တောင်-မြောက် ကိုရီးယား

May 28, 2018

တောင်-မြောက် ကိုရီးယား ၂ နိုင်ငံ ပြန်ပေါင်းစည်းရေး တရုတ်ကြိုဆို

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား ပြန်လည်ပေါင်းစည်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို တရုတ်က ကြိုဆိုတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက မေ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။ ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား ဒုတိယအကြိမ် အစည်းအဝေးနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေး ပြောခွင့်ရ လုကန်းက မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။ ပန်မွန်ဂျုံ သဘောတူညီချက်မှာပါတဲ့ ခေါင်းဆောင်တွေကြား ဆွေးနွေးချက်တွေ ပြန်လည်ပေါင်းစည်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေကို နှစ်နိုင်ငံလုံးက  အကောင်အထည်ဖော်သွားဖို့ တရုတ်က ကြိုဆိုထောက်ခံတယ်လို့ လုကန်းက ပြောပါတယ်။ “ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်တွေကြား တိုက်ရိုက်ထိတွေ့ပြီး ဆွေးနွေးတာဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးကို ဖြေရှင်းဖို့ အဓိကကျတဲ့ အချက်ပဲလို့ တရုတ်က အမြဲယုံကြည်တယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ကိုရီးယားကျွန်းဆွယ် တင်းမာမှု ပြေလျော့ရေး သည်းခံပြီး စိတ်ကောင်းရှိကြောင်း ပြသဖို့၊ တဘက်စီရဲ့ အကြီးစား စိုးရိမ်မှုတွေကို ရည်ညွှန်းပြီး အတူတကွ ဆက်လက် လုပ်ဆောင်ဖို့နဲ့ ညှိနှိုင်းတိုင်ပင်တဲ့နည်းနဲ့ ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးဆီ တွန်းအားပေး လုပ်ဆောင်သွားဖို့ မျှော်လင့်တယ်” လို့လည်း လုကန်းက ပြောပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ စင်ကာပူမှာ ဇွန်လ ၁၂ ရက်မှာ တွေ့ဆုံရေး မျှော်လင့်နေတယ်လို့ ထရမ့်က မေ ၂၆ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။ တရုတ်အစိုးရဟာ မြောက်ကိုရီးယားရဲ့ နီးကပ်တဲ့ အိမ်နီးချင်းနဲ့ အကာကွယ်ဆုံး မဟာမိတ်လည်း ဖြစ်ပါတယ်။
3 years Ago
Up