တောင်အာဖရိကဆေးရုံခေါင်မိုး ကြောက်မက်ဖွယ်ပြိုကျ၊ လူပေါင်းများစွာ ပိတ်မိနေ

March 3, 2017

တောင်အာဖရိကဆေးရုံခေါင်မိုး ကြောက်မက်ဖွယ်ပြိုကျ၊ လူပေါင်းများစွာ ပိတ်မိနေ (ရုပ်သံ)

တောင်အာဖရိကနိုင်ငံမြို့တော် ဂျိုဟန်နစ္စဘာ့ဂ် ဆေးရုံခေါင်မိုးဟာ ကြောက်မက်ဖွယ် ပြိုကျခဲ့တဲ့အတွက် လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ပြီး အပျက်အစီးတွေအောက် ပိတ်မိနေသူတွေကို ရှာဖွေနေကြတယ်လို့ ဘီဘီစီသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ အဲဒီဆေးရုံဟာ ဒေသတွင်း အဓိကဆေးရုံတရုံဖြစ်ပြီး လက်ရှိမှာတော့ အပျက်အစီးတွေကြား ပိတ်မိနေခဲ့သူတွေကို ကယ်တင်ဖို့ ကယ်ဆယ်ရေးလုပ်သားတွေဟာ အပျက်အစီးတွေကို ဖယ်ရှားဖို့ ကိရိယာအကူအညီတွေ၊ အနံ့ခံခွေးတွေ အသုံးပြုပြီး ရှာဖွေနေကြတာပါ။ လက်ရှိမှာတော့ ဆေးရုံတက်ရောက်ကုသခံနေတဲ့ လူနာတွေ အပါအဝင် အသေးစား ထိခိုက်ဒဏ်ရာရရှိခဲ့သူ အနည်းဆုံး ၁၀ ဦးလောက်ရှိပြီး သူတို့ကို ဆက်လက်ကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဆေးရုံဧည့်ကြိုဆောင်ရဲ့ အပေါ်အမိုးခုံး ယိုစိမ့်မှုကို ဖာထေးဖို့  ပြုပြင်နေဆဲအချိန်မှာ ခုလိုဖြစ်ခဲ့တာလို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ မျက်မြင်တွေ့ရှိသူ အလုပ်သမားတဦးကတော့ “လူတွေ အလန့်တကြားအော်သံတွေ ကြားလိုက်ရတယ်။ အပျက်အစီးတွေအောက်မှာ လူတွေရှိနေတယ်” လို့ ပြောပါတယ်။ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့တွေကတော့ ဒီအပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ကူညီကယ်ဆယ်နိုင်ဖို့ လုပ်နေကြတာပါ။ မျက်မြင်တွေ့ရှိသူ နောက်တဦးကတော့ “ဆူညံသံတခုကို ကြားလိုက်ရတယ်။ ဖုန်တွေနဲ့ အပျက်အစီးတွေ နေရာအနှံ့ပဲ။ အောက်မှာ လူတွေ ဘယ်လောက်ပိတ်မိနေတယ်ဆိုတာ ကျနော်မသိပါဘူး” လို့ ပြောပါတယ်။ အဓိကအတိုက်အခံပါတီတခုဖြစ်တဲ့ ဒီမိုကရက်တစ်ညွန့်ပေါင်းပါတီကတော့ ဆေးရုံခေါင်မိုးပေါ် ကျောက်တုံးတွေ ရွှေ့ခဲ့ပြီးနောက်မှာ ခုလိုပြိုကျခဲ့တာလို့ ပြောပေမယ့် ဂူတန်ခရိုင် ကျန်းမာရေးဌာနကတော့ ခုလိုဖြစ်ရတဲ့ အကြောင်းရင်း အသေးစိတ်ကို မသိနိုင်သေးဘူးလို့ ပြောပါတယ်။
5 years Ago
Up