တောင်သူများ တောင်းဆို

June 20, 2017

မြိတ်မြို့တွင် သိမ်းဆည်းခံမြေယာပြန်ပေးရေး တောင်သူများ တောင်းဆို

မြိတ်မြို့မှာ မွေးမြူရေးဇုန် အကြောင်းပြ သိမ်းဆည်းထားတဲ့ မြေယာတွေကို ပြန်လည်ပေးအပ်ဖို့  တောင်သူတွေက တောင်းဆိုခဲ့ကြပါတယ်။ မြိတ်မြို့ မြိတ်တောင်နယ်မြေ အောင်မင်္ဂလာခန်းမမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုခဲ့ကြတာပါ။ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ တောင်သူ ဦးတိုးတက်နိုင်က “၂၀၀၂-၂၀၀၃ မှာ မွေးမြူဇုန်လုပ်မယ်ဆိုပြီး ကျနော်တို့မြေတွေကို သိမ်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိဘဲနဲ့ အခုမှ ကျနော်တို့ မူလပိုင်ရှင်တွေ ပြန်တောင်းတော့မှ လုပ်ငန်းရှင်တွေက ခြံတွေကို ဝင်ရှင်း၊ တောခုတ်တာတွေ လုပ်ပြလာပါတယ်။ ဒါတွေကို ဌာနဆိုင်ရာတွေကနေ သေချာစိစစ်ပြီး ကျနော်တို့ကို ပြန်လည်ပေးအပ်ဖို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။ ဒီမြေတွေကို ပြန်ရအောင် စိစစ်ဆောင်ရွက်ပေးရမယ့်သူက တိုင်းထွေအုပ်အတွင်းရေးမှူး ဦးကောင်းဇံဦးနဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်တို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဘုတ်ချောင်းကျေးရွာမှာ လွန်ခဲ့တဲ့ ၁၄ နှစ်က တပ်မတော်အစိုးရလက်ထက်က မြေတွေ သိမ်းဆည်းပြီး လုပ်ငန်းရှင်တွေကို ပြန်လွှဲပြောင်းပေးကာ  မွေးမြူရေးဇုန်တခု အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ ဇုန်အတွင်း နေရာတချို့မှာ   မွေးမြူရေးလုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ အိမ်ဆောက်ငှားရမ်းတာ၊ အလှပြင်ဆိုင်၊ ကုန်စုံဆိုင်နဲ့ လူနေအိမ်တွေ ဆောက်လုပ်နေတဲ့အပြင် တဆင့်ခံပြန်လည်ရောင်းချတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ မွေးမြူရေးဇုန်မှာ မြေသိမ်းခံတောင်သူ ၂၅ ဦးရဲ့ စုစုပေါင်း မြေယာ ၈၃ ဧက သိမ်းခံရာမှာ လျော်ကြေးလက်ခံခဲ့သူ ရှိသလို လျော်ကြေးလက်မခံသူတွေက ဘိုးဘွားပိုင်မြေယာတွေကိုသာ ပြန်ရအောင် အစိုးရအဆက်ဆက် တင်ပြတောင်းဆိုခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အခု ဇွန်လ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး တိတိကျကျ စိစစ်ဆောင်ရွက်ပေးဖို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရက ခရိုင်ကို ညွှန်ကြားစာ ပို့ထားပြီးဖြစ်ကြောင်းနဲ့  ဇွန်လ ၂၈ ရက်နေ့ကနေ တလအထိ  ဆောင်ရွက်မှုကို စောင့်ဆိုင်းမည်ဖြစ်ကာ တလကျော်သွားပါက သိမ်းဆည်းခံမြေများ ပြန်လည်ရရှိဖို့ ဆန္ဒပြ တောင်းဆိုသွားမယ်လို့ တောင်သူတွေက ပြောပါတယ်။   သတင်း - မြတ်ထွဋ်(မြိတ်)
4 years Ago

