တောဝက်လူငယ်

March 21, 2019

တောဝက်လူငယ် ၁၃ ဦး ကျောက်လိုဏ်ဂူထဲပြန်ဝင်ပြီး သန့်ရှင်းရေးကူလုပ်

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ပုန်ဖာကျေးရွာအုပ်စုရှိ ဒွိုင်နန်းနွန်း ကျောက်လိုဏ်ဂူကြီးအတွင်း မနှစ်တုန်းက လဝက်ကျော်ပိတ်မိခဲ့တဲ့ တောဝက်အကယ်ဒမီ ဘောလုံးအသင်း နည်းပြနဲ့ လူငယ် ၁၃ ဦးတို့ဟာ မတ်လ ၁၈ ရက်နေ့ကလို့ ဂူထဲ နောက်တကြိမ် ပြန်ဝင်ပြီး လိုဏ်ဂူသန့်ရှင်းရေးလုပ်ငန်းတွေ ကူညီလုပ်ကိုင်ပေးနေပါတယ်။ အဲဒီ ဒွိုင်နန်းနွန်း ကျောက်လိုဏ်ဂူကြီးထဲမှာ လူငယ်တွေကယ်ထုတ်စဉ် အသုံးပြုခဲ့တဲ့ အောက်စီဂျင်ဘူး အလုံး ၃၀၀ ကျော်၊ ဆက်သွယ်ရေးကိရိယာတွေ၊ မီးကြိုးတွေ၊ ရေစုပ်စက်နဲ့ ရေပိုက်တွေ၊ အင်အားဖြည့် ပါဝါဂျယ်လီထုပ်တွေ အများကြီး ကျန်ရှိနေပါတယ်။ အခုတော့ ကျောက်လိုဏ်ဂူထဲ ပြည့်နေတဲ့ရေတွေ ခန်းခြောက်သွားပြီ ဖြစ်တဲ့အတွက် ထိုင်းတော်ဝင်ရေတပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်က အဲဒီ ကယ်ဆယ်ရေးပစ္စည်းတွေ လာရောက်သိမ်းဆည်း ရှင်းလင်းနေတာပါ။ ဂူတွင်းပိတ်မိခဲ့တဲ့ လူငယ် ၁၃ ဦးကလည်း ထိုင်းတော်ဝင်ရေတပ်ဖွဲ့တွေနဲ့အတူ သောက်ရေနဲ့ စားနပ်ရိက္ခာ သယ်ပို့ခြင်း၊ သန့်ရှင်းရေးလုပ်တာတွေကို သူတို့နိုင်သလောက် ကူညီလုပ်ဆောင်ပေးနေပါတယ်။ တောဝက်လူငယ်နည်းပြ ခို့ခ်ျအေဂ် ခေါ် နိုင်းဧကဖုန်း ကျန်ထဝုန်းက သူတို့အနေနဲ့ ဘာမှ အများကြီး မကူညီပေးနိုင်ပေမယ့်လည်း ဂူသန့်ရှင်းရေး ဆောင်ရွက်နေသူ ဝန်ထမ်းအားလုံးကို စိတ်ဓာတ်ခွန်အား ပေးပို့ပါကြောင်း ဓာတ်ပုံနဲ့တကွ သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ မတ်လ ၁၈ ရက်နေ့က တင်ထားခဲ့ပါတယ်။ ဂူတွင်း သန့်ရှင်းရေးလုပ်ငန်းကို မတ်လ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ ၃ ရက်တိုင် ဆောင်ရွက်ခဲ့ပြီး ဂူထဲ စတင်ဝင်ရောက်ရှင်းလင်းမယ့် ပထမဆုံးနေ့မှာ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ ကိုယ်တိုင် ကြွချီလာကာ ဒွိုင်နန်းနွန်း နတ်သမီးနဲ့တကွ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ဂူစောင့်နတ်တွေကို တိုင်တည် မေတ္တာသုတ်ရွတ်ဖတ် သရဇ္ဈာယ်ခြင်း၊  ကယ်ဆယ်ရေးလုပ်ငန်းမှာ အသက်ပေးလှူသွားတဲ့ ထိုင်းတော်ဝင်ရေတပ်က တပ်ဖွဲ့ဝင်ဟောင်း ကြာဆဲမ်း ခေါ် ဒုဗိုလ် ဆမံကူနမ်အတွက် အမျှအတန်းဝေငှခြင်း၊ ဂူတွင်း သန့်ရှင်းရေး ဝင်ရောက်ဆောင်ရွက်သူတွေအားလုံး ဘေးအန္တရာယ်ကင်းရေး ပရိတ်ရွတ်ပေးခဲ့ပါတယ်။
2 years Ago

