တောဝက်ဘောလုံးအသင်း

September 26, 2018

တောဝက်လူငယ်များ အာဂျင်တီးနား လူငယ်အိုလံပစ်ပွဲနှင့်အမေရိကန် သွားမည်

ပြီးခဲ့တဲ့ ၃ လက ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်ကျောက်ဂူတွင်း ပိတ်မိပြီး ပြန်လွတ်မြောက်လာခဲ့တဲ့  တောဝက်အကယ်ဒမီဘောလုံးအသင်း နည်းပြ ၁ ဦး နဲ့ လူငယ် ၁၂ ဦးတို့ဟာ လာမယ့်အောက်တိုဘာ လဆန်းပိုင်းမှာ အာဂျင်တီးနားနဲ့ အမေရိကန်နိုင်ငံကို သွားရောက်မယ်လို့  Sanook news ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ အာဂျင်တီးနားနိုင်ငံ Buenos Aires မှာ ကျင်းပမယ့် လူငယ်အိုလံပစ်အားကစားပွဲ တက်ရောက်ဖို့ နိုင်ငံတကာ အိုလံပစ်ကော်မတီဥက္ကဋ္ဌ Thomas Bach  ရဲ့ ဖိတ်ခေါ်ချက်အရ သွားရောက်ကြမှာဖြစ်ပါတယ်။ တောဝက်လူငယ် ၁၃ ဦး နဲ့အတူ ချင်းရိုင် ဒုခရိုင်ဝန်၊ မယ်ဆိုင်မြို့နယ်မှူး၊ ချင်းရိုင်ခရိုင် ယဉ်ကျေးမှု ဦးစီးဌာန ညွှန်ကြားရေးမှူး နဲ့  ဂူတွင်းပိတ်လူငယ် ကယ်ဆယ်ရေးလုပ်ငန်းဥက္ကဋ္ဌ နိုင်းနရုန်းဆတ် အိုဆုခ်ထနားကွန်းတို့ပါ အတူလိုက်ပါသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ တောဝက်လူငယ် နဲ့ တာဝန်ရှိသူတွေဟာ အောက်တိုဘာ ၃ ရက်နေ့ ညနေ ၃ နာရီမှာ  ချင်းရိုင်ခရိုင် မယ်ဖှလုန်လေဆိပ်မှ စမိုင်းလ်လေကြောင်းလိုင်းနဲ့ ဘန်ကောက်သုဝဏ္ဏဘူမိကို သွားမှာဖြစ်ကြာင်း၊ ည ၁၁ နာရီချိန်မှာတော့ Turkish လေကြောင်းလိုင်းနဲ့ Istanbul နိုင်ငံတ ကာလေဆိပ် ရောက်ရှိမှာဖြစ်ပြီး  အောက်တိုဘာ ၄ ရက် မနက် ၅ နာရီခွဲမှာ အာဂျင်တီးနား နိုင်ငံကို ထွက်ခွာမှာဖြစ်ပါတယ်။ တောဝက်ဘောလုံးအသင်း လူငယ်အဖွဲ့ဟာ အာဂျင်တီးနားနိုင်ငံမှာ ၃ ရက်နေပြီးရင် အမေရိကန်နိုင်ငံကို ခရီးဆက်လက်ထွက်ခွာမှာဖြစ်ကြောင်း၊ အောက်တိုဘာ ၁၁ ရက်နေ့မှာတော့ နယူးယောက်မြို့ NBC ရုပ်သံဌာနရဲ့ Today Show  နဲ့ Late Night အစီအစဉ်က လူငယ်တွေကို ဂူတွင်းအတွေ့အကြုံ အင်တာဗျူးကြမှာဖြစ်ပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ နယူးယောက်မြို့ရှိ ထိုင်းကောင်စစ်ဝန်ရုံးမှာ အမေရိကန်က မီဒီယာတွေနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။ သူတို့ဟာ အောက်တိုဘာ ၁၉ ရက်နေ့ အမေရိကန်မှပြန်လည်ထွက်ခွာပြီး အောက်တိုဘာ ၂၀ မှာ ထိုင်းနိုင်ငံ သုဝဏ္ဏဘုမိလေဆိပ်ကနေ ချင်းရိုင်ကို ပြန်ရောက်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ သီတင်းကျွတ်ကျောင်းပိတ်ရက်ထဲမှာ ရှိတဲ့အတွက် လူငယ်တွေရဲ့ ကျောင်းစာ / ပညာရေးတစုံတရာ ထိခိုက်မှူမရှိဘူးလို့ တာဝန်ရှိသူက သတင်းထောက်တွေကို  ပြောပါတယ်။ မယ်ဆိုင်မြို့ တောဝက်အကယ်ဒမီဘောလုံးအသင်းက အသက် ၂၅ နှစ်ရွယ် နည်းပြ ခို့ခ်ျအေခ် နဲ့ အသက် ၁၁ နှစ်မှာ ၁၆ နှစ်ကြား လူငယ် ၁၂ ဦးတို့ဟာ လွန်ခဲ့တဲ့ ၃ လက ထိုင်းနိုင်ငံမှာ အကြီးဆုံးဖြစ်တဲ့ ကျောက်လိုဏ်ဂူကြီးထဲ သွားရောက်လည်ပတ်ရင်း ဂူထဲမှာ ရေကြီးလာလို့ ဆယ်ရက်ကျော် စားစရာမရှိ ပိတ်မိနေခဲ့ပါတယ်။ သူတို့တွေကို ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေ ထောင်နဲ့ချီ ခက်ခဲစွာကယ်တင်ခဲ့ပြီးတဲ့နောက် ဒီဖြစ်ရပ်ဟာ  ကမ္ဘာကျော်သွားခဲ့တာဖြစ်ပါတယ်။
3 years Ago