January 19, 2017

ယန်စီကုမ္ပဏီ သိမ်းဆည်းထားသည့်မြေယာကိစ္စ ဖြေရှင်းပေးရန် တောင်သူများ တောင်းဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ စံပယ်တောင်မှာ ကြေးနီထုတ်လုပ်နေတဲ့ မြန်မာယန်စီကုမ္ပဏီကို သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြးကိစ္စ တွေ့ဆုံရှင်းလင်းပေးဖို့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ဒေသခံတောင်သူတွေက စာရေးသား တောင်းဆိုလိုက်ပါတယ်။ ဒေသခံတွေက ကြေးနီစီမံကိန်းကနေ သိမ်းဆည်းတဲ့ မြေယာကိစ္စဖြေရှင်းပေးဖို့နဲ့ ကြေးနီစီမံကိန်းကနေ ရေဆိုးဖောက်ထုတ်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဇန်န၀ါရီ ၂၄ ရက်နေ့မှာ မြန်မာယန်စီကုမ္ပဏီရုံးခန်းမှာ တွေ့ဆုံဖြေရှင်းပေးဖို့ တောင်သူတွေက တောင်းဆိုလိုက်တာပါ။ အခုလိုတောင်းဆိုရတာဟာ ဒီအပေါ်မှာ ကုမ္ပဏီနဲ့ အစိုးရအဖွဲ့ရဲ့ ရှင်းလင်းဆောင်ရွက်ပေးမှု ကြန့်ကြာနေတာကြောင့်လို့ ဒေသခံတောင်သူ ကိုတင့်အောင်စိုးက ပြောပါတယ်။ “ဖြေရှင်းပေးဖို့ ကြန့်ကြာနေတဲ့အတွက် ကျနော်တို့အနေနဲ့ တရားဝင်စာတင်ပြီး တောင်းဆိုတာပါ။ သိမ်းဆည်းထားတဲ့ မြေယာလျော်ကြေးကိစ္စအပါအဝင် ကုမ္ပဏီဘက်က စွန့်ထုတ်လိုက်တဲ့ ရေဆိုးတွေကိစ္စလည်း ပါပါတယ်။ မြေယာလျော်ကြေးလည်း တဦးမှ မရသေးပါဘူး။ ကုမ္ပဏီဘက်က ၁ ဧကကို ၁၂ သိန်းဝန်းကျင် ပေးမယ်ဆိုပြီး တိုင်းအစိုးရရုံးကို စာတင်ထားတာ ရှိတယ်။ ဒီပမာဏက ကျနော်တို့ တောင်သူတွေအနေနဲ့ နည်းပါးလွန်းပါတယ်။ ဥပမာ လျော်ကြေးဆိုရင် လက်ပံတောင်းတောင်ကိစ္စ ရှေ့ပြေးရှိတယ်။ ကျနော်တို့ လိုချင်တာက လက်ပံတောင်းတောင်ဘက်က ပေးတဲ့ မြေယာလျော်ကြေးပမာဏအတိုင်းပဲ တန်းတူ လိုချင်တာပါ” လို့ ပြောပါတယ်။ ဒေသခံတွေ တောင်းဆိုနေကြတဲ့ မြေယာလျော်ကြေးကိစ္စအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိုက်ပျိုးရေးဝန်ကြီးက ဥက္ကဋ္ဌပြုလုပ်ပြီး လွှတ်တော်ကိုယ်စားတွေ ပါဝင်တဲ့ ညှိနှိုင်းစိစစ်ရေးအဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်နေတယ်လို့ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပြောပါတယ်။ “အဖွဲ့ ဖွဲ့စည်းပြီး မြေယာစာရင်းဇယားတွေ စစ်ဆေးနေပါတယ်။ သိမ်းခံထားရတာတွေက ၁၉၇၆ ခုနှစ်ကာလ အရင်ကုမ္ပဏီတွေကတည်း စပြီး သိမ်းခံခဲ့ရတာဆိုတော့ နှစ်ကာလတွေက တော်တော်ကြာပြီ။ သိမ်းဆည်းခံမြေယာတွေက လက်ရှိ ကုမ္ပဏီအဆောက်ဦအတွင်းထဲက အပိုင်းနဲ့ အပြင်ဘက်ကအပိုင်း နှစ်ပိုင်းရှိတယ်။ အပြင်ဘက်ကအပိုင်းကလည်း တချို့အရင်ကတည်း စိုက်ပျိုးလုပ်ကိုင်စားခဲ့ကြတယ်။ စာရင်းက မကွဲပြားဘူး ဖြစ်နေလို့ အသေးစိတ် ပြန်စိစစ်နေရတယ်။ လျော်ကြေးအနေနဲ့ ကုမ္ပဏီကလည်း သူပေးနိုင်တဲ့ ပမာဏကို ချပြတယ်။ ဒေသခံတွေဘက်ကလည်း သူတို့ လိုချင်တဲ့ ကိုက်ညီမယ့် ပမာဏကို တောင်းဆိုတယ်။ စာရင်းဇယားတွေ အတိအကျ ထွက်လာရင်တော့ အားလုံးအဆင်ပြေအောင် နှစ်ဖက်တွေ့ဆုံပြီး ညှိနှိုင်းရမှာပေါ့" လို့ ပြောပါတယ်။ စံပယ်တောင် ကြေးနီစီမံကိန်းအတွက် ဒေသခံကျေးရွာတွေရဲ့ လယ်ယာမြေယာဧကပေါင်း ၆၀၀၀ ကျော်ကို သိမ်းဆည်းခံထားရတာဖြစ်ပြီး တောင်သူတွေအနေနဲ့ လျော်ကြေးမရရှိခဲ့ဘူးလို့ သိရပါတယ်။ မြန်မာယန်စီကုမ္ပဏီအနေနဲ့ စံပယ်တောင်ကြေးနီစီမံကိန်းကို ၁၉၉၆-၁၉၉၉ နှစ်က စတင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး မြေယာ လျော်ကြေးပေးနိုင်မယ့် ပမာဏကို တိုင်းဒေသကြီးအစိုးရထံ တင်ပြထားတယ်လို့ သိရပါတယ်။ ရန်နိုင်စိုး
5 years Ago
Up