ထောက်ပံ့ငွေပေးအပ်

April 3, 2018

မြောင်းမြကြိုးတံတား ပြတ်ကျရာမှာ သေဆုံးသွားသူ၂ ဦး၏ မိသားစုကို ထောက်ပံ့ငွေပေးအပ်

မြောင်းမြကြိုးတံတား ပြတ်ကျရာမှာ သေဆုံးသွားခဲ့ကြတဲ့ ကားသမား နှစ်ဦးရဲ့ မိသားစုတွေကို သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေက ငွေကျပ် ၂၆ သိန်းစီ ထောက်ပံ့ကြေး ပေးအပ်လိုက်ပါတယ်။ ဧပြီ ၁ ရက်မနက် ၁ နာရီ ၄၅ မိနစ်က မြောင်းမြ မြစ်ကူးကြိုးတံတားကြီး ရွေးမြစ်ထဲကို ပြတ်ကျသွားရာမှာ ခြောက်ဘီးကုန်တင်ယာဉ်နဲ့အတူ ယာဉ်မောင်း မဲကြီး(ခ)သန့်ဇော်ထိုက်နဲ့  ယာဉ်နောက်လိုက်တဦးတို့ မြစ်ထဲသို့ ပြုတ်ကျ သေဆုံးသွားခဲ့တာပါ။ သေဆုံးသူတဦးကို ဆောက်လုပ်ရေးဝန်က ကျပ်သိန်း ၂၀ ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က ငွေကျပ် ၃ သိန်း၊ လူမှုထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက ငွေကျပ် ၃ သိန်း စုစုပေါင်း ငွေကျပ် ၂၆ သိန်းစီကို သူတို့ရဲ့မိသားစုဝင်တွေထံ မနေ့ညနေက ပေးအပ်ခဲ့ပါတယ်။ သေဆုံးသူ ကိုသန့်ဇော်ထိုက်ရဲ့ ဇနီးဖြစ်သူကတော့ သူ့ရဲ့ အမျိုးသားဟာ သူတို့မိသားစုကို ရှာဖွေကျွေးမွေးနေသူ ဖြစ်တာကြောင့် သူ့ယောက်ျားကို ဒီငွေတွေနဲ့ မလဲနိုင်ဘူးလို့ ပြောပါတယ်။ တံတားပြတ်ကျရာမှာ ကုန်ကားနဲ့အတူ ပါသွားတဲ့သူ နှစ်ဦးထဲက တဦးဖြစ်တဲ့ ယာဉ်မောင်း ကိုသန့်ဇော်ထိုက်ရဲ့ အလောင်းကိုတော့ မနေ့ညနေပိုင်းက ရှာဖွေဆယ်ယူ ရရှိခဲ့ပါတယ်။ သူနဲ့အတူပါသွားတဲ့ ယာဉ်နောက်လိုက်ကတော့ ကားနဲ့ညပ်နေတဲ့အတွက် ဧပြီ ၂ ရက် ညနေပိုင်းအထိ အလောင်း ဆယ်ယူနိုင်ခြင်း မရှိသေးပါဘူး။
3 years Ago

February 28, 2018

လှေမှောက်သေဆုံးသည့် ကျောင်းသားမိသားစုဝင်များကို ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအင်းထဲမှာ ဖေဖေါ်ဝါရီ ၂၅ ရက်က လှေမှောက်သေဆုံးခဲ့တဲ့ ကျောင်းသား ၉ ဦးရဲ့ မိသားစုဝင်တွေကို ဖေဖော်ဝါရီ ၂၇ ရက် က ထောက်ပံ့ငွေပေးအပ်လိုက်ပါတယ်။ ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဌာနဦးစီးမှူး ဒေါ်လှကေသီမာနဲ့ အဖွဲ့ဝင်တွေ၊ မိုးညှင်းမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဇော်၊ မိုးညှင်းခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးညွန့်ငွေ၊ ခရိုင်လူမှုကယ်ဆယ်ရေးဌာနမှဦးစီးမှူး ဦးကျော်နိုင်ဌေးနဲ့  မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲအောင်တို့က သေဆုံးသူ ကျောင်းသားမိသားစုဝင်တဦးချင်းစီကို ငွေကျပ် ၃ သိန်းစီ ပေးအပ်ခဲ့ပါတယ်။ နာရေးအခမ်းအနား တက်ရောက်တဲ့ ဒေသခံ အမျိုးသားတယောက်က “အင်းတော်ကြီးမှာ စက်လှေမှောက်ပြီးလူသေတယ်ဆိုတာ ရှားပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ အချိန်တုန်းကလည်း အဲဒီနေရာ။ အဲဒီအချိန်မှာ ခုလိုမျိုး ၉ ဦး အသက်ဆုံးဖူးတယ်။ ခုနဲ့ဖြစ်စဉ်တူတယ်။ လှေမှာပါတာ အများကြီးဘဲ။ ဒါပေမယ့် ၉ ယောက်ဘဲသေတယ်။ ဒီလိုဘဲ နောက်တနေ့မှ ပြန်ဆယ်ယူလို့ရတယ်” လို့ ပြောပါတယ်။ လှေမှောက်ပြီးသေဆုံးခဲ့တဲ့ လုံးစန့်ကျေးရွာက ၈တန်းကျောင်းသူတွေဖြစ်တဲ့ မနွယ်နွယ်ဝင်း၊ မသဲသဲမူ၊ မပြည့်ဖူးသော်၊ မအိအိမွှေး၊ မမျိုးသန္တာထွန်း၊ မအိဖြိုးနိုင်၊ မမိုးမြင့်သူ၊ မအေးမြတ်နိုးသူ၊ မောင်အောင်မျိုးဝင်းတို့ရဲ့ မိသားစုတွေကို သက်ဆိုင်ရာက ထောက်ပံ့ ငွေတွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
3 years Ago
Up