀၀၅ ခုနှစ်ကတည်းက ကြိမ်ဒဏ်အပြစ်ပေးမှုကို မိတ်ဆက်ခဲ့ပြီး အဲဒီအချိန်ကစလို့ လူရာပေါင်းများစွာ လူကြားထဲ ကြိမ်ဒဏ်ပေးခံရတယ်လို့လည်း သိရပါတယ်။
4 years Ago
Up