ထောက်ပံ့ကြေးရယူ

April 21, 2019

မသန်စွမ်းဟန်ဆောင်လိမ်ညာပြီး ၁၂ နှစ်ကြာ ထောက်ပံ့ကြေးရယူခဲ့သူ ဖမ်းဆီးခံရ

ခြေထောက် မသန်ချင်ယောင်ဆောင်ကာ ၁၂ နှစ်နီးပါး ထောက်ပံ့ငွေ လိမ်လည်ရယူခဲ့သူတဦးကို အီတလီရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။ အဖမ်းခံရသူဟာ ရောဘတ်တို ဂူလီမီဆိုသူဖြစ်ပြီး ၄င်းကာ အီတလီအစိုးရ အပါအဝင်ဆရာဝန်တွေ၊ သူ့မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေအပါအဝင် ပုပ်ရဟန်းမင်းကြီးကိုတောင် ၁၂ နှစ်ကြာအောင်မြင်စွာ လိမ်ညာ နိုင်ခဲ့ပါတယ်။ ရောဘတ်တိုဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က ဒီလိုလုပ်ဖို့ စတင်ကြံစည်ခဲ့တာဖြစ်ပြီး ဒီလိုလုပ်ဖို့ သူ့မှာထောက်ခံချက်တွေ လိုအပ်ခဲ့ပါတယ်။ ဒီလိုလိုအပ်တာကြောင့် ရောဘတ်တိုဟာ သူ့အိမ်မှာငှားနေသူ တစ်ဦး ကိုကားနဲ့တိုက်ဖို့နဲ့ အပြန်အလှန်နေနဲ့ သူ့ဘက်ကအိမ်လခတွေကို မယူဖို့ စည်းရုံးနိုင်ခဲ့ပါတယ်။ အဲဒီနောက် မှာတော့ သူဟာ ကားတိုက်မှုကြောင့် ခြေထောက်နှစ်ဖက်စလုံး အသုံးမပြုနိုင်တော့ဘူးလို့ လိမ်ညာကာ အစိုးရထံက ပုံမှန်ထောက်ပံ့ကြေး ရယူခဲ့ပါတယ်။ ဒီလိုလိမ်ညာနိုင်ဖို့ သူဟာဆရာဝန်တွေရဲ့ စမ်းသပ်စစ်ဆေးမှုတွေမှာ ခြေထောက်တွေကို အမှန်တကယ် အသုံးမပြုနိုင်တော့ဘူးလို့ ထင်ရအောင် ဆေးထိုးမှုတွေပြုလုပ်ခဲ့ပြီး ဆေးစာ အတုပေါင်းမြောက်များစွာကိုလည်း ဖန်တီးခဲ့ပါတယ်။ အဲဒီချိန်ကနေစလို့သူဟာ မသန်စွမ်းတဦးအဖြစ် ဟန်ဆောင်ခဲ့ကာ ဘယ်သွားသွား ဝှီးချဲနဲ့ သွားရောက်ခဲ့ပါတယ်။ ဆယ်စုနှစ်တစ်စုကျော်ကြာအထိ ရောဘတ်တိုဟာ အားလုံးကို ပိပိရိရိလိမ်ညာနိုင်ခဲ့သလို ပုပ်ရဟန်းမင်းကြီးတောင် သူ့လုပ်ဇာတ်ကို ယုံကြည်သွားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရောဘတ်တိုဟာ ပုပ်ရဟန်းမင်းကြီးထံကို သူ့ဘဝနဲ့ ပတ်သက်လို့ စကားလုံးလှပစွာ သုံးနှုန်းရင်း စာတစောင်ပေးပို့ခဲ့ပါတယ်။ ဒါကို အမှန်တကယ်လို့ထင်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးက သူ့ကိုဖုန်းဆက်ပြီး ဗာတီကန်နန်းတော်ကို ခေါ်ဆောင်တွေ့ဆုံခဲ့ပါတယ်။ သူနဲ့ ပုပ်ရဟန်းမင်းကြီးတို့ တွေ့ဆုံနေတဲ့ပုံကိုလည်း သူ့ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပါတယ်။ ဒါပေမယ့် မကောင်းမှုတွေရဲ့ သဘာဝအတိုင်း နောက်ဆုံးမှာတော့ ရောဘတ်တိုရဲ့ လုပ်ဇာတ်ကြီးတခုလုံး ဘူးပေါ်သလို ပေါ်လာဖို့ အချိန်ရောက်လာခဲ့ပါတယ်။ ရောဘတ်တိုဟာ ပြီးခဲ့တဲ့ သီတင်းပတ်က တိုဂိုနိုင်ငံကို အလည်အပတ်ခရီးသွားရောက်ခဲ့ပြီး ဒီခရီးစဉ် တလျောက်လုံးမှာ ဝှီးချဲမသုံးဘဲ လူကောင်းတယောက်လို လမ်းလျောက်နေတာကို တစုံတယောက်က သတိပြုမိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့ကလည်း သူ့ကို စောင့်ကြည့်ခဲ့ကာ အီတလီကိုပြန်လာတဲ့ လေယာဉ်ပေါ်က အဆင်းမှာတင် ဖမ်းဆီးခဲ့ပါတယ်။ ရောဘတ်တိုဟာ ဝှီးချဲမပါဘဲ မတ်တပ်ရပ်အနေအထားနဲ့ လက်ထိတ်ခတ်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။ အီတလီ ရဲတပ်ဖွဲ့က ရောဘတ်တိုကို အကြီးစားလိမ်လည်မှုနဲ့ တရားစွဲဆိုခဲ့ပြီး ဒီနှစ်တွေအတွင်းမှာ သူဟာ ယူရို ၁၃၇၀၀၀ ကို လိမ်လည်ရယူခဲ့တယ်လို့လည်း သိရပါတယ်။ ရောဘတ်တိုကို ဖမ်းဆီးခံရတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ သူနဲ့ပတ်သက်တဲ့ သတင်းတွေ ထပ်မံထွက်ပေါ်လာခဲ့ပြီး သူဟာ ကောင်စီဝင်၊ ရဲအရာရှိ၊ ဗိုလ်ချုပ်ရဲ့ သူငယ်ချင်း အစရှိတဲ့ လုပ်ဇာတ်မျိုးစုံနဲ့ လိမ်ညာခဲ့တယ်လို့လည်း သိရပါတယ်။
2 years Ago
Up