ထောက်လှမ်းရေးအရာရှိ

March 27, 2018

နိုင်ငံ ၁၈ နိုင်ငံက ရုရှားထောက်လှမ်းရေး အရာရှိများကို နှင်ထုတ်ကြောင်း ကြေညာ

နိုင်ငံပေါင်း ၁၈ နိုင်ငံက ရုရှားထောက်လှမ်းရေး အရာရှိတွေကို နှင်ထုတ်ဖို့ ကြေညာလိုက်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက မတ်လ ၂၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဗြိတိန်ပါလီမန်အတွင်း ဝန်ကြီးချုပ် ထရီဆာမေက “ဆာဂျီနဲ့ ယူရီလာဆက်ခရီပေါလ် သားအဖအပေါ် သတ်ဖြတ်ဖို့ ကြိုးပမ်းပြီး တခြားလူတွေအပေါ် ထိခိုက်စေမှုအတွက် ရုရှားနိုင်ငံမှာ တာဝန်ရှိတယ်ဆိုတဲ့ အကဲဖြတ်ချက်ကို ကျမတို့ လက်ခံထားပါတယ်။ အီးယူခေါင်းဆောင် အားလုံးကလည်း သဘောတူကြပါတယ်။ ဒီဖြစ်ရပ်မှာ ရုရှားဖက်ဒရေးရှင်းက တာဝန်ရှိပြီး တခြား ယုတ္တိတန်တဲ့ ဖြေရှင်းချက် မရှိဘူးဆိုတဲ့ ဗြိတိန်အစိုးရ အကဲဖြတ်ချက်ကို ကောင်စီက သဘောတူကြောင်း ပြောကြားခဲ့ပါတယ်။ “ဥက္ကဋ္ဌကြီးရှင့် ဒါဟာ အီးယူနဲ့ နေတိုးအဖွဲ့ တည်ထောင်ပြီးနောက်ပိုင်း အီးယူမြေပေါ်မှာ ပထမဆုံးအကြိမ် အာရုံကြောထိခိုက်စေတဲ့အဆိပ် အသုံးပြုတိုက်ခိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ဓာတုလက်နက် အသုံးမပြုရေး သဘောတူစာချုပ်နဲ့ ကုလသမဂ္ဂ ပဋိညာဉ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြင်သစ်သမ္မတ မာခွန်း၊ ဂျာမန်ဝန်ကြီးးချုပ် မာကယ်တို့နဲ့ ဆွေးနွေးရာမှာ ဥရောပနိုင်ငံတွေဟာ ဗြိတိန်နဲ့ စည်းလုံးမှုရှိရုံတင် မဟုတ်ဘဲ ရုရှားရဲ့ အီးယူနိုင်ငံအားလုံးအပေါ် ခြိမ်းခြောက်မှုရှိတာကိုလည်း အသိအမှတ် ပြုကြပါတယ်။ ဒါကြောင့် ဥရောပကောင်စီက မော်စကိုမှာရှိတဲ့ အီးယူသံအမတ် ပြန်လည်ခေါ်ယူတာ အပါအဝင် ချက်ချင်း အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ သဘောတူခဲ့ပါတယ်။ “ဒါကြောင့် ဒီနေ့ဆိုရင် နိုင်ငံပေါင်း ၁၈ နိုင်ငံက ရုရှားထောက်လှမ်းရေးအရာရှိ ၁၀၀ ကျော်ကို နှင်ထုတ်ဖို့ ကြေညာလိုက်ပါပြီ။ အဲဒီထဲမှာ အီးယူအဖွဲ့ဝင် ၁၅ နိုင်ငံ၊  အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ ယူကရိန်းတို့ ပါဝင်ပါတယ်။ ဒါဟာ သမိုင်းမှာ ရုရှားထောက်လှမ်းရေး အရာရှိတွေကို အရေအတွက်အများဆုံး တစုတဝေးတည်း နှင်ထုတ်တာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မတ်လ ၄ ရက်နေ့က ဗြိတိန်နိုင်ငံတောင်ပိုင်းမှာ ရုရှားစပိုင်ဟောင်းနဲ့ သမီးဖြစ်သူတို့ကို အာရုံကြောထိခိုက်စေတဲ့ အဆိပ်နဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဒီတိုက်ခိုက်မှုအတွက် ရုရှားအစိုးရမှာ တာဝန်ရှိတယ်ဆိုတဲ့ ဗြိတိန်ရဲ့ စွပ်စွဲချက်ကို ရုရှားက ငြင်းဆိုထားပါတယ်။
3 years Ago
Up