တောင်ဥက္ကလာတွင် AMI Meter စနစ် လာမည့် ၃ လအကြာမှ စတင်အသုံးပြုနိုင်မည်

July 29, 2019

တောင်ဥက္ကလာတွင် AMI Meter စနစ် လာမည့် ၃ လအကြာမှ စတင်အသုံးပြုနိုင်မည်

မီတာသုံးစွဲသူကိုယ်တိုင် မိုဘိုင်းဖုန်းကနေ စစ်ဆေးနိုင်မယ့် AMI Meter စနစ်ကို တောင်ဥက္ကလာပမြို့နယ်မှာ နောက် ၃ လလောက်မှာ စတင်အသုံးပြုနိုင်မယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဒါရိုက်တာ တဦးဖြစ်တဲ့  ဦးအောင်ကျော်ဦးက ပြောပါတယ်။ AMI မီတာ စနစ်ကို ရန်ကုန်တိုင်းဒေသကြီးထဲက ဒေါပုံမြို့ နယ်နဲ့  ပန်းဘဲတန်းမြို့ နယ်တို့မှာ Pilot Project အနေနဲ့ ဆောင်ရွက်ခဲ့ပြီး တောင်ဥက္ကလာပမြို့နယ်မှာ ဆက်လက် အကောင်အထည်ဖော်နေတာပါ။ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ဒါရိုက်တာ ၄ ဦးအောင်ကျော်ဦးက “မီတာတွေက တပ်ပြီးပြီ။ ဆက်သွယ်ရေးအပိုင်းတွေ ဆက်လုပ်နေပါတယ်။ နောက် ၃ လလောက်တော့ လိုသေးတယ်” လို့  ပြောပါတယ်။ AMI စနစ်ကို ရန်ကုန်တိုင်းဒေသကြီးထဲက မြောက်ဥက္ကလာ၊ မြောက်ဒဂုံ နဲ့ လမ်းမတော် မြို့နယ်တွေမှာလည်း တိုးချဲ့သွားဖို့ စီစဉ်ထားပါတယ်။ ဒါအပြင် ရန်ကုန်တိုင်းဒေသကြီးက ရွှေလင်ဗန်းစက်မှုဇုန်မှာလည်း Pilot Project အနေနဲ့ စမ်းသပ်တပ်ဆင်ဖို့  စီစဉ်နေပါတယ်။ Advance Metering Infrastructure-AMI လို့ခေါ်တဲ့ AMI စနစ်ဟာ မိုဘိုင်းဖုန်း အက်ပလီကေးရှင်းက မီတာဖတ်နိုင်ပြီး မီတာခကိုလည်း ပေးဆောင်နိုင်ပါတယ်။ ဒီစနစ်ဟာ လျှပ်စစ်ဓာတ် အားသုံးစွဲရာမှာ မသမာမှုတွေ ပြုလုပ်တာ၊ ယူနစ်အပြည့်အဝ မတက်တာ၊ ဓာတ်အားပျောက်ဆုံးတာတွေကို လျော့နည်းပပျောက်နိုင်မယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၈-၁၉ တနှစ်တာ ဓာတ်အားသုံးစွဲမှုယူနစ် သန်းပေါင်း ၉၂၃၃ ရှိပြီး ဓာတ်အားပျောက်ဆုံးမှု ယူနစ်သန်း ၁၂၈၂ ရှိတဲ့အတွက် ယူနစ်ပျောက်ဆုံးမှု ၁၃.၈၉  ရာခိုင်နှုန်း ရှိပါတယ်။ ဒေါပုံမြို့နယ်မှာ AMI စနစ်မတပ်ဆင်မီ ၂၀၁၆-၁၇ က ဓာတ်အားပျောက်ဆုံးမှု ၁၁.၁၄ ရာခိုင်နှုန်းရှိခဲ့ပြီး AMI စနစ် ဆောင်ရွက်အပြီး ၂၀၁၈-၁၉မှာ ၆.၆၂ ရာခိုင်နှုန်း လျော့ကျသွားကြောင်း၊ ပန်းဘဲတန်းမြို့နယ်မှာ AMI စနစ်ဆောင်ရွက်ဆဲကာလ ၂၀၁၈ မေလမှာ ဓာတ်အားပျောက်ဆုံးမှု ၉.၈၇ ရာခိုင်နှုန်းကနေ AMI ဆောင်ရွက်ပြီး ၂၀၁၉ ဇွန်လမှာ ၂.၁၄ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့တယ်လို့ YESC က ဇူလိုင် ၂၅ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
2 years Ago
Up