Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲမှာ မြန်မာ ယူ-၂၃ အသင်းဟာ တောင်ကိုရီးယား ယူ-၁၉ အသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
ပွဲချိန် ပထမပိုင်းကတည်းက ကိုရီးယား ယူ-၁၉ အသင်းက ၃ ဂိုးသွင်းပြီး ဦးဆောင်နိုင်ခဲ့သလို ဒုတိယပိုင်း ပွဲချိန် ၅၇ မိနစ်မှာ တဂိုးထပ်သွင်းခဲ့လို့ ၄ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာပါ။
မြန်မာ ယူ-၂၃ အတွက် ချေပဂိုးတွေကို ပွဲချိန် ၇၅ မိနစ်မှာ ဒွေးကိုကိုချစ်၊ ၈၅ မိနစ်မှာ မြတ်ကောင်းခန့်နဲ့ ပွဲပြီးကာနီး ၉၁ မိနစ်မှာ ရန်နိုင်ဦးတို့က သွင်းယူပေးခဲ့ပါတယ်။
မြန်မာအသင်းဟာ အဓိကတိုက်စစ်မှူး အောင်သူကို ဒုတိယပိုင်းကျမှ အသုံးပြုခဲ့ပါတယ်။
မြန်မာ ယူ-၂၃ အသင်း နည်းပြချုပ် အန်တွမ်နီဟေးကတော့ ကိုရီးယားအသင်းကို ရှုံးခဲ့ပေမယ့် ကစားသမားတွေရဲ့ စွမ်းဆောင်မှုအပေါ် ဂုဏ်ယူတယ်လို့ ပြောပါတယ်။
ဆက်လက်ပြီး သူက ပွဲထွက်ကစားသမားစာရင်းမှာ အတွေ့အကြုံနည်းပါးတဲ့ လူငယ်တချို့ ပွဲထွက်စေခဲ့တာဟာ အာရှအားကစားပြိုင်ပွဲအတွက် ပြင်ဆင်ချင်တာကြောင့်ဖြစ်ပြီး နောက်လာမယ့်ပွဲတွေမှာ ကစားသမားအားလုံးကို အလှည့်ကျ အသုံးပြုသွားမယ်လို့လည်း ဆိုပါတယ်။
အခုပြိုင်ပွဲမှာ အသက် ၂၃ နှစ်ကျော် ကစားသမား ၃ ဦး အသုံးပြုခွင့်ပေးတာကြောင့် မြန်မာအသင်းက ဂိုးသမား ကျော်ဇင်ထက်၊ နောက်ခံလူ ဇော်မင်းထွန်းနဲ့ တိုက်စစ်မှူး ဒွေးကိုကိုချစ်တို့ကို ရွေးချယ်ခဲ့ပါတယ်။
ကိုရီးယား ယူ-၁၉ နည်းပြကတော့ မြန်မာအသင်းဟာ ပြီးပြည့်စုံတဲ့အသင်း မဟုတ်သေးပေမယ့် ၃ ဂိုးပြန်သွင်းခဲ့တဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်းကိုတော့ ချီးကျူး ပြောကြားခဲ့ပါတယ်။
မြန်မာ ယူ-၂၃ အသင်းဟာ Alpine Cup ပွဲစဉ်တွေအဖြစ် သြဂုတ် ၃ ရက်မှာ ဘာရိန်း ယူ-၂၃၊ သြဂုတ် ၅ ရက်မှာ ထိုင်း ယူ-၂၃ အသင်းတွေနဲ့ ဆက်ပြီး ကစားမှာဖြစ်ပါတယ်။
5 years Ago