တောင်ကိုရီးယားကလပ်

May 29, 2019

ပိုဟန်စတီးလားအသင်းက ဧရာဝတီယူနိုက်တက်ကို ၃ ဂိုး ၂ ဂိုးဖြင့်နိုင်

တောင်ကိုရီးယား ကေလိဂ်ကလပ် ပိုဟန်စတီးလားနဲ့ ဧရာဝတီယူနိုက်တက်တို့ရဲ့ ခြေစမ်းပွဲကို မနေ့ညနေက သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ရာ ပိုဟန်စတီးလားက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပိုဟန်စတီးလားအသင်းဟာ ယူ၂၃ ကစားသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံ ခြေစမ်းခရီးစဉ် ပထမပွဲမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ အနိုင်ရသွားတာပါ။ ဧရာဝတီယူနိုက်တက်အသင်းဟာ နိုင်ငံခြားသား ကစားသမားသစ်တွေကို စမ်းသပ်အသုံးပြုသွားပါတယ်။ ပိုဟန်စတီးလားအသင်းဟာ ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားပြီး ၄ မိနစ်နဲ့ ၆ မိနစ်တွေမှာ နှစ်ဂိုးဆက်သွင်းကာ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီ့နောက် ဧရာဝတီယူနိုက်တက်က ချေပဂိုးရဖို့ တိုက်စစ်ဆင်ကစားလာပြီး ပထမပိုင်းပြီးခါနီးမှာ တိုက်စစ်မှူး အောင်ကောင်းမာန်က ချေပဂိုးတဂိုး သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဧရာဝတီအသင်းက လူစားလဲမှုတွေ ပြုလုပ်ပြီး တိုက်စစ်အား မြှင့်ခဲ့သလို ပွဲချိန် ၅၃ မိနစ်မှာ လွင်မိုးအောင်က ဒုတိယချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ချေပဂိုးတွေ ပေးလိုက်ရပြီးနောက် ပိုဟန်စတီးလားအသင်း တိုက်စစ်တဖန်မြှင့်လာပြီး ပွဲချိန် ၇၆ မိနစ်မှာ အနိုင်ဂိုးသွင်းယူပြီး ပွဲအပြီးမှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပိုဟန်စတီးလားအသင်းဟာ ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် လာမယ့် မေလ ၃၀ ရက်နေ့မှာ မြန်မာ့လက်ရွေးစင် ယူ၂၂ အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
2 years Ago

May 27, 2019

တောင်ကိုရီးယားကလပ်နှင့် မြန်မာအသင်း ခြေစမ်းပွဲ ကံစမ်းမဲအစီအစဉ်များ ပါဝင်

တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားအသင်းနဲ့ မြန်မာယူ ၂၂ အသင်း၊ ဧရာဝတီယူနိုက်တက် အသင်းတို့ရဲ့ ခြေစွမ်းပွဲကို မနက်ဖြန် စတင်ကျင်းပမှာဖြစ်ပြီး ကွင်းဝင်ကြေး အခမဲ့နဲ့ ကံစမ်းမဲအစီအစဉ်တွေ ပါဝင်တယ်လို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ ဒီခြေစမ်းပွဲကို မြန်မာနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် မြန်မာပေါ်စကိုနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပတာပါ။ ကိုရီးယား K-League အသင်း ပိုဟန်စတီးလားဟာ ပထမခြေစမ်းပွဲအဖြစ် ဧရာဝတီ ယူနိုက်တက်အသင်းနဲ့ မေလ ၂၈ ရက် ညနေ ၅ နာရီ၊ ဒုတိယ ခြေစမ်းပွဲအဖြစ် မြန်မာ ယူ၂၂ အသင်းနဲ့ မေလ ၃၀ ရက် ညနေ ၅း၀၀ နာရီ ယှဉ်ပြိုင်ကစားမှာပါ။ ခြေစမ်းပွဲနှစ်ပွဲစလုံးကို သုဝဏ္ဏဘောလုံးကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ပွဲစဉ်တွေအားလုံး အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ကွင်းအဝင်ဂိတ်တွေမှာ လက်မှတ်ထုတ်ယူနိုင်ပါတယ်။ ကံစမ်းမဲအစီအစဉ်အရ လက်မှတ်တွေမှာ အမှတ်စဉ် ရေးထိုးပေးထားမှာ ဖြစ်တာကြောင့် လက်မှတ်တွေကို သေချာစွာ သိမ်းထားဖို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ ဆုမဲတွေကတော့ LG ၄၉ လက်မ TV ၄ လုံး၊ ဆမ်ဆောင်းဂလက်ဆီ ဟမ်းဆက် ၂ လုံး၊ Lotte Hotel မှာ တညတာ တည်းခိုနေထိုင်ခွင့် ၄ စောင်၊ Lotte Hotel မှာ ဘူဖေးသုံးဆောင်ခွင့် ၄ စောင်၊ ဘောလုံး ၂၂ လုံး၊ အင်္ကျီအထည်  ၅၀ တို့ ဖြစ်ပါတယ်။ ပွဲမစတင်မီမှာ ဖျော်ဖြေရေး အစီအစဉ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
2 years Ago
Up