တောင်ကိုရီးယားကို မသွားရန် ဟောင်ကောင်အာဏာပိုင်များ သတိပေး

June 10, 2015

တောင်ကိုရီးယားကို မသွားရန် ဟောင်ကောင်အာဏာပိုင်များ သတိပေး

တောင်ကိုရီးယားနိုင်ငံ မသွားကြဖို့ အနီရောင်အဆင့် ခရီးသွားသတိပေးချက်ကို ဟောင်ကောင် အာဏာပိုင်တွေက ဇွန် ၉ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံတွင်း အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်း ရောဂါ မားစ်ကြောင့် အသက်ဘေး ခြိမ်းခြောက်မှုတွေ တိုးလာနေလို့ ခုလို ထုတ်ပြန်တာပါ။ ဇွန် ၉ ရက်နေ့မှာ အစိုးရက ဒေသခံ ခရီးသွားလုပ်ငန်း အေဂျင်စီတွေနဲ့ အစည်းအဝေး လုပ်ခဲ့ပြီး ဒီလထဲမှာ တောင်ကိုရီးယားသွားမယ့် ခရီးသွားအုပ်စုတွေကို ခရီးစဉ် ဖျက်သိမ်းဖို့ အကြံပြုထားပါတယ်။ ဟောင်ကောင်ရဲ့ ခရီးသွားသတိပေးချက် စနစ်ထဲမှာ ဒုတိယအမြင့်ဆုံးဖြစ်တဲ့ ဒီသတိပေးချက်ဟာ ခရီးသွားအုပ်စု ၅၅၀ ထဲက ခရီးသည် အယောက် ၁ သောင်းလောက်အပေါ် သက်ရောက်မှု ရှိမှာပါ။ သူတို့စာချုပ် ချုပ်ထားတဲ့ ရက်စွဲအရ မတူခြားနားတဲ့ အဆင့်အလိုက် ငွေပြန်အမ်းမယ်လို့ ဆိုပါတယ်။ ဇွန် ၈ ရက်နေ့အထိ တောင်ကိုရီးယားမှာ မားစ်ရောဂါကြောင့် လူ ၇ ယောက် သေဆုံးပြီး ၉၅ ယောက်ကို ကူးစက်ခဲ့ပြီး ဖြစ်ပါတယ်။
6 years Ago
Up