December 14, 2018

တောဝက်လူငယ်များအား ကယ်ရင်း သေဆုံးခဲ့သည့် ထိုင်းရေငုပ်သမားရုပ်တု သယ်ဆောင်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ဒွိုင်နန်းနွန်းကျောက်လိုဏ်ဂူထဲမှာ လွန်ခဲ့တဲ့ ဇွန်လကုန်ပိုင်းက ပိတ်မိခဲ့တဲ့ တောဝက်အကယ်ဒမီ လူငယ်ဘောလုံးအသင်းဝင် ၁၃ ယောက်ကို ကယ်ရင်း သေဆုံးသွားတဲ့ ထိုင်းတော်ဝင်ရေတပ်ဖွဲ့ဝင်ဟောင်း တပ်ကြပ်ကြီး ဆနမ်ကူနန် ခေါ် ကြာဆဲမ်းရဲ့ ရုပ်တုထုတာ ပြီးသွားတဲ့အတွက် ဒီဇင်ဘာ ၁၂ ရက်နေ့က ဂူကြီးဆီ သယ်ဆောင်လာခဲ့ကြပါတယ်။ သူ့ရဲ့ရုပ်တုကို ချင်းရိုင်းမြို့ ဝပ်လောင့်ခွန် (ငွေကျောင်းတိုက်) ကနေ မယ်ဆိုင်မြို့ ပုန်ဖာအုပ်စုရှိ ဒွိုင်နန်းနွန်းလိုဏ်ဂူကြီးဆီကို ချင်းရိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရုပ်တုပုံစံ ဖော်ထုတ်သူနဲ့ အဓိကအလှူရှင် ထိုင်းအမျိုးသား အနုပညာရှင်ဆုရ ဆရာချလိုမ်ချိုင်း ခိုဆစ်ဖိဖတ်၊ အယုဒ္ဓယခရိုင်ရှိ Asia Fine Art ပန်းပုလုပ်ငန်းရှင်တို့ ဦးဆောင်ပြီး ကြာဆဲမ်းရဲ့ ဇနီးသည် နန်းလီဖွန်း ကူနန်၊ ဂူတွင်းပိတ် တောဝက်ဘောလုံးသင်းလူငယ်တွေနဲ့ မိဘအုပ်ထိန်းသူတွေ၊ ကျောင်းသူကျောင်းသားတွေက အခမ်းအနားနဲ့ စီတန်းလှည့်လည်ပြီး သယ်ဆောင်လာခဲ့ကြပါတယ်။ ရုပ်တုသယ်ဆောင်ရာ လမ်းတလျှောက်မှာ ထောင်နဲ့ချီတဲ့ပြည်သူတွေ လမ်းဘေးကနေ စောင့်ကြည့်အားပေးခဲ့ပြီး မယ်ဆိုင်ရောက်တော့လည်း မယ်ဆိုင်အုပ်ချုပ်ရေးမှူးနဲ့တကွ မယ်ဆိုင်ပြည်သူတွေ၊ မြန်မာဘက်ခြမ်း တာချီလိတ်ဘက်က ပြည်သူတွေပါ စုစုပေါင်း ထောင်နဲ့ချီ ကြိုဆိုခဲ့ကြပါတယ်။ အဲဒီရုပ်တုဟာ အမြင့် ၃ ဒသမ ၂၀ မီတာ၊ အောက်ခြေအကျယ် ၂ ဒသမ ၅၀ မီတာရှိပြီး သံသတ္တုနဲ့ ထုလုပ်ထားပါတယ်။ ကြာဆဲမ်းရဲ့ ခြေရင်းမှာ တောဝက် ၁၃ ကောင်ကိုပါ ထုဆစ်ထားပြီး တောဝက်အကောင်တိုင်းမှာ ဂူတွင်းပိတ်လူငယ် ၁၃ ဦးရဲ့ အမည်ကိုယ်စီရှိတယ်လို့ ဆိုပါတယ်။ ရုပ်တု ထုဆစ်ချိန် ၅ လခန့်ကြာမြင့်ပြီး