တောဝက်အကယ်ဒမီ

July 23, 2018

ဂူထဲပိတ်မိ လူငယ်များအကြောင်း ရုပ်ရှင်ရိုက်ရန် ကုမ္ပဏီ ၅ ခု ကမ်းလှမ်း

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ ဒွိုင်နန်းနွန်းလိုဏ်ဂူတွင်း တောဝက်အကယ်ဒမီ ဘောလုံးအသင်းက လူငယ် ၁၃ ဦး ပိတ်မိခဲ့တဲ့အကြောင်း နိုင်ငံတကာကပါ စိတ်ဝင်စားခဲ့ကြပြီး ရုပ်ရှင်အဖြစ် ထုတ်လုပ်ဖို့ ကမ်းလှမ်းထားတာတွေလည်း ရှိနေပါတယ်။ လောလောဆယ် ရုပ်ရှင်ထုတ်လုပ်ဖြန့်ချိဖို့ ကမ်းလှမ်းထားတဲ့ နိုင်ငံခြားကုမ္ပဏီ ၅ ခုရှိပြီး   ကုမ္ပဏီ ၃ ခုက နိုင်ငံခြားရေးဝန်ကြီးဌာမှတဆင့်၊ ကုမ္ပဏီ ၂ ခုက ပုဂ္ဂလိကမှတဆင့် ကမ်းလှမ်းလာကာ တချို့လည်း ဂူအနီးတဝိုက် ကွင်းဆင်းလေ့လာရေးတွေ လုပ်နေကြပြီလို့ ထိုင်းယဉ်ကျေးမှုရေးရာဝဝန်ကြီး နိုင်းဝိရလို့ခ်ျဖို့ချနတ်က ပြီးခဲ့တဲ့အပတ် ထိုင်းအမျိုးသားရုပ်ရှင်နဲ့ တီဗွီရုပ်သံ အစည်းအရုံး အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ပြောပါတယ်။ လူငယ်တွေ ဂူတွင်းပိတ်မိတဲ့အကြောင်း ရုပ်ရှင်ထုတ်လုပ်တဲ့အခါမှာ အချက်အလက် အခွင့်အရေးကို ကာကွယ်ဖို့၊ ဂူတွင်းပိတ် လူငယ် ၁၃ ဦးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးကို အကာအကွယ်ပေးဖို့၊ ထိုင်းနိုင်ငံရဲ့ပုံရိပ်ကို မထိခိုက်ဖို့၊ ထုတ်လုပ်မှုကို စောင့်ကြပ်ဖို့ စတာတွေအတွက် ထိုင်းအစိုးရအနေနဲ့ မူဝါဒတွေ ချမှတ်သွားမယ်လို့ ယဉ်ကျေးမှုဝန်ကြီးက ဆက်ပြောပါတယ်။ ဒီမူဝါဒတွေဟာ ရုပ်ရှင်အပြင် တခြားရုပ်သံမှတ်တမ်းနဲ့ မီဒီယာတွေပါ အကြုံးဝင်မှာ ဖြစ်ကြောင်း၊ မူဝါဒချမှတ်ရေး ရုပ်ရှင်ထုတ်လုပ်မှု စောင့်ကြပ်ရေးအတွက် ပုဂ္ဂိုလ် ၁ဝ ဦးပါ အထူးဘုတ်အဖွဲ့ ၁ ဖွဲ့ကို ဖွဲ့စည်းထားပြီး အဲဒီအဖွဲ့ထဲမှာ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ခရီးသွား ဧည့်ကြိုလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာန၊ လူမှုဖွံ့ဖြိုးရေးနဲ့ လူသားရင်းမြစ် တည်တံ့ရေး ဝန်ကြီးဌာန၊ ရုပ်ရှင်လုပ်ငန်း ဝါရင့်ကျွမ်းကျင်သူတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။ ဘုတ်အဖွဲ့ဟာ မူဝါဒတွေ ရေးဆွဲထားပြီဖြစ်ပြီး လာမယ့် ဇူလိုင် ၂၄ ရက် ထိုင်းဝန်ကြီးများ အစည်းအဝေးကနေ အတည်ပြုပေးဖို့ တင်ပြသွားမယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ရိုက်ကူးဖို့ ရည်ရွယ်ထားတဲ့ အဖွဲ့တွေထဲက ဟောလီးဝုဒ်က ဒါရိုက်တာတဦးဖြစ်သူ မိုက်ကယ်လ်စကော့နဲ့ အဖွဲ့ဝင် အာဒန်စမစ်တို့ဟာ ဂူအနီးပတ်ပတ်လည်နဲ့ မယ်ဆိုင်မှာ ကွင်းဆင်းလေ့လာမှုတွေ စနေပြီဖြစ်ကြောင်း၊ မိုက်ကယ်လ်စကော့ရဲ့ ဇနီးဖြစ်သူက ထိုင်းအမျိုးသမီးဖြစ်သလို လူငယ်တွေ စတင်ပျောက်ဆုံးတဲ့ အချိန်ကတည်းက ထိုင်းမှာပဲ ရှိနေတာမို့ ဒီကိစ္စပေါ် အထူးစိတ်ဝင်စားကြောင်း အေပီသတင်းဌာနမှာ ဖော်ပြပါတယ်။ လူငယ်တွေ ဂူထဲပိတ်မိတဲ့ အကြောင်းအရာ တခုလုံးကို စိတ်ဝင်စားကြသလို လူငယ်တဦးချင်းစီနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေရဲ့ အကြောင်းအရာဟာလည်း ပြည်တွင်းပြည်ပ လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။ အထူးသဖြင့် လူငယ်တွေနဲ့ ဂူကြီးထဲ ၁ဝ ရက်ကြာ နေထိုင်ခဲ့တဲ့  တပ်မတော်ဆေးတပ်ရင်း အမှတ် ၃ က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဒေါက်တာဖာ့က် လိုဟန်ချွန်းဟာ ကြည်းရေလေ တိုက်ခိုက်ရေးသင်တန်း ဘက်စုံအောင်မြင်သူ၊ နှလုံးရည်ပြည့်ဝသူ၊ ရုပ်ဖြောင့်သူ၊ အပြောကောင်းသူ စတဲ့ အရည်အချင်းတွေကြောင့် အင်တာဗျူးတွေ ဆက်တိုက်အလုပ်ခံနေရပြီး အထူးရေပန်းစားနေပါတယ်။ တောဝက်ဘောလုံးအဖွဲ့ထဲက ဝ လူငယ်လေး အိုက်လူး ခေါ် အဒွန်းလ်ကလည်း ဘာသာစကား ၄ မျိုးတတ်ပြီး ဆေးရုံက ဆရာ၊ ဆရာမတွေကို နှုတ်ဆက်စကား ပြောရာမှာ ဆရာဝန်၊ ဆရာမတို့ရဲ့ ဆေးထိုးအပ်ဟာ သူ့အသားအရေထဲ ထိုးဖောက်ရုံမကဘဲ သူ့နှလုံးသားထိ ထိုးဖောက်သွားပါပြီလို့ ပြောလိုက်တဲ့ ဗွီဒီယိုကလစ်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး ဘက်စုံထူးချွန်သူ၊ နိုင်ငံမဲ့တိုင်းရင်းသားလေးတဦး အနေနဲ့ပါ သနားစိတ်နဲ့ ပရိသတ်ရဲ့ ချစ်ခင်မှု အထူးရရှိနေပါတယ်။ နောက်တဦးကတော့ တောဝက်လူငယ်ဘောလုံးအသင်း ခေါင်းဆောင် အသက် ၁၃ နှစ်ရှိ နောင့်ဒွမ်လို့ခေါ်တဲ့ လူငယ်လေး ဖြစ်ပါတယ်။ သူဟာ ရုပ်ရည်ချောမော ချစ်စရာကောင်းပြီး  ဇူလိုင် ၂ ရက် သူ့မွေးနေ့မှာ ဂူကြီးထဲ ပိတ်မိနေချိန်ဖြစ်လို့ လူတွေရဲ့ သနားမှုနဲ့ ချစ်ခြင်းကို ခံနေရပါတယ်။ နောင့်ဒွမ် ဂူကြီးထဲရောက်နေချိန်နဲ့ ပြန်ထွက်လာပြီးနောက် သူ့နာမည်နဲ့ ဖေ့စ်ဘွတ်ခ်အကောင့်အတု ၃ဝ ကျော် ဖွင့်ထားတာခံရပြီး