တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက် မြောက်ကိုရီးယား လက်ခံဟု တောင်ကိုရီးယားပြော

January 5, 2018

တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက် မြောက်ကိုရီးယား လက်ခံဟု တောင်ကိုရီးယားပြော

တောင်ကိုရီးယားက ဇန်နဝါရီ ၉ ရက်နေ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းမှုကို မြောက်ကိုရီးယားက လက်ခံလိုက်တယ်လို့ တောင်ကိုရီးယားရဲ့ နှစ်နိုင်ငံ ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ကို ဆိုင်းငံ့လိုက်အပြီးမှာ မြောက်ကိုရီးယားက ဆွေးနွေးဖို့ လက်ခံလိုက်တာလည်း ဖြစ်ပါတယ်။ တောင်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ဆွေးနွေးပွဲဟာ နှစ်နိုင်ငံနယ်စပ်က ပန်မွန်ဂျုံကျေးရွာမှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ပြုံချမ်းအိုလံပစ်ပွဲမှာ မြောက်ကိုရီးယား ပါဝင်ဆင်နွှဲရေးကိစ္စနဲ့ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ကိစ္စ ဆွေးနွေးသွားမယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ တောင်-မြောက် နှစ်နိုင်ငံပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဘိတ်တေဟန်းက ပြောပါတယ်။ မြောက်ကိုရီးယားက စာရွက်စာတမ်း လဲလှယ်တဲ့ ပုံစံမျိုးနဲ့ နောက်ထပ်ဆွေးနွေးပွဲတွေ ကျင်းပဖို့ တောင်းဆိုခဲ့တယ်လို့ ဘိတ်တေဟန်းက ထပ်လောင်းပြောကြားပါတယ်။ အခုလုပ်မယ့် ဆွေးနွေးပွဲမှာ ဘယ်ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးမယ် ဆိုတာကိုတော့ နှစ်နိုင်ငံစလုံးက အတည်ပြုပြောကြားတာမျိုး မရှိသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up