ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့ထဲမှာ တပ်စွဲထားတဲ့ မောက်ထ် စစ်သွေးကြွ အယောက် ၇၀၀ လောက်ထဲမှာ ကလေးစစ်သားတွေလည်း ပါနေနိုင်တယ်လို့ ဖိလစ်ပိုင်စစ်တပ်က ပြောပါတယ်။
ဒါပေမယ့် ကလေးဘယ်နှယောက်က စစ်သွေးကြွတွေနဲ့အတူ တိုက်ရင်း ကျန်ခဲ့လဲဆိုတာ ဆုံးဖြတ်ရ ခက်နေတာပါ။
အစောပိုင်း တပ်သားစုဆောင်းခဲ့သူကတော့ အသက် ၇ နှစ်ပဲရှိသေးတဲ့ ကလေးတဦးနဲ့ တခြားကလေးတွေ ပါတယ်လို့ ပြောခဲ့ပါတယ်။
မာရာဝီမြို့အတွင်း အစ္စလာမ္မစ် စစ်သွေးကြွတွေနဲ့ အစိုးရတပ်တွေ တိုက်နေတာ သီတင်းပတ် ၇ ပတ် ရှိနေပါပြီ။
စစ်သွေးကြွ ကျဆုံးမှုကြောင့် လူအင်အား နည်းလာနေပေမယ့် ခံစစ်ကို တင်းတင်းကျပ်ကျပ် တိုက်နေဆဲပါ။
သူတို့မှာ လက်နက်ခဲယမ်းတွေ အများကြီး ရှိနေတယ်၊ စစ်မဖြစ်ခင် တလလောက်တည်းက လက်နက်တွေ စုထားခဲ့ပြီးသားလို့ ကလေးစစ်သားအဖြစ် သင်တန်းပေး ခံခဲ့ရဖူးသူ အဗ္ဗဒူလာက ပြောပါတယ်။
အသက် ၁၇ နှစ်အရွယ် အဗ္ဗဒူလာဟာ စစ်သွေးကြွတွေနဲ့အတူ တိုက်ခိုက်ခဲ့ဖူးပါတယ်။
ဗလီတခုမှာ စုရုံးခိုင်းတာ ခံရအပြီး ကူညီဖို့ သူတို့နဲ့အတူ သွားရမယ်လို့ ပြောခဲ့ကြတယ်၊ အဲ့ဒီက လူအများအပြားဟာ ကလေးတွေပဲ၊ စခန်းကိုရောက်တော့ စစ်သင်တန်းပေးခံရတယ်၊ လခရတယ်လို့ သူက ပြောပါတယ်။
၃ လအကြာမှာ လွတ်မြောက်ခဲ့ပေမယ့် မွတ်စလင် အမျိုးသမီးတွေကို အစိုးရစစ်တပ်က သတ်နေတယ်လို့ ပြောတာ ကြားတဲ့အတွက် မာရာဝီက စစ်သွေးကြွတွေနဲ့ ပြန်ပေါင်းခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
"စစ်ပွဲအရှိန် မြင့်လာချိန်မှာ ခေါင်းဆောင်က ကျနော်တို့ကို မာရာဝီမြို့ကနေ ထွက်သွားခိုင်းတယ်၊ ဒါမှ သူတို့သေရင် လူငယ်တွေက တိုက်ပွဲကို ဆက်တိုက်နိုင်စွမ်းရှိမယ်လို့ သူကပြောတယ်" လို့ အဗ္ဗဒူလာက ပြောပါတယ်။
ဒါပေမယ့် စစ်သွေးကြွ စုဆောင်းရေးသမားတွေက လိမ်ပြောတာကို သဘောပေါက်အပြီးမှာ အုပ်စုကနေ ထွက်ပြေးလာခဲ့တယ်လို့ သူက ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံအတွင်း အိုင်အက်စ်တွေနဲ့ မဟာမိတ်ပြုထားတဲ့ စစ်သွေးကြွတွေက ကလေးစစ်သားသုံးတာဟာ တကယ်တော့ နှစ်ချီနေပြီလို့ အကြမ်းဖက်ဝါဒရေးရာ ပညာရှင်တွေနဲ့ စစ်တပ်က ပြောပါတယ်။
6 years Ago