တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု

A d v e r t i s e m e n t With Us

March 8, 2016

တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု တရုတ် အလွန်အမင်းစိုးရိမ်

နျူကလီးယားကိစ္စနဲ့ စပ်လျဉ်းပြီး မြောက်ကိုရီးယားအပေါ်   ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံမှာ တာဝန်နဲ့ စွမ်းရည်ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီက မတ်လ ၈ ရက်နေ့ ပြောကြားချက်ကို ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့ အမေရိကန် အဆင့်မြင့်ဒုံးကျည်စနစ် ဖြန့်ကျက်မယ့်ကိစ္စ ဆွေးနွေးမှုတွေ စတင်လိုက်တဲ့အချိန်မှာ တရုတ်နိုင်ငံဘက်က နောက်ဆုံး ထုတ်ဖော်ပြောဆိုချက် ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံအပေါ် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ ခြောက်ပါတီ ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ အထောက်အကူ ဖြစ်စေရမှာ ဖြစ်ကြောင်းနဲ့ ပိတ်ဆို့အရေးယူမှု တခုတည်းက တင်းမာမှုတွေကိုသာ ပိုဆိုးဝါးစေလိမ့်မယ်လို့ သူက ထပ်လောင်း သတိပေးပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ဒီနှစ်အတွင်း နျူကလီးယားစမ်းသပ်မှုနဲ့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုတွေကြောင့် ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေ ချမှတ်ခဲ့ပါတယ်။ မတ် ၇ ရက်နေ့က တောင်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အရင်နှစ်ကထက် အင်းအားနှစ်ဆ တိုးမြှင့်ပြီး စတင်ခဲ့ပါတယ်။ မတ်လ ၇ ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့ထိ ဆောင်ရွက်မယ့် ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ တောင်ကိုရီးယား တပ်ဖွဲ့ဝင် ၃ သိန်းနဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၁ သောင်းခွဲ ပါဝင်မှာဖြစ်ပြီး မနှစ်က လေ့ကျင့်မှုအင်အားထက် နှစ်ဆရှိတယ်လို့ တောင်ကိုရီယား ကာကွယ်ရေးဝန်ကြီးက ပြောထားပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးအပေါ် ဆုံးဖြတ်ချက်ကို ပြည့်စုံကုံလုံတဲ့ လမ်းကြောင်းနဲ့သာ အကောင်အထည် ဖော်ရမယ်လို့ တရုတ် ဗဟိုရုပ်မြင်သံကြားကနေ ပြောဆိုခဲ့ပြီး ခြောက်ပါတီ ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရေးကို ပြန်စဖို့ အရေးကြီးတယ်လို့ မနေ့ကပဲ ထည့်သွင်းပြောခဲ့ပါသေးတယ်။ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟောင်လီကလည်း အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ကြောင်း မနေ့က နေ့တွင်းချင်း ရှင်းလင်းခဲ့ပါတယ်။ “ကိုရီးယားကျွန်းဆွယ်နဲ့ တရုတ်နိုင်ငံဟာ တောင်တန်းတွေ၊ မြစ်တွေ ချိတ်ဆက်နေပါတယ်။ ကျွန်းဆွယ်ပေါ်မှာ တည်ငြိမ်ရေးနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက အလွန်အမင်း စိုးရိမ်ပါတယ်”လို့ ပြောဆိုပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ တောင်ကိုရီယားနိုင်ငံမှာ အမေရိကန် အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကျက်ဖို့ ကိစ္စကို နှစ်နိုင်ငံ တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ သောကြာနေ့က တရားဝင် စတင်ဆွေးနွေးကြပါတယ်။ ကိုရီးယားကျွန်းဆွယ် တင်းမာမှုတွေကို မော်စကိုမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ အရှေ့မြောက်အာရှ လုံခြံမှုဆိုင်ရာ တရုတ်-ရုရှား နှစ်နိုင်ငံ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။ တောင်ကိုရီယားနိုင်ငံမှာ အမေရိကန် အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကျက်ဖို့ စီစဉ်တဲ့အပေါ် နှစ်နိုင်ငံစလုံးက အလေးအနက် စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုခဲ့ကြတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟောင်လီက ပြောပါတယ်။ ဒီဆောင်ရွက်ချက်ဟာ တင်းမာမှုတွေ ပြင်းထန်လာစေမယ်၊ ဒေသတွင်း မဟာဗျူဟာချိန်ခွင်လျှာကို ထိခိုက်စေမယ့်အပြင် တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံရဲ့ လုံခြုံရေးကို တိုက်ရိုက်ထိခိုက်စေလိမ့်မယ်၊ နှစ်နိုင်ငံလုံးက ဆန့်ကျင်တယ်လို့ သူက ပြောပါတယ်။ မနေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် စိုးရိမ်ကြောင်းနဲ့ ကိုရီးယားကျွန်းဆွယ်ပေါ်မှာ ပဋိပက္ခ ကျယ်ပြန့်မလာအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံတကာဥပဒေအရ စစ်ရေးအရ အရေးယူနိုင်တဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို မဆန့်ကျင်ဖို့လည်း မြောက်ကိုရီးယားနိုင်ငံကို သတိပေးခဲ့ပါတယ်။ ပူးတွဲစစ်ရေးမလေ့ကျင့်မီ မတ်လ ၆ ရက်နေ့က မြောက်ကိုရီးယားရဲ့ အုပ်ချုပ်နေတဲ့ အလုပ်သမားပါတီအာဘော် သတင်းစာမှာ တာဝန်ရှိသူတဦးက အမေရိကန်ပြည်ထောင်စုကို စစ်ရေးအရ ခြိမ်းခြောက်မှုကို ဆက်လက်ဖော်ပြခဲ့ပါတယ်။ ကျနော်တို့ရဲ့ပစ်မှတ်ဟာ အမေရိကန်ပြည်ထောင်စုလိုပဲ တောင်ကိုရီးယားအခြေပြု အမေရိကန်အခြေပြု စခန်းတွေ၊ အာရှ-ပစိဖိတ်ဒေသရဲ့ ကျန်အပိုင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
5 years Ago
Up