တောဝက် ဘောလုံးအသင်း

July 19, 2018

ပိတ်မိဂူထဲ ရှင်သန်ဖို့အရေး တောဝက်လူငယ်လေးများ ဘယ်လိုရုန်းကန်ခဲ့သလဲ

ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ရှိ ဒွိုင်နန်းနွန်းဂူကြီးတွင်း ပိတ်မိခဲ့တဲ့ တောဝက် အကယ်ဒမီဘောလုံးအသင်းအဖွဲ့ဝင် လူငယ် ၁၃ ဦး အတွေ့အကြုံရှင်းပွဲနဲ့ အိမ် အပြန်နှုတ်ဆက်ပွဲကို မနေ့ညနေ ၆ နာရီက ချင်းရိုင်းခရိုင် စီမံခန့်ခွဲရေးရုံးကြီးမှာ ကျင်းပခဲ့ပါ တယ်။ အခမ်းအနားကို စင်မြင့်အောက်က ဘောလုံးကွင်းလေးလို ပြင်ဆင်ထားပြီး လူငယ် ၁၃ ဦးမှ ဘောလုံးဝတ်စုံနဲ့ အရင်ဝင်ရောက်လာကာ ဘောလုံးကစားနေစဉ် အပြင်မှ တောဝက်ဘောလုံး အသင်းအဖွဲ့ဝင်တွေနဲ့ ဦးစွာတွေ့ဆုံနှုတ်ဆက်စေပါတယ်။ ဒါကို အစီစဉ်ကြေညာသူက ဂူထဲက တောဝက် နဲ့ ဂူအပြင်က တောဝက်တွေ တွေ့ကြပြီလို့ အရွှန်းဖောက်စတင်လိုက်ပါတယ်။ အဲဒီ အတွေ့အကြုံရှင်းပွဲကို ပြည်တွင်းပြည်ပသတင်းဌာနတွေ ရာနဲ့ချီလာရောက်သတင်း ယူကြတဲ့အတွက်  လူငယ်တွေ စိတ်ဖိစီးစေတဲ့ မေးခွန်းတွေပါ ပါလာမှာစိုးလို့ ကြိုတင်တောင်းထားတဲ့ မေးခွန်းတွေကို စိတ်ပိုင်းဆိုင်ရာဆရာဝန်တွေက စုစည်းရွေးချယ်ပြီး လွတ်လပ်ပေါ့ပါးစွာ မေးမြန်းခဲ့ပါတယ်။ လူငယ်တွေကို မမေးခင် အရင်ဆုံး ချင်းရိုင်းဆေးရုံအုပ်ကြီး၊ တာဝန်ကျဆရာဝန် နဲ့ စိတ်ပိုင်းဆိုင်ရာဆရာဝန်၊ သူတို့နဲ့အတူ ဂူထဲမှာ တပတ်ကြာနေထိုင်ခဲ့တဲ့ ဆေးတပ်ဆရာဝန်တို့က သူတို့ ကုသမှုအပိုင်းနဲ့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ/ကိုယ်ပိုင်း ဆိုင်ရာ ကျန်းမာရေး အခြေအနေတွေ ကြံ့ခိုင်ကောင်းမွန်ပြီဖြစ်ကြောင်း၊ ဒါပေမယ့် အိမ်ပြန်ရောက်ရင် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့ မေးမြန်းပြောဆိုမှုတွေပေါ် ခံနိုင်ရည်ရှိအောင် စိတ်ဓာတ်ခွန်အားပြင်ဆင်ထားဖို့ မှာကြားသွားပါတယ်။ အဲဒီနောက် သတင်းထောက်အများစုက သိလိုတဲ့ ကလေးတွေရဲ့ ဂူတွင်းအတွေ့အကြုံ၊ အခက်အခဲကျော်လွန်ခဲ့ပုံတွေကို ကယ်ဆယ်ရေးရေငုပ်သမားနဲ့ စပြီးတွေ့တဲ့အချိန်ကစ ဟာသနှောပြီး ပြန်ပြောစေခဲ့ပါတယ်။ ကလေးတွေက သူတို့ဟာ နုမ်းဆောင်ကမူရဲ့ အထက်ဘက်မှာရှိနေတာဖြစ်ပြီး လူသံလိုလိုကြားလို့ အောက်ကိုဆင်းလာတဲ့အခါ တကယ်ပဲ ကယ်ဆယ်ရေးသမားဖြစ်နေလို့ အံ့သြ၀မ်းသာဖြစ်ရပုံ၊ အင်္ဂလိပ်နဲ့ စကားသိပ်မပေါက်တော့ ကမောက်ကမဖြစ်ရပုံတွေ ပြန်ပြောပါတယ်။ အဲဒီနောက် ဂူထဲစပြီးဝင်ရောက်ပုံတွေ ပြန်ပြောရာမှာ သူတို့ဟာ ဂူထဲမှာ ၁ နာရီကြာသာ လည်ပတ်ဖို့ ၀င်ရောက်သွားပြီး ဘာစားစရာမှပါမသွားကြောင်း၊ သူတို့ထဲက ၁ ယောက်ရဲ့ မွေးနေ့ဆိုတာလည်း အိမ်မှာမိဘတွေက အသင့်ပြင်ဆင်ထားလို့ ဂူကအပြန်ကျမှ ၀င်စားကြဖို့ ဖြစ်ကြောင်း၊ သူတို့ဟာ ပတ္တယားကမ်းခြေအလွန်ထိရောက်သွားပြီး အိမ်ပြန်ဖို့ထွက်လာတဲ့အခါ လမ်းဆုံနားရောက်တော့ ရေတွေကြီးလာလို့ အပြင်ထွက်လို့ မရတော့ကြောင်း၊ သူတို့အား လုံးဟာ ရေကူးတတ်ပေမယ့် မကျွမ်းကျင်ကြောင်း၊ နည်းပြ ခို့စ်အေခ်ကတော့ ရေငုပ်ပြီး လမ်းစကို ထွက်ရှာခဲ့သေးကြောင်း၊ ဒါပေမယ့် ထွက်လို့လုံးဝမရတာကြောင့် ရေစီး လမ်းကြောင်းလွဲဖို့ မြေတူးမြေဖို့တာတွေ လုပ်ခဲ့ကြောင်း၊ ဒါပေမယ့် ရေကပြန်တိုက်စားသွားလို့  ဂူအတွင်းပိုင်းပြန်ဝင်ပြီး လမ်းဆုံနဲ့ မီတာ ၂၀၀ လောက်ဝေးတဲ့ သဲသောင်ပြင်နဲ့ ကျောက်စက်ရေသောက်လို့ရတဲ့နေရာမှာ အိပ်စက်ခဲ့ပါတယ်။ သူတို့စိတ်ထဲမှာ ရေတွေပြန်ကျသွားမယ်၊ ကယ်ဆယ်ရေးအဖွဲ့တွေ လိုက်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေကြောင်း၊ တချိန်တည်းမှာလည်း သူတို့ဟာ ဂူနံရံကိုကျောက်တုံးတွေနဲ့ ထုခွဲပြီး ထွက်ပေါက်ရှာနေခဲ့ကြောင်း၊ ဒါပေမယ့် ဂူထဲ ရေတွေပိုများလာလို့ ရှောင်တိမ်းရင်းနဲ့ အတွင်းပိုင်း ဘက်ပြန်ရောက်လာကြောင်း၊ ၅ ရက်မြောက်နေ့မှာ ထွက်လမ်းအတွက်တိုင်ပင်ရာမှာ (၁) ရှေ့ဆက်သွားပြီး ဂူကြီးရဲ့ အဆုံးပိုင်းထွက်ပေါက်ကိုရှာဖွေဖို့၊ (၂)  ရေလွတ်တဲ့ တနေရာကနေ ကယ်ဆယ်ရေးအဖွဲ့ကို စောင့်ဖို့ စဉ်းစားခဲ့ကြောင်း၊ ဒါပေမယ့် ဂူကြီးရဲ့ အဆုံးပိုင်းထွက်ပေါက် ဘယ်နေရာရှိမှန်းမသိဘဲ ရှာဖွေရင်းနဲ့ အားကုန်သွားနိုင်တဲ့အတွက် ၂ အချက်ကို ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအချိန်က စိတ်ခံစားချက်တွေကတော့ မိဘတွေဆူမှာကြောက်တာ၊ အိမ်စာတွေပိမှာဖြစ်ပြီး အစားအစာအကြောင်းတွေချည်း တွေးနေတယ်လို့ ဆိုပါတယ်။ သူတို့ဟာ ဂူထဲမှာပိတ်မိစဉ် တယောက်ကိုတယောက်အားပေးတာ၊ ဗိုက်ဆာရင်ရေအ၀သောက်တာ၊ ဘုရားရှိခိုး တရားထိုင်တာတွေ လုပ်ခဲ့ပါတယ်။ ဂူထဲကနေ အပြင်ကို ခေါ်ထုတ်တဲ့အခါ ဘယ်လိုလူကို ဦးစားပေးရွေးသလဲလို့ ပရီစင်တာက မေးမြန်းရာမှာ SEAL တော်ဝင်ရေတပ်ဖွဲ့က နည်းပြခို့စ်အေခ်ရဲ့ သဘောထားကို မေးခဲ့ကြောင်း၊ နည်းပြက အိမ်ဝေးတဲ့သူတွေကို အရင်ပို့ဆောင်ပေးဖို့၊ သူတို့ အပြင်ရောက်ရင် စက်ဘီးစီးပြန်ပြီး လူကြီးတွေကို စိတ်မပူဖို့နဲ့   ထမင်းဟင်းအသင့်ပြင်ထားဖို့ မှာလိုက်တယ်လို့ ဆိုပါတယ်။ အခုလို ဂူထဲပိတ်မိတဲ့အပေါ် သူတို့ရရှိခဲ့တဲ့ အမှတ်တရနဲ့ သင်ခန်းစာယူစရာတွေ မေးမြန်းရာမှာ သူတို့နဲ့အတူ ဂူထဲနေပြီး ဆေးကုပေး၊ အဖော်လုပ်ပေးခဲ့တဲ့ စစ်တပ်ဆရာဝန်နဲ့ တော်ဝင်ရေတပ်က ရေငုပ်သမား ၃ ဦးဟာ မိသားစုလိုသံယောဇဉ်ဖြစ်သွားကြောင်း၊ အသက်ပေးကယ်ဆယ်ခဲ့တဲ့ ရေငုပ်သမား တပ်ကြပ်ကြီး ဆဲမ်းအတွက် အလွန်ဝမ်းနည်းမိသလို ကိုယ့်ကိုယ်ကိုယ်လည်း ပြသနာအစရှာခဲ့သူလို့  အပြစ်တင်မိကြောင်း ပြောပါတယ်။ လူငယ်အတော်များများဟာ မိဘကိုခွင့်မတောင်းဘဲ ဂူထဲဝင်ခဲ့မိလို့ အလွန်နောင်တရမိကြောင်း၊ မထင်မှတ်ဘဲ ၀င်လာတတ်တဲ့ သဘာဝဘေးအန္တရာယ်၊ သည်းခံခြင်း၊ ကြံ့ခိုင်ခြင်းနဲ့ အရှုံးမပေးခြင်းတို့က အခက်အခဲကျော်လွန်နိုင်တာကို သိရှိရကြောင်း၊ နောင်ကို ဘာလုပ်လုပ် အရင်ဆုံးသေချာစဉ်းစားဆင်ခြင်မယ်၊  သတိထားမယ်၊ ဒီအတွေ့အကြုံ သင်ခန်းစာတွေနဲ့ ဘ၀ကို တန်ဖိုးအရှိဆုံးနေထိုင်သွားမယ်လို့ ပြောကြပါတယ်။ ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရပေမယ့် မိမိရဲ့နဂိုရည်မှန်းချက်တော့ ပျောက်မသွားကြောင်း၊ လူငယ်အတော်များများက နိုင်ငံကိုယ်စားပြု လက်ရွေးစင်ဘောလုံးသမားဖြစ်ဖို့ ရည်မှန်းချက်ရှိသလို တပါးသူတွေ ပြန်ပြီးကယ်တင်နိုင်ဖို့ ရေတပ်သား၊ ရေငုပ်သမားတွေ ဖြစ်ချင်တယ်လို့လည်း ပြောပါတယ်။ သူတို့ ၁၃ ယောက်လုံးဟာ အသက်ပေးကယ်ဆယ်ခဲ့သူ တပ်ကြပ်ကြီးဆဲမ်းကို ရည်စူးပြီး ဒုလ္လဘ  ၀တ်မယ်လို့လည်း ပြောပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်ကလည်း ကလေးတွေ အိမ်ပြန်ရောက်တဲ့ခါ ပုံမှန်သွားလာနေထိုင်၊ အေးဆေးစွာပညာသင်ကြားစေလိုကြောင်း၊ ဒါကြောင့် သတင်းမီဒီယာတွေ၊ အိမ်နီးနားချင်း ပတ်ဝန်းကျင်က လူတွေအနေနဲ့ နည်းနည်းအချိန်ပေးပြီးမှ သူတို့ကို တွေ့ဆုံမေးမြန်းစေလိုေ ကြာင်း မေတ္တာရပ်ခံသွားပါတယ်။ ချင်းရိုင်းခရိုင်ဝန်ကလည်း ကလေးတွေ နောက်ဆက်တွဲစိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးတွေအတွက် ခရိုင်လူမှုဖွံ့ဖြိုးရေးနဲ့ လူသားရင်းမြစ်တည်တံ့ရေးဌာနက တာဝန်ယူ ကြည့်ရှုစောင့်ရှောက်ပေးသွားမယ်လို့ ပြောပါတယ်။ အဲဒီနောက် သူတို့ကို စိုးရိမ်ကြီးစွာနဲ့ ကယ်ဆယ်ရေးထောက်ပံ့မှုတွေပေးခဲ့သူ ထိုင်းဘုရင်ကြီးရဲ့ ဓာတ်ပုံကို ရှိခိုးကန်တော့ပြီး ခရိုင်ဝန်က အမှတ်တရ ပစည်းတွေ ပေးအပ်ကာ သက်ဆိုင်ရာ မိဘဆွေမျိုးတွေနဲ့အတူ အိမ်ပြန်ခဲ့ကြပါတယ်။
3 years Ago
Up