ထောင်တသက်တကျွန်းကျ

June 16, 2018

အဓမ္မကျင့် လူကုန်ကူးမှု ၇၅ မှုဖြင့် သြစတြေးလျ အမျိုးသား ထောင်တသက်တကျွန်းကျ

မိန်းကလေးတွေကို အဓမ္မပြုကျင့် လူကုန်ကူးမှု ၇၅ မှုအတွက် သြစတြေးလျ အမျိုးသားတယောက်ကို ဖိလစ်ပိုင် ထောင်ထဲမှာ ထောင်ဒဏ်တသက်တကျွန်း ကျခံဖို့ ဇွန် ၁၃ ရက်နေ့က ဆုံးဖြတ်ခဲ့တယ်လို့ ဖိလစ်ပိုင်သတင်း ကွန်ရက် ABS-CBN က အစီရင်ခံပါတယ်။ သူ့ကို ဖိလစ်ပိုင်နိုင်ငံအတွင်း ဘူခိစ်နွန်ခရိုင်ထဲမှာ ၂၀၁၅ ခုနှစ်က ဖမ်းဆီးအပြီး ခုလိုအမှုတွေနဲ့ စွပ်စွဲခဲ့တာပါ။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ခံ ပီတာစကောလေးဟာ လိင်ပိုင်း အလွဲသုံးစားလုပ်တာ ခံနေရတဲ့ ဖိလစ်ပိုင် ကလေးသူငယ်တွေရဲ့ ပုံကို ပြထားတဲ့ ရုပ်သံ ဇာတ်လမ်းတွဲတွေကို ထုတ်လုပ်သူပါ။ သူ့ရုပ်ရှင်တွေကို ဥရောပဖောက်သည်တွေဆီ ရောင်းသလို လိင်စိတ်နိုးဆွစေတဲ့ အင်တာနက် စာမျက်နှာတွေပေါ် တင်ပြခဲ့ပါတယ်။ သူဟာ စီးပွားရေးသမားဟောင်းဖြစ်ပြီး အတုလုပ်မှုကနေ လွတ်မြောက်ဖို့ ၂၀၁၁ မှာ သြစတြေးလျကနေ ထွက်ပြေးလာသူလို့  ABS-CBN က ပြောပါတယ်။ ခုတော့ သူဟာ နောက်ထပ် အမှုပေါင်း ၆၉ မှုကိုပါ ရင်ဆိုင်နေရပါတယ်။ သူနဲ့အတူ ကလေး ၂ ယောက်ကို အလွဲသုံးစားလုပ်ရာမှာ ပါဝင်တဲ့ သူ့မိတ်ဆွေ ကာမီအန်း အယ်လ်ဗာရဲ့စ်ကိုလည်း ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် စီရင်ခဲ့ပါတယ်။
3 years Ago
Up