တောင်ကြီး

June 24, 2019

မိုးခေါင်သဖြင့် တောင်ကြီးမြို့နယ် သရက်ပင်လှ တောင်သူများ အခက်ကြုံ

ရှမ်းပြည်​နယ်​တောင်​ပိုင်း ​တောင်​ကြီးမြို့နယ်​ သရက်​ပင်​လှ​ရွာမှာ အခုနှစ်​ မိုး​ခေါင်​တဲ့ အတွက်​ စိုက်​ပျိုး​ရေးလုပ်​ကိုင်​သူ​တွေ အခက်​အခဲကြုံ​တွေ့​နေရပါတယ်​။ ခါတိုင်းနှစ်​မှာ ရာသီဥတု ပုံမှန်​ဖြစ်​​ပေမယ့် ဒီနှစ်​မှာ မိုးမရွာ​သေးတာကြောင့် စိုက်​ပျိုး​ရေးတွေ အကုန်​နားထားရပြီး စိုက်​ပျိုးမရတဲ့ အ​နေအထား​ ဖြစ်​​နေကြတယ်လို့ သရက်ပင်လှ ဒေသခံ ကိုဝင်းစိုးက ပြောပါတယ်။ ဒါ့အပြင်​ မိုး​ခေါင်​တဲ့အတွက်​ ​ရေရှားပါးသလို သီးနှံ​တွေလည်း ပိုး​တွေဖျက်​ဆီးတာ ခံ​နေရတဲ့ အတွက်​ အခက်​အခဲ​တွေ ကြုံ​တွေ့နေရတယ်လို့ တောင်ကြီးမြို့နယ်နေ ရပ်မိရပ်ဖ ဦးထွန်းစီက ပြောပါတယ်။ မိုးရွာဖို့ ဘုရား​ရေသပ္ပါယ်​တာ၊ ​ရေထွက်​ပရိတ်​ရွတ်​ဖတ်​တာ၊​ ငါးရံ့မင်း ပရိတ်​ရွတ်​ဖတ်​တာ စတဲ့ ရပ်​ရွာဓ​လေ့တွေလည်း ပြုလုပ်နေကြတယ်လို့ သရက်ပင်လှဒေသခံ ဦးစိုးအောင်က ပြောပါတယ်။ သရက်​ပင်​လှ ရွာအဝင်​ လွယ်​ဝိုင်း​ရှေး​ဟောင်းဘုရားဟာ ​ရေသပ္ပါယ်​ ပြီးရင်​ မိုးရွာမယ်​ဆိုတဲ့ အယုံအကြည်​နဲ့ ပြုလုပ်​ကြတာလို့ ဆိုပါတယ်။ သရက်​ပင်​လှရွာမှာ ပအိုဝ်း တိုင်းရင်းသားနဲ့ ဓနုတိုင်းရင်းသား အတူ​နေထိုင်​ပြီး အိမ်​​ခြေ ၄၀၀ ​ကျော်​ရှိကာ အဓိက​ပြောင်းနဲ့ သနပ်​ဖက်​​တွေ စိုက်​ပျိုးလုပ်​ကိုင်​ကြပါတယ်​။ ခွန်​ရာဇာ
2 years Ago

May 4, 2019

တောင်​ကြီးမြို့ ​လေး​လောင်းပြိုင်​လူသတ်​မှု ကျူးလွန်သူ ​သေဆုံး

တောင်​ကြီးမြို့ ​လေး​လောင်းပြိုင်​လူသတ်​မှု ကျူးလွန်သူ ဦးတင်အုန်းဟာ အချုပ်​ခန်းထဲမှာ မူးလဲပြီး ​​သေဆုံးသွားတယ်​လို့ ခရိုင်​ရဲတပ်​ဖွဲမှူးက ​ပြောပါတယ်​။ ​ဒီနေ့မနက်​ ​၁၁ နာရီအချိန်​မှာ အိမ်​သာတက်​ပြီး မူးလဲတာကို​တွေ့​တော့ ​ခေါ်ထုတ်​ပြီး ​စဝ်​စံထွန်း​ဆေးရုံ ပို့​ဆောင်​ရာမှာ ​ဆေးရုံအ​ရောက်​ ​သေဆုံးတယ်​လို့ ဆိုပါတယ်​။ “အိမ်​သာတက်​​နေတာ၊ အိမ်​သာထဲ​ခွေ​နေတာ​တွေ့​တော့ ဆွဲထုတ်​လိုက်​တာ အဲမှာ သူက အသက်​ရှူမမှန်​ဘူး။ ​ဆေးရုံတင်​​ပေးလိုက်​​တော့ ​ဆေးရုံမှာ​သေသွားတယ်​” လို့ ​တောင်​ကြီး ခရိုင်​ရဲတပ်​ဖွဲ့မှူး ဒုရဲမှူးကြီး ခင်​​မောင်​ဦးက​ပြောပါတယ်​။ လေးလောင်းပြိုင် လူသတ်မှု ကျူးလွန်သူ ဦးတင်အုန်းဟာ နဂို​ရောဂါအခံဖြစ်​တဲ့ ​သွေးတိုး၊ ဆီးချို၊ ​ကျောက်​ကပ်​ရောဂါ တွေရှိပြီး မူးယစ်​​ဆေးဝါး သုံးစွဲတယ်​လို့လည်း ဝန်​ခံထားတယ်​လို့ ဆိုပါတယ်။ လက်​ရှိအ​ခြေ​နေမှာ ​ပျောက်​ဆုံး ပစ္စည်း ​ရွှေထယ်​​တွေ ၈၀ ရာခိုင်​နှုန်း​လောက်​ပြန်​ရပြီဖြစ်ပြီး ကျန်​ရှိ တရားခံကွင်းဆက်​​တွေကိုလည်း ဆက်​လက်​ရှာ​ဖွေသွားမယ်​လို့ ရဲမှူးက ဆိုပါတယ်​။ လေးလောင်းပြိုင် လူသတ်မှု ကျူးလွန်သူ ဦးတင်​အုန်း ​(ခေါ်) ဦးအိုက်​အုံးကို ဧပြီ ၂၉ ရက်​​နေ့က ​ကျောက်​မဲမှာ ပစ္စည်းနဲ့အတူ ဖမ်းဆီးရမိပြီး ​မေ ၄ ရက်​​နေ့မှာ ​သေဆုံးသွားတာပါ။ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ် (၁၁၈) နေအိမ် (မြင်းဖြူနှစ်ကောင်ဆေးတိုက်) မှာ ဧပြီ ၂၈ ရက်က ၄ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားပြီး ​​သေဆုံးသူမှာ ​စိုင်းဆေမွန်း၊ နန်းခမ်းလှိုင်၊ သား မောင်ဖဖ၊ အသက်​(၇)လ၊ အလုပ်​သမား မအေးမိုး (၁၇)နှစ်၊ တို့ ဖြစ်​ပါတယ်​။ ခွန်ရာဇာ
2 years Ago
More News
Up