ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းပေါ်မှာ ပြီးခဲ့တဲ့ မေလ ၂၈ ရက် ညနေပိုင်းကတည်းက ဖခင်ဖြစ်သူရဲ့ ဒဏ်ပေးခြင်းကြောင့် တောထဲပစ်ထားတဲ့ ကလေးကို ပြန်လည်ရှာဖွေနေကြရာမှာ ၅ ရက်ရှိသွားပေမယ့် အစအန ရှာမရသေးဘူးလို့ ဂျပန် အဆိုင်ဟီ တီဗွီသတင်းကို ကိုးကားပြီး အမ်ထိုင်းမှာ ရေးသားဖော်ပြပါတယ်။
အသက် ၇ နှစ်အရွယ်ရှိ ယာမာတို တာနိုကာဆိုတဲ့ ကောင်လေးဟာ လမ်းပေါ်မှာတွေ့တဲ့ ကားတွေကို ခဲနဲ့လိုက်ပေါက်တာကြောင့် ဖခင်ဖြစ်သူ တာခါယူကီ တာနီုကာက ပြစ်ဒဏ်ခတ်တဲ့အနေနဲ့ တောထဲပစ်ထားခဲ့တာ ဖြစ်ပါတယ်။
အတန်ကြာတော့ သားကိုပစ်ထားခဲ့တဲ့နေရာမှာ ပြန်သွားရှာတာ မတွေ့တော့လို့ သက်ဆိုင်ရာကို အကူအညီ တောင်းခဲ့တာပါ။
ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ စစ်တပ်အင်အား ၇၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၃၀ နဲ့ အနံ့ခံခွေးတွေပါ သုံးသလို မြင်းစီးပြီး တောနက်ထဲ ဖြန့်ကျက် ၀င်ရောက်ရှာဖွေလျက် ရှိပါတယ်။
ကလေးဖြစ်သူမှာ အစာရေစာ ဘာမှပါမသွားတဲ့အပြင် အဲဒီနေရာမှာ တောတွင်းဝက်ဝံတွေပါ ကျက်စားတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေက အပူတပြင်း ရှာဖွေနေကြတာ ဖြစ်ပါတယ်။
အခုလိုဖြစ်သွားတဲ့အပေါ်မှာ ဖခင်ဖြစ်သူ တာခါယူကီ တာနိုကာက ကြီးစွာ နောင်တရနေသလို တာဝန်ရှိသူများ အားလုံးကိုလည်း ပြဿနာဖြစ်စေတဲ့အတွက် တောင်းပန်ကြောင်း၊ သူတို့မိသားစုအနေနဲ့တော့ သားဖြစ်သူကို အသက်ရှင်လျက် ပြန်တွေ့ရဖို့ မျှော်လင့်နေတယ်လို့ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။
5 years Ago