ထောက်ကြန့်

July 13, 2019

ထောက်ကြန့် လှော်ကားလမ်းဘေးတွင် အလောင်း ၃ လောင်းတွေ့ရှိ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် လှော်ကားလမ်းဘေးရှိ မြက်တောထဲမှာ စွန့်ပစ်ထားတဲ့ အမျိုးသား အလောင်းနှစ်လောင်းနဲ့ အမျိုးသမီး အလောင်းတလောင်းကို ဇူလှိုင် ၁၃ ရက် မနက်ပိုင်းက တွေ့ရှိခဲ့ပါတယ်။ သေဆုံးခဲ့သူ သုံးဦးမှာ အသက် ၁၇ နှစ်မှ ၁၉ နှစ်ကြား အရွယ်ရှိပြီး အလောင်းပိုင်ရှင် မည်သူမည်ဝါကို သိရှိနိုင်ဖို့ လက်ရှိအချိန်ထိ စုံစမ်းဆောင်ရွက်နေဆဲဖြစ်တယ်လို့ ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ "သေတဲ့သူ သုံးယောက်က ဟိန္ဒူလား မွတ်ဆလင်လားတော့ သေချာ မသိဘူး။ ပြင်ပဒဏ်ရာမရှိဘဲ သေနေတဲ့ အလောင်းတွေကို လှော်ကားဘေးမဲ့တော အနီးက လမ်းဘေးခြုံထဲ ပစ်ထားခဲ့တာ" လို့ ပြောပါတယ်။ ရုပ်အလောင်း သုံးလောင်းကို အင်းစိန်ဆေးရုံကို ပို့ဆောင်စစ်ဆေးနေပြီး ကနဦး စစ်ဆေးယူဆချက်အရ ကွန်တိန်နာယာဉ်လို အလုံပိတ်ယာဉ်တစီးနဲ့ သေဆုံးခဲ့သူ သုံးဦး လိုက်ပါလာရာမှ အသက်ရှူကြပ်ပြီး သေဆုံးခဲ့တာ ဖြစ်နိုင်တယ်လို့ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့က သိရပါတယ်။ သတင်း - မေသွယ် ဓာတ်ပုံ-ပုလဲအရံမီးသတ်တပ်ဖွဲ့
2 years Ago

April 10, 2018

ထောက်ကြန့် မြို့ရှောင်လမ်းတွင် ယာဉ် ၂ စီးတိုက်မိပြီး ၆ ဦးသေ၊ ၁၆ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ မြို့ရှောင်လမ်းဆုံမှာ ဒီနေ့ မနက် ၇ နာရီခွဲလောက်က ပဲခူးဟိုင်းလတ်ယာဉ်နဲ့ မီနီဘတ်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ ၆ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မြောက်ပိုင်းခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲအုပ်ထွန်းထွန်းက “အဲဒီယာဉ်တိုက်မှုမှာ ယာဉ်မောင်း ၂ ဦးလုံး ဒဏ်ရာရရှိပြီး ဆေးရုံပို့ဆောင်ထားရတဲ့အတွက် စစ်ဆေးမေးမြန်းလို့ မရရှိသေးဘဲ ယာဉ်ပိုင်ရှင်တွေကို ဆက်သွယ်ထားပါတယ်။ ဟိုင်းလတ်ယာဉ်မောင်းကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄(က)နဲ့ တရားလိုပြုလုပ် အမှုဖွင့်ထားတယ်”လို့ ပြောပါတယ်။ ဟိုင်းလတ်အဖြူရောင်ကားက ရန်ကုန်ဘက်က မောင်းနှင်လာတာဖြစ်ပြီး ခရီးသယ်တင် မီနီဘတ်စ်ကားက ပဲခူးဘက်ကမောင်းလာကာ  မျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါ။ သေဆုံးသူ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးတို့ဟာ အသက် ၃၅ နှစ်နဲ့ ၅၀ နှစ် ဝန်းကျင်ရှိသူတွေဖြစ်ပြီး ဒဏ်ရာရရှိသူတွေကိုတော့ အင်းစိန်ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရပါတယ်။ သတင်း - မေသွယ်
3 years Ago
Up