တောင်ကြီးတွင်

September 3, 2017

တောင်ကြီးတွင် မီးပုံးပျံလုပ်ရာမှ နေအိမ်မီးလောင်၊ ၂ ဦး ဒဏ်ရာရ

တောင်ကြီးမြို့ ကန်အောက်ရပ်ကွက်မှာ စက်တင်ဘာ ၂ ရက်နေ့က မီးပုံးပျံ ပြုလုပ်ရာကနေ ယမ်းစ မီးလောင်ပြီး နေအိမ် မီးလောင်မှု ဖြစ်ပွားခဲ့လို့ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ကန်အောက်ရပ် မှာနေတဲ့ ဦးမောင်မောင် နေအိမ်မှာ မီးပုံးပျံပြုလုပ်တဲ့ ကြိုးကို ကတ်ကြေးနဲ့ ဖြတ်ရာကနေ ယမ်းစကိုမီးကူး သွားပြီး မီးလောင်မှု ဖြစ်ကာ ၂ ဦး ဒဏ်ရာရရှိပါတယ်။ “ကျူးလွန်သူကိုတော့ အမှုဖွင့်ထားတယ်။ အိမ်အတွင်းပစ္စည်း အကုန်လောင်တယ်။ မီးဝိုင်းသတ်ပေးတဲ့ သူနှစ်ဦး ယမ်းစကြောင့် ဒဏ်ရာအနည်းကျဉ်းရတယ်” လို့ တောင်ကြီး မြို့ မရဲစခန်းမှူး ဦးမျိုးဦးက ပြောပါတယ်။ ခြေထောက်ဒဏ်ရာရရှိတဲ့သူ နှစ်ယောက်ကို စစ်စံထွန်းဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ အိမ်ရှင် ဦးမောင်မောင်ကို မီးပေါ့ဆမှု ရာဇာသတ်ကြီးပုဒ်မ၂၈၆ နဲ့ အမှုဖွင့်ထားပါတယ်။ အခုအချိန်ဟာ တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲကို ဝင်ပြိုင်မယ့် မီးပုံးပျံအတွက် ကြိုတင်ပြင်ဆင်ရတာဖြစ်ကာ နှစ်စဉ် မီးလောင်မှုဖြစ်ပွားလေ့ရှိပြီး ဒီနှစ်မှာ ပထမဆုံးအကြိမ်လောင်ကျွမ်းတာ ဖြစ်ပါတယ်။
4 years Ago

January 1, 2017

တောင်ကြီးတွင် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်ကျောက်တိုင် ဖွင့်လှစ်

ရှစ်လေးလုံးအရေးတော်ပုံကို ဂုဏ်ပြုတဲ့အနေနဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ရှစ်လေးလုံးကျောက်တိုင်ကို ဒီဇင်ဘာ ၃၁ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ ဒီ ရှစ်လေးလုံးကျောက်တိုင်ဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို ကိုယ်စားပြုတဲ့ကျောက်တိုင် ဖြစ်တယ်လို့ ရှစ်လေးလုံးကျောက်တိုင် ဖြစ်မြောက်ရေး ဦးဆောင်သူ ဆရာတော် ဦးခေမာနန္ဒက ပြောပါတယ်။ ဒီ ရှစ်လေးလုံးကျောက်တိုင်ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က စီးပွားစီမံဝန်ကြီး အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဂျင်မီကတော့ ရှစ်လေးလုံးအရေးတော်ပုံဟာ ကျောင်းသားတွေ၊ ပြည်သူလူထုတွေက ကြောက်စိတ်ကို တော်လှန်ခဲ့တဲ့ အရေးတော်ပုံဖြစ်တယ်လို့ ကျောက်တိုင်ဖွင့်ပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ရှစ်လေးလုံးကျောက်တိုင်ဖွင့်ပွဲမှာ ငြိမ်းချမ်းရေးသီချင်း သီဆိုတာ၊ ကာတွန်းပြပွဲ၊ ငြိမ်းချမ်းရေးဆုတောင်းတွေ အပါအဝင် မီးပုံးပျံလွှတ်တင်တာတွေလည်း ထည့်သွင်းပြုလုပ်သွားခဲ့ပါတယ်။
5 years Ago
Up