ချင်းရိုင်းက ငွေကျောင်းပုံဖော်ထုဆစ်သူ ထိုင်းအမျိုးသား အနုပညာရှင်ဆုရှင် ဆရာချလိုမ်ချိုင်း ခိုဆစ်ဖိဖတ်က ဉာဏ်အား၊ လူအားနဲ့  ငွေအားပါ အရင်းတည် ထုဆစ်ခဲ့ပါတယ်။ အဲဒီသံသတ္တုရုပ်တုဟာ ပုံမှန်အားဖြင့် ဒီဇိုင်နာကြေး၊ ကုန်ကြမ်းပစ္စည်းနဲ့ လက်ခတွေ အားလုံး ဘတ် ၄ သန်းခွဲ ကုန်ကျမှာဖြစ်ပေမယ့် ဒီရုပ်တုဖြစ်မြောက်ရေးအတွက် ချင်းရိုင်း အနုပညာရှင်များအသင်းက အလှူငွေတွေ စုပေါင်းထည့်ဝင်ကြသလို Asia Fine Art ပန်းပုထုလုပ်ငန်းကလည်း အခကြေးငွေမယူဘဲ စေတနာနဲ့ ထုလုပ်ခဲ့တာကြောင့် အားလုံးရဲ့ စေတနာမေတ္တာတွေ ပါဝင်တဲ့ ဒီရုပ်တုဟာ တန်ဖိုးဖြတ်လို့ မရကြောင်း ဆရာချလိုမ်ချိုင်းက ပြောပါတယ်။ တပ်ကြပ်ကြီး ကြာဆဲမ်းဟာ မကွယ်လွန်မီက ဘန်ကောက် သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်မှာ လုံခြုံရေးအဖြစ် တာဝန်ယူနေပြီး တောဝက်လူငယ်တွေ ဂူတွင်းပိတ်တဲ့သတင်း ကြားသိရတာနဲ့ သူလည်း ထိုင်းတော်ဝင်ရေတပ်ထွက် ရေငုပ်သမားတဦး ဖြစ်တာကြောင့် လူငယ်တွေကို ကူညီကယ်ဆယ်တဲ့အဖွဲ့ထဲ သူ့ဆန္ဒနဲ့သူ လိုက်ပါခဲ့တာပါ။ သူဟာ ချင်းရိုင်းကိုသွားဖို့ လေယာဉ်ပေါ်မတက်ခင် ဂူတွင်းပိတ်လူငယ်တွေကို သွားကယ်မယ့်အကြောင်း၊ တောဝက်ညီငယ်လေးတွေကို အိမ်ကိုပါအောင် ပြန်ခေါ်ခဲ့မယ့် အကြောင်း ဖေ့စ်ဘွတ်ခ်လိုက်ဖ် လွှင့်ခဲ့ပါတယ်။ လူငယ်ကယ်ဆယ်ရေးလုပ်ငန်းမှာ သူဟာ အောက်စီဂျင်ဘူးတွေကို ရေငုပ်ပြီး ဂူထဲသွားရောက် ချထားတဲ့တာဝန် ယူခဲ့ပါတယ်။ ဒါပေမယ့် သူအသက်ရှူနေတဲ့ ဘူးက အောက်စီဂျင်ပြတ်သွားပြီး ဂူထဲမှာပဲ အသက်ရှူရပ် သေဆုံးသွားခဲ့တာပါ။ ကလေးငယ် ၁၃ ဦးရဲ့အသက်ကို ကယ်တင်ရင်း ဆုံးပါးခဲ့ရတဲ့ ကြာဆဲမ်းကို နိုင်ငံတော်က ခမ်းနားထိုက်တန်တဲ့ ဈာပန အခမ်းအနား ကျင်းပပေးခဲ့ပြီး တပ်ကြပ်ကြီးအဆင့်ကနေ ဗိုလ်အဆင့်ကို ရာထူးတိုးမြှင့်ပေးလိုက်သလို လိုဏ်ဂူကြီးရဲ့ သူရဲကောင်းတံဆိပ်လည်း ချီးမြှင့်ခဲ့ပါတယ်။
2 years Ago
More News
Up