တောင်သူ

June 29, 2019

ဝမ်းတွင်းတွင် ငရုတ်သီးစိုက် တောင်သူများ ဈေးကောင်းရ၍ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်မှာ ငရုတ်သီးတွေကို တရုတ်နိုင်ငံသားတွေက ဈေးကောင်းပေးဝယ်ယူနေတာကြောင့် ငရုတ်စိုက်ပျိုးတောင်သူတွေ ဝင်ငွေကောင်းပြီး အဆင်ပြေနေပါတယ်။ ရိုးစုံရွာတောင်သူ ကိုစိုးဦးက "ငရုတ်သီးက ဖြိုင်ဖြိုင်တော့ မထွက်သေးဘူး။ ဖေဖော်ဝါရီလကုန်လောက်က စိုက်တဲ့သူတွေကတော့ သီးပြီပေါ့၊ တခါမှ မကြားဖူးတဲ့ဈေးပေးတယ်၊ ငရုတ်သီးအစိမ်း တတင်းကို ၄ သောင်းခွဲဈေးရတယ်၊ အရင်က တတင်းကို ၇ ထောင်ဈေးပဲရှိတယ်" လို့ ပြောပါတယ်။ ငရုတ်သီးရောင်းအဝယ်လုပ်သူ ကိုလှိုင်အေးက "၁ ပိဿာကို ၇ ထောင်ဈေး၊ တတင်းကို ၆ ပိသာခွဲလောက် အလေးချိန်ရှိတယ်၊ တတင်းကို ၄ သောင်းခွဲလောက်ပေါ့။ တရုတ်တွေ လာဝယ်ကြတယ်၊ ငရုတ်သီးအစိမ်းဆိုပြီးရောပဲ ဝယ်တယ်" လို့ ပြောပါတယ်။ ငရုတ်သီး ၁ ဧကစိုက်ပျိုးရင် ၁၀ သိန်းကနေ ၁၅ သိန်းလောက် အရင်းရှိပြီး ရက် ၁၅၀ ကျော်ရင် အသီးသီးပြီလို့ သိရပါတယ်။ ပြုစုမှုကောင်းပါက ရက် ၆၀ မှ ၉၀ အတွင်း အသီးတွေ ဆွတ်ခူးနိုင်ပါတယ်။ ငရုတ် ၁ ဧကကို တခါကောက်ရင် ၃ တင်းကနေ ၉ တင်းလောက်အတွင်း ကောက်နိုင်ပြီး အထွက်အနည်းဆုံးက တင်း ၁၅၀ လောက်ဖြစ်ပါတယ်။ အများဆုံး တင်း ၂၅၀-၃၀၀လောက်အထိ ထွက်ပြီး မိုးမရွာရင် ငရုတ်အထွက်နည်းတတ်တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
2 years Ago

April 19, 2019

နမ့်ခမ်းတွင် တရုတ်ဘက်မှ သီးနှံများ အ၀င်မခံသဖြင့် တောင်သူများ အရှုံးပေါ်

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ရှိ တရုတ်နယ်စပ်ဂိတ်မှာ ပြီးခဲ့တဲ့ အပတ်ကစပြီး ခြံထွက်သီးနှံတွေ တင်သွင်းခွင့် မရတော့တဲ့အတွက် ဒေသခံတောင်သူတွေ အရှုံးပေါ်နေတယ်လို့  နမ့်ခမ်းမြို့နယ် တောင်သူလယ်သမားအဖွဲ့က ပြောပါတယ်။ ဒီရာသီဟာ ဖရဲသီး၊ သီးစားပြောင်း နဲ့ နှံစားပြောင်းတွေ ထွက်ပေါ်ချိန်ဖြစ်ပြီး ခါတိုင်း ရွှေ လီမြစ်ကူး ကူးတို့ဆိပ်တွေကနေ တရုတ်ဘက်ခြမ်း နောင်တောင်းမြို့ကို တင်ပို့ရောင်းချလို့ ရပေမယ့် ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်လောက်ကစပြီး တရုတ်ဘက်ခြမ်း နောင်တောင်းစစ်ဆေးရေး ဂိတ်က အ၀င်မခံတာကြောင့် သစ်သီးတွေ ပုပ်အဲ့ပျက်စီးကုန်တာလို့ နမ့်ခမ်းမြို့နယ် တောင်သူ လယ်သမားအဖွဲ့ တွဲဘက်အတွင်းရေးမှူး စိုင်းဆာမ်မွန်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ဘက်က သီးနှံတွေ တရုတ်ဘက်ကို တရားဝင်လမ်းကြောင်းက သယ်သွားလို့မရတော့ဘူး။ ဘာဖြစ်လို့ပိတ်လဲဆိုတာ  တရုတ်ဂိတ်ဘက်ကိုမေးကြည့်တော့ သူတို့လည်း မသိဘူး၊ အထက်ကညွှန်ကြားထားတယ်လို့ပဲ ပြောတယ်။ တင်ပို့လို့မရတော့ အသီးအနှံတွေ ပျက်စီးတာပေါ့။ ဆုံးရှုံးမှုပမာဏတော့မသိဘူး၊ ခြံစိုက်သမားလည်းများတယ်လေ၊ တင်ပို့တဲ့အချိန်လည်း မတူကြဘူး။ တချို့ကလည်း  အဆက်အသွယ်နဲ့ တရားမ၀င်လမ်းကနေ သယ်သွားတယ်။ အဲဒီလိုသယ်တော့ အခန့်မသင့်ရင် အဖမ်းခံရနိုင်ပြီး သယ်ပေးတဲ့သူကလည်း စွန့်စားရတော့ ဈေးပိုပေးရတယ်။ ခါတိုင်း ကိုယ့်ဖာကိုယ်သယ်သွားရင် ဘယ်လောက်မှမကုန်ဘူး၊ အခု တရားမ၀င်လမ်းကတင်ရင် ထော်လာဂျီတစီးကို ၆ သောင်း ၅ ထောင်ပေးရတယ်၊ အရင်း နှီးပိုကုန်သွားတာပေါ့။” သူတို့အခက်အခဲကို ကူညီဖြေရှင်းပေးဖို့ နမ့်ခမ်းမြို့နယ် ထွေအုပ်ရုံးကိုရော မူဆယ်ခရိုင်ထွေအုပ်ရုံးကိုပါ စာတင်ထားပေမယ့် သင်္ကြန်ပိတ်ရက်နဲ့ တိုက်ဆိုင်သွားတာကြောင့်  လူကြီးတွေလည်းမရှိဘဲ ဒီနေ့ထိ ရုံးက ဘာမှ အကြောင်းပြန်မလာသေးဘူးလို့ ဆိုပါတယ်။ အခုလို မြန်မာဘက်ခြမ်းက ခြံထွက်သီးနှံတွေကို အ၀င်မခံပေမယ့်လည်း သဘာဝပတ်ဝန်းကျင်ပျက်စီးစေတဲ့ မီးသွေး၊ သဲ နဲ့ ဆီလီကွန်သတ္တုကျောက်တွေကိုတော့ တရုတ်ဘက်က ကုန်တင်ကားကြီးတွေနဲ့ နေ့ညမရွေး အချိန်မရွေး သယ်ဆောင်သွားလျက်ရှိကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိသူတွေအနေနဲ့ လာရောက်စစ်ဆေးပြီး တားမြစ်ပေးစေလိုတယ်လို့ စိုင်းဆာမ်မွန်က ပြောသွားပါတယ်။
3 years Ago
More News
Up