သူ့ကိုယ်ပိုင်အကောင့်လည်း အဟက်ခံရပါတယ်။ သူ့ဓာတ်ပုံတွေပါတဲ့ ဗွီဒီယိုဖိုင်၊ သီချင်းဖိုင်တွေလည်း ယူကျုချန်နယ်လ်မှာ ပျံ့နှံ့နေပြီး အများအားဖြင့် အရွယ်တူ မိန်းကလေးတွေက ချစ်ရေးဆိုထားတဲ့ဖိုင်တွေ ဖြစ်နေပါတယ်။ နောက်တယောက်က နည်းပြ ခို့စ်အေခ်ပါ။ သူကတော့ အဖွဲ့ဝင်လူငယ်အားလုံး မှောက်မိုက်အေးစက် အစားအစာမရှိတဲ့ ဂူကြီးထဲ လူငယ်တွေ ကြောက်စိတ်မရှိအောင်၊ အသက်ရှင်သန်အောင် မှန်ကန်စွာ လမ်းပြဦးဆောင်ခဲ့သူဖြစ်ပြီး ထိုင်းမှတ်ပုံတင်မရှိ၊ အိမ်ရာမရှိ ဘုန်းကြီးကျောင်းမှာ ကပ္ပိယအဖြစ်နေရသူ၊ မိဘမဲ့တဦးဖြစ်လို့ အထူးလေးစား၊ ချစ်ခင်၊ သနားမှုကို ခံနေရကာ သူ့ကို ထိုင်းဝါရင့်အဆိုတော် ဧကချိုင်း ဆရီဝိချိုင်းက အမွေစားအမွေခံအဖြစ် မွေးစားမယ်လို့ ကြေညာထားပါတယ်။ နောက်တယောက်ကတော့ သူတို့ထဲက အငယ်ဆုံးဖြစ်တဲ့ အသက် ၁၁ နှစ်အရွယ် နောင့်တိုက်တယ်လ်ပဲ ဖြစ်ပါတယ်။ သူကလည်း အရွယ်နဲ့မလိုက်အောင် သွက်လက်ချက်ချာ ကြံ့ခိုင်ပြီး ချစ်စရာကောင်းလို့  ပြည်သူ့အချစ်တော် ဖြစ်နေပါတယ်။ လူငယ် ၁၃ ဦးအနက် ဗုဒ္ဓဘာသာဝင် ၁၂ ဦးဟာ သူတို့ကို အသက်ပေး ကယ်ဆယ်သွားတဲ့ တော်ဝင်ရေတပ်က တပ်ကြပ်ကြီး ဆဲမ်းကို ရည်စူးပြီး သန်ဘက်ခါ ဇူလိုင် ၂၅ ရက်နေ့ကျရင် မယ်ဆိုင်မြို့ လွိုင်ဝေါင်းကျောင်းတိုက်မှာ ကိုရင်နဲ့ ဒုလ္လဘ သင်္ကန်းစည်းဖို့ ရှိနေပါတယ်။ ခရစ်ယာန်ဘာသာဝင် နောင့်အဒွန်းလ်ကလည်း တပ်ကြပ်ကြီး ဆဲမ်းကို ရည်စူးပြီး မနေ့က ဘုရားရှိခိုးကျောင်းမှာ ဆုတောင်းပွဲတရပ် ကျင်းပသွားပါတယ်။ ဂူတွင်းပိတ်လူငယ်နဲ့ တာဝန်ရှိသူတွေဟာ မနေ့က ဒွိုင်နန်းနွန်းဂူကြီးရှိရာ တဖန်ပြန်ရောက်သွားပြီး ဂူကြီးအရှင် တောင်ပိုင်သခင်မကို ဓလေ့ရိုးရာနဲ့အညီ သွားရောက် ပူဇော်ပသခဲ့ကြပါတယ်။ လက်ရှိ ဂူအနီးမှာ လုံခြုံရေးတွေချထားပြီး တာဝန်ရှိသူတွေကလွဲလို့ ဘယ်သူမှ ဝင်ခွင့်မပေးသေးလို့  သတင်းထောက်တွေလည်း သတင်းယူခွင့် မရသေးပါဘူး။ လူငယ် ၁၃ ဦး စိတ်ဒဏ်ရာရမှာစိုးတဲ့အတွက် သတင်းမီဒီယာတွေအနေနဲ့ လောလောဆယ် သူတို့ကို တိုက်ရိုက် အင်တာဗျူးမလုပ်ကြဖို့ သက်ဆိုင်ရာက မေတ္တာရပ်ခံထားပါတယ်။ အရေးကြီးတဲ့ကိစ္စမှာ အင်တာဗျူးလိုပါက မယ်ဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူးထံ ခွင့်ပန်ဖို့လည်း ကြေညာထားပါတယ်။
3 years Ago
Up