တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယား သတိပေး

March 3, 2017

တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယား သတိပေး

တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို  မြောက်ကိုရီးယားနိုင်ငံက မတ် ၂ ရက်နေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပြီး လက်တုံ့ပြန်မယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်ဟာ မြောက်ကိုရီးယားကို ရန်စပြီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တဲ့အတွက် မြောက်ကိုရီးယားအနေနဲ့ ကြေညာခဲ့သလို အပြင်းထန်ဆုံး တန်ပြန်ဆောင်ရွက်မှုတွေကို ပြုလုပ်သွားမှာဖြစ်ကြောင်း၊ မိမိတို့ရေပိုင်နက်ထဲကို  ကျည်ခွံတခုကျရင်တောင်မှ မိမိတို့အနေနဲ့ အညှာအတာကင်းမဲ့တဲ့  စစ်ရေး တန်ပြန်ဆောင်ရွက်မှုတွေကို ချက်ချင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း  ကိုရီးယားပြည်သူ့တပ်မတော် စစ်ဦးစီးအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ပြောကြားချက်ကို နိုင်ငံပိုင် ကေအာရ်တီသတင်းဌာနက ကိုးကားဖော်ပြတာ ဖြစ်ပါတယ်။ အဲဒီ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့ မတ် ၁ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားအနေနဲ့ ခြိမ်းခြောက်ရန်စပါက အဆင်သင့်ဖြစ်အောင် ရည်ရွယ်တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးအဖွဲ့ ပြည်သူ့ရေးရာအကြီးအကဲ ရိုဂျယ်ချွန်းက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေချိန်မှာ အခုလို ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်တာဖြစ်ပြီး လာမယ့် ဧပြီလကုန်အထိ ဆက်လက်ပြုလုပ်သွားမယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
5 years Ago
Up