တောဆင်ရိုင်းအန္တရာယ်

A d v e r t i s e m e n t With Us

June 24, 2017

တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေး လျှပ်စစ်ခြံစည်းရိုးခတ်ရန် ပစ္စည်းများလှူဒါန်း

တိုက်ကြီးမြို့နယ်၊ ပဲခူးရိုးမတောစပ်မှာနေထိုင်တဲ့ ကျေးရွာတွေမှာ တောဆင်ရိုင်းအန္တရာယ် ကာကွယ်ရေး လျှပ်စစ်ခြံစည်းရိုးခတ်ဖို့အတွက် လျှပ်စစ်ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန SmithsonianInstitution အဖွဲ့တို့ ပူးပေါင်းပြီး ဖလုံဘူတာကျေးရွာအုပ်စု အလယ်မြောင်ကျေးရွာ စပါးစိုက်ဧက ၈၀ အတွက် ဇွန်လ ၂၂ ရက်နေ့က လျှပ်စစ်ပစ္စည်းတွေ လာရောက်လှူဒါန်းခဲ့တယ်လို့ လျှပ်စစ်ခြံစည်းရိုး ခတ်ပေးရေးအဖွဲ့က ဦးခင်မောင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ တောဆင်ရိုင်းအန္တရာယ် ကာကွယ်ရေးနဲ့ တောဆင်ရိုင်းနဲ့ လူတို့ထိပ်တိုက်တွေ့ရင် ဘယ်လိုရှောင်ရမလဲဆိုတာတွေကို ကျေးရွာတွေမှာ ဆင်းသွားပြီး အသိပညာပေးပွဲတွေ လုပ်ရင်း တောဆင်ရိုင်းအန္တရာယ်ကာကွယ်ဖို့ လျှပ်စစ်ခြံစည်းခတ်ပြီး ကာကွယ်လို့ရကြောင်း ရှင်းလင်းပြောပြတာတွေ လုပ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကတော့ တိုက်ကြီးမြို့နယ်အတွင်းက ကျေးရွာ ၄ ရွာက စပါးစိုက်ဧက ၂၀ ကိုစတင်ပြီး ခြံစည်းရိုးခတ်ပေးတာ အောင်မြင်သွားပါတယ်။ ဒါကြောင့် အခုကျေးရွာတွေက ထပ်ပြီး တောင်းဆိုလာတဲ့အတွက် အခုလိုလာလှူတာပါ။ ဒါပေမယ့် အခုချိန်မှာတော့ ခြံစည်းရိုးခတ်တာကို လုပ်လို့မရသေးပါဘူး။ စိုက်ပျိုးချိန်ဖြစ်တဲ့အတွက် လူနဲ့တိရစ္ဆာန်တွေ ဖြတ်သန်းအသုံးပြုချိန်လေ။ ဒါကြောင့် စိုက်ပျိုးချိန်ပြီးမှ အကောင်အထည်ဖော်လို့ရမှာပါ” လို့ ဦးခင်မောင်ကြီးက ပြောပါတယ်။ နှစ်စဉ်တောဆင်ရိုင်းတွေဝင်လာပြီး စိုက်ခင်းတွေကို ဖျက်ဆီးသလို လူတွေကိုလည်း အန္တရယ်ပေးတယ်လို့ ဆိုပါတယ်။ “ကျနော်တို့ရွာကို နှစ်စဉ်တောဆင်ရိုင်းတွေဝင်ပြီး စိုက်ထားတဲ့ စပါး၊ ကြံစိုက်ခင်း၊ ကလောစိုက်ခင်းနဲ့ ငှက်ပျောခင်းတွေကို အမြဲလာပြီး ဖျက်ဆီးစားသောက်တယ်။ ပြီးတော့ လူကိုတွေ့ရင်လည်း အန္တရာယ်ပေးတယ်။ မထင်ရင် လူပါနင်းသတ်တယ်လေ။ ဒီဒုက္ခတွေကို ကျနော်တို့ နှစ်စဉ်ခံစားနေရတာပါ။” ပြီးခဲ့တဲ့နှစ်က ရွာလေးရွာမှာရှိတဲ့ စိုက်ခင်းဧက ၂၀ ကို လျှပ်စစ်ခြံစည်းခတ်ပေးတာ အောင်မြင်တာကြောင့် သူတို့ရွာကိုလည်း ခြံစည်းရိုးခတ်ပေးဖို့ မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူရုံးကို စာတင် တောင်းဆိုခဲ့ကြတာလို့ အလယ်မြောင်ကျေးရွာနေ ဦးချိုက ပြောပါတယ်။ “ကျနော်တို့ ရွာသားတွေ တောင်းရတာပါ။ အခုကျနော်တို့ရွာ စိုက်ခင်းဧက ၈၀ အတွက် ပစ္စည်းတွေ အခုလို လာလှူပေးတာကို ကျေးဇူးတင်ပါတယ်။” တိုက်ကြီးမြို့နယ် ပဲခူးရိုးမတောစပ်အနီးရှိ ကျေးရွာတွေမှာ နှစ်စဉ်တောဆင်ရိုင်းအန္တရာယ်နဲ့ ကြုံတွေ့နေရပြီး စိုက်ခင်းတွေကို ဝင်ရောက်ဖျက်ဆီးတာ၊ လူတွေကိုအသက်အန္တရာယ်ပေးတာတွေ ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် တရားမဝင်တောဆင်ရိုင်းသတ်တဲ့ ဆင်မုဆိုးတွေကြောင့် တောဆင်ရိုင်းအများအပြား သေဆုံးနေတယ်လို့ တိုက်ကြီးမြို့နယ်သစ်တောဦးစီးဌာနက သိရပါတယ်။ သတင်း-မေသွယ်
4 years Ago

