တောင်ကိုရီးယားနိုင်ငံမှာ ဇူလိုင် ၁၂ ရက်နေ့က ခွေးချစ်သူတွေနဲ့ ခွေးသားစားသူတွေ နှစ်ဖွဲ့ ထိပ်တိုက် ဆန္ဒပြခဲ့ကြပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဇူလိုင် ၁၂ ရက်နေ့က ခွေးသားစားဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြခဲ့ကြပြီး အဲဒီဆန္ဒပြပွဲမှာ အမေရိကန်မင်းသမီး ကင်မ် ဘေဆင်ဂါလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။
“စကားမပြောနိုင်တဲ့ ခွေးတွေအတွက် ကျမတို့က သူတို့ရဲ့ အသံတွေကို ထုတ်ဖော်ပေးတာ” လို့ ကင်မ် ဘေဆင်ဂါက ကြွေးကြော်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ တဖက်မှာလည်း ခွေးသားစားသူတွေအဖွဲ့က ဆန္ဒပြနေပြီး သူတို့နှစ်ဖွဲ့အကြား ရဲတပ်ဖွဲ့ဝင်တွေက တန်စီ နေရာယူထားကြပါတယ်။
အမျိုးသားလွှတ်တော်အဆောက်အအုံရှေ့မှာ ခွေးချစ်သူတွေ အယောက် ၁၀၀ လောက်ဟာ ခွေးသေပုံတူရုပ်တွေကို ခုံပေါ်တင်ပြီး အနက်ရောင် ဆန္ဒပြ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ထားကြပါတယ်။
ခွေးတွေကို အသားအတွက် သတ်ဖြတ်တာကို ခွင့်ပြုထားတဲ့ တိရစ္ဆာန်ကာကွယ်ရေး ဥပေဒ ပြင်ဆင်ဖို့လည်း လွှတ်တော်ကို တောင်းဆိုခဲ့ကြပါတယ်။
“အသားစားဖို့အတွက် ခွေးတွေကို တရားမဝင် သတ်ဖြတ်တာကို ကျနော်တို့ ဆန့်ကျင်တယ်။ တိရစ္ဆာန်တွေကို သတ်ဖြတ်တာတွေ တားမြစ်ဖို့ ဥပဒေတရပ် ပြဋ္ဌာန်းပေးဖို့ လွှတ်တော်ကို တောင်းဆိုပါတယ်” လို့ တိရစ္ဆာန်အခွင့်အရေးအဖွဲ့အကြီးအကဲ ပက်ခ် ယူဆန်က ပြောပါတယ်။
ခွေးမွေးမြူရေးသမားတွေနဲ့ တောင်ကိုရီးယားခွေးသားစားအဖွဲ့ဝင်တွေဟာ တဖက်မှာ ခွေးသားစားပွဲတော် ပြုလုပ်နေကြပါတယ်။ ချိုဘိုလို့ခေါ်တဲ့ တောင်ကိုရီးယား ခွေးသားစားပွဲတော် တစိတ်တပိုင်းအနေနဲ့ အခုလို စားပွဲ ပြုလုပ်နေကြတာပါ။
“တိရစ္ဆာန်အခွင့်အရေးအဖွဲ့တွေအနေနဲ့ ငွေကြေးလှူတာတွေထက် တိရစ္ဆာန်တွေကို အကာအကွယ်ပေးဖို့ အဓိက ဦးစားပေးသင့်တယ်။ အစိုးရကလည်း အိမ်မွေးခွေးနဲ့ အသားအတွက် ခွေးတွေကို တရားဝင် ခွဲခြားသတ်မှတ်ပေးဖို့ တောင်းဆိုပါတယ်” လို့ တောင်ကိုရီးယား ခွေးသားစားအဖွဲ့ဝင် ဂျူယောင်ဘွန်က ပြောပါတယ်။
ခွေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် ပိုပြီးလက်ခံလာကြတဲ့ ဒီနေ့ခေတ်မှာတော့ တောင်ကိုရီးယားနိုင်ငံမှာ ခွေးသားစားသုံးမှုနှုန်း လျော့ကျလာခဲ့ပါတယ်။
ဒါပေမယ့် တောင်ကိုရီးယားနိုင်ငံမှာ ခွေးသားရောင်းချတဲ့ ခွေးမွေးမြူရေးခြံပေါင်း ခန့်မှန်းခြေ ၁၇၀၀၀ ကျော် ကျန်ရှိသေးတယ်လို့ တိရစ္ဆာန်ရေးရာ တက်ကြွလှုပ်ရှားရေးအဖွဲ့ HSI က ပြောပါတယ်။
2 years Ago