၂ နှစ်ကျော်အရွယ် မိန်းကလေးအား သက်ငယ်မုဒိမ်းပြုကျင့်တဲ့ ဖြိုးထက်အောင်ကို သေဒဏ်ပေးရေး တောင်းဆိုဆန္ဒထုတ်ဖော်ပွဲကို မတ္တရာမြို့နယ်မှာ ကျင်းပခဲ့ပြီး မြို့နယ် ၄ ခုက ဒေသခံ ၇၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၁၃ရက်နေ့က မန္တလေးတိုင်း မတ္တရာမြို့မြွေကတိုးဆိပ်နေထိုင်တဲ့ ၂ နှစ် ၅ လအရွယ် မိန်းကလေးကို မုဒိမ်းကျင့်ပြီး သတ်ပစ်ခဲ့တဲ့ ဖြိုးထက်အောင်ကို သေဒဏ်ပေးရေး ဆန္ဒပြု လက်မှတ်တွေ ကောက်ခံပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
မတ္တရာမြို့အဝင်ဒင်္ဂါးချောင်းကနေ မိုးကုတ်ကားလမ်းအတိုင်းလှည့်လည်ပြီး မတ္တရာဟစ်တိုင်ကွင်းကို သွားရောက်မှာ ဖြစ်ပါတယ်။
တရားဥပဒေစိုးမိုးရေး၊ သက်ငယ်မုဒိမ်း ပပျောက်ရေး၊ သက်ငယ်မုဒိမ်းသေဒဏ်ပေးရေး ဥပဒေပြဋ္ဌာန်းပေးရေး၊ သက်ငယ်မုဒိမ်းပြုကျင့်ခဲ့တဲ့ ဖြိုးထက်အောင်ကို သေဒဏ်အထိ ပေးရေး တို့ကို မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နဲ့ သပိတ်ကျင်းမြို့်နယ်အတွင်းက ကျေးရွာတွေက ရွာပေါင်း၂၀ ကျော်က အင်အား ၇၀၀ နီးပါးက တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မတ္တရာမြို့နယ် ရေချောင်းဘိုရွာမှာ အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်တယောက် အဓမ္မကျင့်ခံရပြီး သေဆုံးသွားတာပါ။
ဝန်စုရွာကို ထင်းလာခုတ်တဲ့ မြွေကူတို့ဆိပ်ရွာက လင်မယားနှစ်ယောက်ဟာ သမီးငယ်ကို ရွာထဲက အိမ်တအိမ်မှာ အပ်ခဲ့ပြီး အနားက တောတန်းမှာ ထင်းသွားခုတ်နေခဲ့ပါတယ်။ အဲဒီနောက် ကလေးပျောက်နေတယ်ဆိုတာ သိရလို့ ရွာသားတွေနဲ့အတူ လိုက်ရှာဖွေခဲ့ပြီး ရေချောင်းဘိုရွာနားက ငှက်ပျောစိုက်ခင်းနားမှာ အသက် ၂၅ နှစ်အရွယ်၊ ဝန်စုရွာသား ဖြိုးထက်အောင်က အဓမ္မ ကျင့်ကြံနေတာကိုတွေ့လို့ အော်ဟစ်ရာမှာ ဖြိုးထက်အောင် ထွက်ပြေးသွားပါတယ်။ ကလေးကို မတ္တရာဆေးရုံကိုပို့ပေမယ့် နာရီဝက် အကြာမှာပဲ သေဆုံးသွားတာပါ။ အဲဒီနောက် မန္တလေးဆေးရုံကြီးကိုပို့ပြီး ခွဲစိတ်စစ်ဆေးရာမှာတော့ အသက်ရှူလမ်းကြောင်းပိတ်ဆို့တာလို့ ဆရာဝန်က မှတ်ချက်ပေးထားပါတယ်။
လက်ရှိမှာတော့ ကျူးလွန်သူကိုလည်း ဖမ်းမိထားပြီး ရေနံ့သာနယ်မြေစခန်းမှာ မုဒိန်းမှုနဲ့ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၂ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။
၂၀၁၆ ခုနှစ်က တနိုင်ငံလုံးမှာ အသက် ၁၆ နှစ်အောက် ကလေးငယ်တွေ မုဒိန်းကျင့်ခံရမှု ၆၇၁ မှု ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ၈၉၇ မှု ဖြစ်လာလို့ အမှုပေါင်း ၂၀၀ ကျော်တိုးလာတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
5 years Ago