အမေရိကန်စစ်တပ်က မြောက်ကိုရီးယားရဲ့ ဒုံးကျည်အန္တရာယ် ခြိမ်းခြောက်မှုကို ကာကွယ်ဖို့ တောင်ကိုရီးယားမှာ ဒုံးခွင်းဒုံးစနစ်တပ်ဆင်မယ့် ဒုံးခွင်းဒုံးစခန်း တည်ဆောက်ရေးပစ္စည်းတွေ ယူလာပြီလို့ တောင်ကိုရီးယား (Yonhap) ယွန်နပ်သတင်းက ဧပြီ ၂၆ ရက်နေ့က ဖော်ပြလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်အန္တရာယ်ကို ကာကွယ်ဖို့အတွက် အမေရိကန်နဲ့ တောင်ကိုရီးယားက ဒုံးခွင်းဒုံးစနစ် တပ်ဆင်ဖို့ သဘောတူညီခဲ့ကြတာပါ။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်အန္တရာယ်ကြောင့် ဒေသတွင်းလုံခြုံရေး မငြိမ်မသက် ဖြစ်နေချိန်မှာ တရုတ်က မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို တားမြစ်ပေးမယ်လို့ ပြောပါတယ်။
ဒုံးခွင်းဒုံးစတစ် တပ်ဆင်ဖို့သတ်မှတ်ထားတဲ့ (Seongju) ဆန်းဂျူးမြို့နယ်က ဂေါက်ကွင်းဟောင်းတစ်ခုဆီကို တပ်ဆင်မယ့် အစိတ်အပိုင်းတွေ သယ်ဆောင်လာတဲ့ အမေရိကန်က ကုန်တင်ယာဉ်တွေ ရောက်လာပြီလို့ ယွန်နပ်သတင်းနဲ့ YTN television တို့မှာ ဖော်ပြခဲ့တာပါ။
မြောက်ကိုရီးယားက ဒုံးကျည် ၄ လုံး စမ်းသပ်ပြီးချိန် မတ်လကနေစပြီး အမေရိကန်က အဆင်မြင့် ဒုံးခွင်းဒုံးစခန်း တည်ဆောက်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို စတင် သယ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားမှာ ဒီဒုံးခွင်းဒုံးစခန်းတည်ဆောက်မယ့် အစီအစဉ်ကို လက်မခံနိုင်လို့ ဆန္ဒပြသူတွေ ရှိတယ်လို့ သိရပါတယ်။
မေလ ၉ ရက်နေ့မှာ ကျင်းပမယ့် တောင်ကိုရီးယားရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပါတီတွေက ဒီစခန်းတည်ဆောက်မှုကို ဆက်လုပ်သွားမလား ဆက်မလုပ်ဘဲ ရပ်ထားပြီး သမ္မတရွေးကောက်ပွဲအပြီးမှ ဆက်လုပ်မလားဆိုတာကို ဆွေးနွေးနေကြပါတယ်။
အဲဒါကြောင့် အမေရိကန်နဲ့ တောင်ကိုရီးယားစစ်တပ် အရာရှိတွေက ဒီစခန်း တည်ဆောက်ရေးရဲ့ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုခြင်းမရှိဘူးလို့ သိရပါတယ်။
တောင်ကိုရီးယားမှာ ဒုံးခွင်းဒုံးစခန်းတည်ဆောက်တာကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်အစိုးရက တောင်ကိုရီးယားပိုင် ကုမ္ပဏီအချို့ကို သူ့နိုင်ငံတွင်းမှာ ခွဲခြား ဆက်ဆံမှုတွေရှိ ခဲ့တယ်လို့ သိရပါတယ်။
4 years Ago