July 8, 2018

ပိတ်မိကလေးငယ်များထဲမှ ၄ ဦးကို ကယ်ထုတ်နိုင်ပြီ

လိုဏ်ဂူအတွင်းမှာ နှစ်ပတ်ကျော်ကြာပိတ်မိနေတဲ့ ကလေးတွေထဲက ၄ ဦးကို ကယ်ဆယ်ရေးသမားတွေက ဇွန်လ ၈ ရက်နေ့မှာ ကယ်ထုတ်နိုင်ခဲ့ပြီလို့ တာဝန်ရှိသူတွေက ပြောကြောင်း CBS သတင်းမှာဖော်ပြပါတယ်။ ကယ်ဆယ်ရေးရဲ့ နောက်တစ်ဆင့်ကတော့ ဂူထဲမှာကျန်နေသေးတဲ့ လူတွေကို ကယ်ဆယ်ဖို့ နောက်ထပ် ၁၀ နာရီကနေ နာရီ ၂၀ အတွင်း စတင်မယ်လို့ ထိုင်းအရာရှိတဦးက ပြောပါတယ်။ ဇူလိုင် ၈ ရက်နေ့ည လိုဏ်ဂူအနီးမှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ချင်းရိုင်ခရိုင် အုပ်ချုပ်ရေး မှူးဖြစ်သူက “ကျန်းမာရေးအကောင်းဆုံးကလေးများကို ဦးစွာကယ်ထုတ်လာခြင်းဖြစ်ကြောင်းနဲ့ ပထမဆုံး နှစ်ဦးကို ဒေသစံတော်ချိန် ညနေ ၅ နာရီ၄၀ နဲ့ ၅ နာရီ ၅၀ အချိန်မှာ ကယ်ထုတ်ပြီး ကျန်နှစ်ဦးကာ နောက်၂ နာရီ အကြာမှာ ဘေးကင်းစွာကယ်ထုတ်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။ အုပ်ချုပ်ရေးမှူးဖြစ်သူ နာရွန်ဆတ်က ကယ်ဆယ်ရေးစီမံကိန်းဟာ ထင်ထားတာထက် ပိုမိုအဆင်ပြေချောမွေ့ကြောင်းလလည်း ဆက်လက်ပြောကြားပါတယ်။ ဂူထဲက ကယ်ထုတ်လာတဲ့ ကလေး ၄ ဦးကို လက်ရှိအချိန်မှာ ရဟတ်ယာဉ်နဲ့ ချင်းရိုင်ဆေးရုံကို ပိုဆောင်ပေးခဲ့ပြီဖြစ်ပြီး ဆေးရုံမှာသူတို့ဟာ မိသားစုနဲ့ ပြန်လည်စုံစည်းမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ကလေးတွေရဲ့ကျန်းမာရေးအခြေအနေကိုတော့ လက်ရှိအချိန်ထိ မသိရသေးပါဘူး။       အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အတွင်းအသီးသီးရှိတဲ့ ကလေးတွေဟာ အသက် ၂၅ နှစ်အရွယ် သူတို့နည်းပြဖြစ်သူနဲ့အတူ ဂူထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုက သူတို့ရဲ့ ထွက်ပေါက်ကို အဟန့်အတားဖြစ်ခဲ့ကာ ရှာဖွေမှုကိုလည်း ၁၀ ရက်ကြာမြင့်စေခဲ့ပါတယ်။
3 years Ago
Up