တောင်အာဖရိက ကျောင်းသူ

June 1, 2018

ဝစ်လစ်စလစ်ဖြင့် ဖျော်ဖြေခဲ့သည့် တောင်အာဖရိက ကျောင်းသူသံပြိုင်ဂီတအဖွဲ့ ဝေဖန်ခံနေရ

တောင်အာဖရိကနိုင်ငံမှ ကျောင်းသူလေးတွေပါဝင်တဲ့ သံပြိုင်တေးဂီတအဖွဲ့တဖွဲ့ဟာ ဝစ်လစ်စလစ်နဲ့ ဖျော်ဖြေမှုပြုလုပ်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ မြင့်တက်နေခဲ့တယ်လို့ ဘီဘီစီသတင်းမှာ မေလ ၃၁ ရက်နေ့က ဖော်ပြပါတယ်။ လက်ရှိမှာတော့ သူတို့အဖွဲ့ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဆင့်ခေါ်သွားမှာဖြစ်ပြီး ဒီရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ရှုပြီးနောက်မှာ သူ့အနေနဲ့ တော်တော့်ကို စိတ်ပျက်လက်ပျက် ဖြစ်မိတယ်လို့ ပညာရေးဝန်ကြီး အန်ဂီ မော့တ်ရှေဂါက ပြောပါတယ်။ အဲဒီမိန်းကလေးတွေဟာ ဇိုဆာလူမျိုးစုဝင်တွေ ဖြစ်ကြပြီး ဒေသအခေါ် အင့်ခ်ချိုင်ယို အမည်ရတဲ့ ရိုးရာခါးဖုံးအပေါ်ဝတ်စုံ တခုတည်းကိုသာ ဝတ်ဆင်ထားခဲ့ကြတာပါ။ “ဒါဟာ ကျမတို့ရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို ဆန့်ကျင်နေပြီး ဂုဏ်သိက္ခာမရှိတာကို ပြနေပါတယ်” လို့ ဝန်ကြီးက ပြောပါတယ်။ ဒါပေမယ့် ဇိုဆာ သံပြိုင်ဂီတအဖွဲ့ သင်တန်းမှူးကတော့ ဒါကို ငြင်းဆိုလိုက်ပြီး သူ့အနေနဲ့ ဒါကို ဂုဏ်ယူတယ်လို့ ပြောလိုက်ပါတယ်။ အမည်မဖော်ပြတဲ့ အဲဒီသင်တန်းမှူးက “ကျနော်/ကျမတို့ရဲ့ ဇိုဆာ ရိုးရာကို ဂုဏ်ယူပါတယ်။ အင့်ခ်ချိုင်ယိုကို ဝတ်ဆင်ရတာရော ဇိုဆာအမျိုးသမီးထုနဲ့ မိန်းကလေးငယ်တွေ အတွက်ပါ ဂုဏ်ယူပါတယ်” လို့ ပြောလိုက်တာပါ။ ဇိုဆာလူမျိုးစုတွေဟာ တောင်အာဖရိကနိုင်ငံရဲ့ ဒုတိယအကြီးဆုံး လူမျိုးစုတွေ ဖြစ်ကြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက တောင်အာဖရိကနိုင်ငံ၊ ကိတ်ပ်အရှေ့ပိုင်းခရိုင်မှာ ကျင်းပခဲ့တဲ့ သရုပ်ဖော်ပြိုင်ပွဲမှာ ပါဝင်ခဲ့ကြတာဖြစ်ပြီး သူတို့ကခုန်နေကြချိန်မှာ ရင်သားတွေနဲ့ တင်ပါးတွေကို ပေါ်ပေါ်ထင်ထင်ပြသလို ဖြစ်နေခဲ့တာမို့ ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။
3 years Ago
Up