တောင်ဆူဒန်တွင် ခရီးသည်တင်လေယာဉ်ပျက်ကျ၊ လေယာဉ်ပေါ်မှလူအားလုံး အသက်ရှင်

March 21, 2017

တောင်ဆူဒန်တွင် ခရီးသည်တင်လေယာဉ်ပျက်ကျ၊ လေယာဉ်ပေါ်မှလူအားလုံး အသက်ရှင် (ရုပ်သံ)

ခရီးသည် ၄၃ ဦးနဲ့ လေယာဉ်အမှုထမ်း ၆ ဦး တင်လာတဲ့ လေယာဉ်တစီး တောင်ဆူဒန်နိုင်ငံ မြောက်ပိုင်း ဝေါင်မြို့မှာ မတ်လ ၂၀ ရက် မွန်းလွဲပိုင်းက ပျက်ကျခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက အတည်ပြုပါတယ်။ လေယာဉ်ပေါ်ကလူအားလုံး အသက်ရှင်ပြီး ခရီးသည် ၃၇ ဦးကို ဆေးရုံ တင်ပို့ထားရတယ်၊ ကျန်တဲ့လူတွေက အခြေအနေ တည်ငြိမ်တယ်လို့ ပြည်နယ် ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။ လေယာဉ်ဆင်းသက်ချိန်မှာ မြင်နိုင်စွမ်းကျဆင်းနေလို့ လေယာဉ်နဲ့ မီးသတ်ကားတို့ တိုက်မိပြီး ပျက်ကျတာလို့ သူက ပြောပါတယ်။ ခရီးသည်တင်လေယာဉ်ဟာ လေဆိပ်မှာ ပျက်ကျအပြီး ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲမှာ ပေါက်ကွဲ မီးလောင်ခဲ့ပါတယ်။ လေယာဉ်ဟာ တောင်ဆူဒန်မြို့တော် ဂျူဘာကနေ ဝေါင်မြို့ကို ပျံသန်းလာခဲ့တာပါ။ လေယာဉ်ကို South Supreme လေကြောင်းလိုင်းက ပိုင်တယ်လို့ ဒေသခံမီဒီယာက အစီရင်ခံထားပါတယ်။ လေဆိပ်ဟာ တရုတ် ငြိမ်းချမ်းရေးတပ်သားတွေရဲ့ နေရာနဲ့ နီးပါတယ်။ မတော်တဆဖြစ်အပြီး တရုတ် ငြိမ်းချမ်းရေးတပ်သားတွေက အခင်းဖြစ်ရာကို အမြန်ရောက်လာကာ လူတွေကိုကယ်ပြီး မီးငြှိမ်းသတ်ခဲ့ကြပါတယ်။
5 years Ago
Up