တောင်းဆို

March 12, 2018

ရနောင်းလူသတ်မှု စွပ်စွဲခံ မြန်မာများအား အမိန့်မချခင် အစိုးရကူညီပေးရန် တောင်းဆို

ရနောင်း လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၄ ဦးအား အမိန့်မချမှတ်ခင်မှာ မြန်မာအစိုးရအနေနဲ့ အကူအညီပေးဖို့ စွပ်စွဲခံ မိသားစုဝင်တွေနဲ့ ကူညီဆောင်ရွက်နေသူတွေက တောင်းဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကို လာမယ့်မတ်လ ၂၉ ရက်နေ့မှာ အပြီးသတ် အမိန့်ချမှတ်မှာဖြစ်တဲ့အတွက် အမိန့်မချမှတ်ခင်မှာ အစိုးရအနေနဲ့ အကူအညီပေးဖို့ စွပ်စွဲခံမိသားစုဝင်တွေနဲ့ အမှုကို လိုက်ပါကူညီသူတွေက မတ်လ ၁၂ ရက်နေ့ Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “လိပ်ကျွန်းလိုမျိုး ကလေးတွေ သေဒဏ်ကျပြီးမှ ကန့်ကွက်တာတို့၊ ရှုတ်ချတာတို့နဲ့ ပြည်တွင်းမှာ လုပ်ရင် ပိုပြီးပြဿနာတက်မယ်။ ဒီကိစ္စကြီးက ရှင်းရှင်းလင်းလင်းပဲ။ ဒီကလေးတွေ မလုပ်မှန်းလည်း ထိုင်းတွေကအစ သိတယ်။ အစိုးရအနေနဲ့ အကူအညီပေးရင် ပိုထိရောက်ပါတယ်။ ကိုယ့်သားသမီးလိုမျိုး သဘောထားပြီးတော့ သံရေး တမန်ရေးနည်းလမ်းကပဲ အကူအညီပေးပါ။ အစိုးရကို ပေးတဲ့ မေတ္တာရပ်ခံတဲ့စာတွေလည်း ကျနော်တို့မှာ ရှိပါတယ်” လို့ ပြောပါတယ်။ ရနောင်း လူသတ်မှု စစ်ဆေးချိန်မှာရှိနေခဲ့တဲ့ အလုပ်သမားသံအရာရှိဟောင်း ဦးလှထွန်းကို အဓိကသက်သေအဖြစ် ထွက်ဆိုပေးဖို့ သက်ဆိုင်ရာဝန်ကြီးဌာနဆီ တင်ပြပေမယ့်လည်း လာရောက်ပြီး သက်သေထွက်ဆိုခြင်း မရှိခဲ့ပါဘူး။ ရနောင်း လူသတ်မှုနဲ့စပ်လျဉ်းပြီး သံသယရှိသူ မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ ရနောင်း လူသတ်မှု သံသယရှိသူတဦးရဲ့မိခင် ဒေါ်အိအိမိုးက “ရုံးချိန်းလာတဲ့အခါမှာ ကလေးတွေကို တွေ့ရတယ်။ ငွေရေးကြေးရအစ မရှိတော့ ပင်ပန်းတယ်။ အခုလိုမျိုး ပစ်မထားပါနဲ့။ အစိုးရကို ကျမတို့ အကူအညီတောင်းပါတယ်။ ဦးလှထွန်းကို သက်သေမလိုက်ခိုင်းတာလည်း ကျမတို့အနေနဲ့ တအားဝမ်းနည်းမိပါတယ်” လို့ ပြောပါတယ်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှာ အထက်တန်းကျောင်းသူတဦး အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး သံသယရှိသူ မြန်မာနိုင်ငံသား ၄ ဦးကို  အောက်တိုဘာလ ၂၀ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုထားပါ။
4 years Ago

February 3, 2018

ရိုက်တာသတင်းထောက် ၂ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ကုလ တောင်းဆို

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ ယောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဌာနက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်စွာဖော်ထုတ်ခွင့်ကို ဆိုးဆိုးရွားရွား ပွတ်တိုက်မှုရှိနေကြောင်း သတိပေးချက်တခုလည်းဖြစ်တယ်လို့ ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရူးပါ့တ် ကိုလ်ဗေးလ်က သတင်းထောက်တွေကို ပြောသွားတာပါ။ ဖေဖော်ဝါရီ ၁ ရက်နေ့က ရိုက်တာစ်သတင်းထောက် ၂ ယောက်ကို တရားရုံးက အယူခံငြင်းပယ်လိုက်လို့ အလွန်ကို စိတ်မကောင်းဖြစ်ရပြီး သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထပ်ပြီး တောင်းဆိုတယ်လို့ ဆိုပါတယ်။ ရိုက်တာသတင်းထောက် ကျော်စိုးဦးနဲ့ ဝလုံးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေကို ချိုးဖောက်မှုနဲ့ စွပ်စွဲထားပေမယ့် သူတို့ ၂ ယောက်ဟာ ရဲဝန်ထမ်းတွေက ဖိတ်ကြားလို့ သွားရောက်ခြင်းသာဖြစ်ပြီး သူတို့ကို ပေးလိုက်တဲ့ စာရွက်စာတမ်းတွေထဲက အချက်အလက်တွေဟာလည်း လူသိရှင်ကြား ဖြစ်ပြီးသားတွေပါလို့လည်း ရူးပါ့တ်က ပြောပါတယ်။ နောက်တကြိမ် ရုံးချိန်းက ဖေဖော်ဝါရီ ၆ ရက်နေ့ ဖြစ်ပါတယ်။ ရိုက်တာ သတင်းထောက်နှစ်ယောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေနဲ့ ဖမ်းဆီးပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။
4 years Ago
More News
Up