November 11, 2016

တောဆင်ရိုင်းအန္တရာယ် ကာကွယ်ရေး လျှပ်စစ်ခြံစည်းရိုး ပထမဆုံးခတ်

ပဲခူးရိုးမတောစပ်က တောဆင်ရိုင်းတွေ ဝင်ရောက်လေ့ရှိတဲ့ ကျေးရွာ ၄ ရွာမှာ တောဆင်ရိုင်းအန္တရာယ် ကာကွယ်နိုင်ရေးအတွက် သြဂုတ်လ ပထမပတ်ကစတင်ပြီး လျှပ်စစ်ခြံစည်းရိုး ပထမဆုံးအကြိမ် ခတ်ထားပါတယ်။ တောဆင်ရိုင်း အများဆုံး ဝင်ရောက်လေ့ရှိတဲ့ ရန်ကုန်တိုင်းအတွင်းက တောဆင်ရိုင်းတွေ အများဆုံး ဝင်ရောက်တဲ့ တိုက်ကြီးမြို့နယ်အတွင်းက ကျေးရွာ ၆ ရွာကို ရွေးချယ်ထားပေမယ့် လတ်တလောမှာတော့ ကျေးရွာ ၄ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လျှပ်စစ်ခြံစည်းရိုးဟာ လူများ အန္တရာယ်မဖြစ်စေနိုင်တဲ့ လျှပ်စစ်ဓာတ်အားနဲ့ နေရောင်ခြည်ဆိုလာ အသုံးပြုထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (Smithsonoian) မှ လျှပ်စစ်ခြံစည်းရိုးတာဝန်ခံ ဦးမောင်မောင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ တိုက်ကြီးမြို့နယ်အရှေ့ဘက် ပဲခူးရိုးမ အနောက်ခြမ်းရှိ တောဆင်ရိုင်း အများဆုံး ဝင်ရောက်တဲ့ ချောင်းစောက်ကျေးရွာ၊ အလယ်မြောင်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာနဲ့ သာယာအေးကျေးရွာတို့မှာ ဒေသခံတွေ တောဆင်ရိုင်းအန္တရယ် ကာကွယ်နိုင်ရေးအတွက် လျှပ်စစ်ခြံစည်ရိုးတွေ ခတ်ပေးခြင်းဖြစ်ကြောင်း၊ ကျန်ရွာနှစ်ရွာကိုတော့ တောဆင်ရိုင်းတွေ ဝင်ရောက်မှု ဒေသခံတွေ တင်ပြချက်အရ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ တိုက်ကြီးမြို့နယ်အတွင်း ပဲခူးရိုးမတောင်ခြေမှာ နေထိုင်တဲ့ ကျေးရွာတွေမှာ တောဆင်ရိုင်း အန္တရာယ်ကို စိုးရိမ်ရလို့ ညနေ ၆ နာရီကျော် ရွာပြင်ကို မထွက်ရဲတော့ကြောင်း၊ တောဆင်ရိုင်းဟာ တစ်ခါတစ်ရံ တစ်ကောင်တည်း အစာရှာထွက်လေ့ရှိပေမယ့် တစ်ခါတစ်ရံ အုပ်စုလိုက် အစာရှာထွက်လေ့ရှိကြောင်း၊ ခန့်မှန်းခြေ တောဆင်ရိုင်းကောင်ရေ ၃၀ ကျော်ရှိကြောင်း၊ တစ်နှစ်လျှင် တောဆင်ရိုင်း အနင်းခံရလို့ တိုက်ကြီးမြို့နယ်အတွင်း လူ ၃ ယောက်ထက်မနည်း သေဆုံးလေ့ရှိတယ်လို့ တိုက်ကြီးမြို့နယ် ပဲခူးရိုးမတောင်ခြေမှာ နေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ တောဆင်ရိုင်းတွေ နေထိုင်တဲ့ သပိတ်ကျင်း၊ တိုက်ကြီး၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတွေမှာ ဆင်နဲ့လူ ပဋ္ဋိပက္ခဖြစ်ဖြစ်ပွားလေ့ရှိကြောင်း၊ မြန်မာတနိုင်ငံလုံးအနေနဲ့ ခန့်မှန်း တောဆင်ရိုင်း ကောင်ရေ နှစ်ထောင်လောက်ရှိကြောင်း၊ တကမ္ဘာလုံးအနေနဲ့ အိန္ဒိယနိုင်ငံမှာ တောဆင်းရိုင်းအများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ မြန်မာနိုင်ငံ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် (Country Coordinator(Myanmar Program) အဖွဲ့က တောဆင်ရိုင်းများတဲ့ ဒေသတွေဆီ ကွင်းဆင်းဟောပြောပွဲတွေကို ၂၀၁၄ ခုနှစ်ကနေ စတင်ပြီး လူနဲ့ဆင် ပဋ္ဋိပက္ခမရှိစေရေး ဟောပြောပွဲတွေ၊ လက်ကမ်းစာဆောင်တွေနဲ့ ပညာပေးလုပ်ငန်းတွေလည်း လုပ်နေပါတယ်လို့ အဖွဲ့တာဝန်ရှိသူ ဦးအောင်မျိုးချစ်က ပြောပါတယ်။ သတင်းဓာတ်ပုံ - မေသွယ်
4 years Ago
Up