မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်နေချိန်မှာ တောင်ကိုရီးယားသမ္မတက စစ်တပ် အမြင့်ဆုံးရာထူးဖြစ်တဲ့ ပူးတွဲကာကွယ်ရေး ဦးစီးအဖွဲ့ရဲ့ ဥက္ကဋ္ဌသစ်ကို ခန့်အပ်လိုက်ပါတယ်။
သြဂုတ် ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပူးတွဲကာကွယ်ရေးဦးစီးအဖွဲ့ ဥက္ကဋ္ဌသစ် ချောင်ကျောင်းဂျို (Jeong Kyeong-doo) ရဲ့ ရာထူးလက်ခံရယူတဲ့ပွဲကို သမ္မတ မွန်ဂျေအင်း တက်ရောက်ခဲ့ပြီး သမ္မတ တယောက်ရဲ့ တာဝန်နဲ့ အာဏာကိုသုံးကာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို ကာကွယ်သွားမယ်လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး သမ္မတ မွန်းဂျေအင်းက "တောင်ကိုရီးယားရဲ့ အမှီအခိုကင်းတဲ့ ကာကွယ်ရေးစွမ်းရည်တွေကို တိုးမြင့်အောင် လုပ်ဆောင်သွားမယ်။ ဝန်ရိုးသုံးချောင်း ကာကွယ်ရေးပလက်ဖောင်းကို ဖြန့်ကျက်သွားမယ်။ စစ်ပွဲကာလအတွင်း စစ်ဆင်ရေးကို အမိန့်ပေးထိန်းချုပ်ခွင့် အာဏာကို အမေရိကန်ဆီကနေ ပြန်လည်ရယူတဲ့ကိစ္စမှာ ထောက်ခံသွားမယ်" လို့ ပြောကြားသွားပါတယ်။
တောင်ကိုရီးယားရဲ့ ဝန်ရိုးသုံးချောင်း ကာကွယ်ရေးပလက်ဖောင်းဟာ လက်ဦးမှုအရယူ တိုက်ခိုက်ရေးစနစ်၊ လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေး၊ ပြင်းပြင်းထန်ထန် အပြစ်ပေး လက်တုံ့ပြန်တဲ့ မဟာဗျူဟာတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။
နောက်ပြီး ၂၀၁၄ ခုနှစ်က ဆိုင်းငံ့ထားခဲ့တဲ့ စစ်ပွဲကာလအတွင်းမှာ စစ်ဆင်ရေး အမိန့်ပေးထိန်းချုပ်နိုင်ခွင့်ကို အမေရိကန်ဆီကနေ တောင်ကိုရီးယားက ပြန်လည်ရယူဖို့ ကိစ္စကိုလည်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ထောက်ခံပြောဆိုခဲ့ပါတယ်။
တောင်ကိုရီးယားအနေနဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို တန်ပြန်တိုက်ခိုက်နိုင်စွမ်း မရှိသေးတာကြောင့် စစ်ပွဲကာလအတွင်း စစ်ဆင်ရေးကို အမိန့်ပေး ထိန်းချုပ်ခွင့်ပေးဖို့ အမေရိကန်က ၂၀၁၄ ခုနှစ်မှာ ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။
5 years Ago