တောင်ကိုရီးယားနှင့်ဆွေးနွေးရန် မြောက်ကိုရီးယားက ဟော့လိုင်းပြန်ဖွင့်

January 3, 2018

တောင်ကိုရီးယားနှင့်ဆွေးနွေးရန် မြောက်ကိုရီးယားက ဟော့လိုင်းပြန်ဖွင့်

တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းမြို့မှာ လာမယ့် ဖေဖော်ဝါရီလ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ ပါဝင်နိုင်ရေး ဆွေးနွေးဖို့ တောင်ကိုရီးယားနဲ့ ဟော့လိုင်းပြန်ဖွင့်လိုက်ပြီလို့ မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။ ဇန်နဝါရီ ၃ ရက် ဒေသစံတော်ချိန် ၃ နာရီ မိနစ် ၃၀ မှာ မြောက်ကိုရီးယားဘက်က ဖုန်းခေါ်ဆိုခဲ့တယ်လို့ တောင်ကိုရီးယားက အတည်ပြု ပြောဆိုပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက တောင်ကိုရီးယားနဲ့ တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်၊ အိုလံပစ်ပွဲတော်ကို အသင်းတသင်း စေလွှတ်ဖို့ စဉ်းစားနေတယ်လို့ ပြောပြီးတဲ့နောက် အခုလို နှစ်နိုင်ငံကြား ဟော့လိုင်း ပြန်ဖွင့်ခဲ့တာပါ။ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံဟာ ၂၀၁၅ ဒီဇင်ဘာလကတည်းက ထိပ်တန်းအဆင့် ဆွေးနွေးမှု မလုပ်ဖြစ်ဘူးလို့ သိရပြီး ၂၀၁၆ ခုနှစ်မှာ ဖုန်းခေါ်ဆိုမှုတွေကို မြောက်ကိုရီးယားဘက်က ငြင်းပယ်ကာ ဆက်သွယ်ရေးချန်နယ်တွေကို ဖြတ်တောက်ခဲ့တာလို့ တောင်ကိုရီးယားအာဏာပိုင်တွေ အပြောအရ သိရပါတယ်။ မြောက်ကိုရီးယား တာဝန်ရှိသူတဦးကလည်း နှစ်နိုင်ငံကြားဆက်သွယ်ဖို့ ဟော့လိုင်း ပြန်လည်ဖွင့်လှစ်မယ့်အကြောင်း ဇန်နဝါရီ ၂ ရက်နေ့က ရုပ်သံသတင်းမှာ ကြေညာခဲ့တာပါ။ အမည်ဖော်ပြမထားတဲ့ အဲဒီမြောက်ကိုရီးယား တာဝန်ရှိသူက “ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ ဖြစ်နိုင်ချေရှိတဲ့ကိစ္စအပေါ် ကျနော်တို့ တကယ်လက်တွေ့လုပ်နေတဲ့သူတွေ ဆွေးနွေးပါမယ်” လို့ ပြောကြောင်း ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
3 years Ago
Up