ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ဒီနေ့ မနက်ပိုင်းက လယ်ယာမြေအငြင်းပွားမှုနဲ့ ပတ်သက်လို့ တောင်သူတွေ မတရားထောင်ချခံရမှုအပေါ် တောင်သူ ၂၀၀ လောက် လမ်းလျှောက်ဆန္ဒပြခဲ့ ကြပါတယ်။
သံတွဲမြို့ တောင်သူလယ်သမားသမဂ္ဂအပါအဝင် မတရားထောင်ချခံရသူတွေရဲ့ မိသားစုဝင်တွေ၊ ဒေသခံတောင်သူတွေက ဆန္ဒပြကြတာဖြစ်ပြီး လယ်ယာမြေအငြင်းပွားမှု အပါအဝင် တောင်သူတွေ မတရားထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ် အခုလိုဆန္ဒပြတာလို့ တောင်သူတွေက ပြောပါတယ်။
တောင်သူ ဦးကျော်စိုးကို သံတွဲမြို့နယ် နက်မော်တောင်မှာ အငြင်းပွားနေတဲ့ မြေယာကိစ္စနဲ့ပတ်သက်လို့ သံတွဲမြို့နယ်တရားရုံး တရားသူကြီး ဦးကျော်ဇံဝင်းက အလုပ်နဲ့ ထောင်ဒဏ်၂ လ ချလိုက်တာလို့ ထောင်ဒဏ်ချခံရသူရဲ့မိသားစုဝင် ဦးကျော်လှက မီဒီယာတွေကို ပြောပါတယ်။
ဒီနေ့ ဆန္ဒပြပွဲမှာ နတ်မော်တောင် ၂၇ ဧက အနက်မှ ဒေါ်မာလာတင့်ရဲ့မြေ ၈.၈၉ ဧကနဲ့ သန်းနိုင် (ခ) ငဖြူ ရဲ့ မြေ ၂.၅၀ ဧကကို ခွဲခြား တိုင်းတာပြီး ဦးကျော်စိုးနဲ့ မိသားစုဝင်တွေ ကျူးကျော်မှု မရှိကြောင်း ဖော်ထုတ်ပေးရေး၊ ရာထူးအဆင့်အတန်းနဲ့ လျှော်ညီစွာ စဉ်းစားဆုံးဖြတ်တတ်တဲ့ တရားရုံးဝန်းထမ်းများ ခန့်အပ်ပေးရေး၊ ရာဇဝတ်ကြီးအမှတ်-၉၁၈/ ၂၀၁၇ နဲ့ ၉၁၉/၂၀၁၇ မှာ မြို့နယ်တရားသူကြီးမှ မြေတိုင်းတာရန် မလိုဆိုသော ဆုံးဖြတ်ချက်အား စိစစ်ပေးရေး စတဲ့ ပိုစတာတွေ ကိုင်ဆောင်ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြပွဲရဲ့ကြွေးကြော်သံတွေကတော့ ‘ခရိုင်နီများမှ တရားစီရင်ရေးယန္တရားကို အသုံးချ၍ အမှုအခင်းများ ဖန်တီးပြီး ဒေသခံများထံက လုယူနေမှုနဲ့ ထောင်ကျစေရန်ကြံစေမှု အလိုမရှိ၊ သံတွဲခရိုင်တရားရုံးမှ မြေတိုင်ကော်မရှင်ခန့်အပ်ပြီးမှ ခွင့်ရက်ရှည်ယူသွားသော မြို့နယ်မြေစာရင်း လ/ထ ဦးစီး ဦးတင်အေးအား စုံစမ်းစစ်ဆေးပြီး ထိရောက်စွာအရေးယူပေးရေး၊ အမှန်တရား ပေါ်ပေါက်အောင်ဆောင်ရွက်၍ မျှတမှန်ကန်စွာ တရားစီရင်ရေးများ ပေါ်ပေါက်လာရေး၊ အင်အားမျှတမှု သာတူညီမျှမှု ကောင်းမွန်ချမ်းသာရှိမှုကို ဒေသခံဌာနေတိုင်းရင်းသားများ၊ အကျိုး ခံစားခွင့်ရရှိရေး၊ မတရားအကျဉ်းကျခံနေရသော တောင်သူဦးကျော်စိုးနှင့် ပတ်သက်လို့ အမှန်တရားဖော်ထုတ်ပြီး မျှတမှန်ကန်မှုရှိအောင် ဆောင်ရွက်ပေးရေး’တို့ဖြစ်ပါတယ်။
ဆန္ဒပြပွဲကို ဒီနေ့နေ့လယ်ပိုင်း သံတွဲမြို့ အံတော်တံတားထိပ်ကနေ ဗိုလ်ချုပ်လမ်း၊ သစ္စာလမ်း၊ မြေစာရင်းရုံးနဲ့ မြို့နယ်တရားရုံး ခရိုင်တရားရုံးရှေ့ထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
သတင်း၊ ဓာတ်ပုံ - ၀ဏ္ဏခွာညို
3 years Ago